ဒီမိုကရေစီဖော်ဆောင်ရေးတွင် တပ်မတော်က ပြည်သူ့နောက်မှ လိုက်ရန်လိုအပ် – ဦးတင်ဦး

ရန်ကုန်

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြည်သူလူထုက ရှေ့မှဦးဆောင်၍ မြန်မာ့တပ်မတော်က နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ် နောက်ကလိုက်နိုင်ရေး ကြိုးပမ်းရန်တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။

“၂၀၀၈ အခြေခံဥပဒေအရ ကာလုံဖွဲ့ထားတဲ့ ၁၁ ယောက်မှာ အများစုဟာ စစ်တပ်ကဖြစ်နေတယ်။ အဲဒီတော့ ကာလုံ ဒီလိုရှိနေသမျှကာလပတ်လုံး စစ်တပ်က ဦးစီးဦးရွက်သွားမယ်။ ပြည်သူလူထုက နောက်ကလိုက်ခဲ့ဆိုတဲ့ ပုံစံပဲ။ တကယ်က ပြည်သူလူထုက ရှေ့ကသွားမယ်၊ စစ်တပ်က ဝန်ထမ်းကောင်းတွေအဖြစ် နောက်ကလိုက်နိုင်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ပြုပြင်ရမယ်။ ပြည်သူလူထုမေတ္တာရအောင် ပြန်လည်ပြုပြင်ဖို့ စစ်တပ်မှာ တာဝန်ရှိတယ်”ဟု ဧပြီ ၂၁ ရက်နေ့က ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စနေစာပေဝိုင်းတွင် ၎င်းက ပြောကြားလိုက်သည်။

စာဖတ်ဝိုင်း၌ ဒီမိုကရေစီတပ်မတော်ဆိုသည့် စာတမ်းကို ဖတ်ကြားခဲ့သူ စာရေးဆရာ ဦးသန်းစိုးနိုင်ကလည်း “ဗမာပြည်မှာ အစိုးရတစ်ရပ်မဟုတ်ဘူး။ အစိုးရနှစ်ရပ်ဖြစ်နေတယ်။ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမှာဆိုရင် စစ်တပ်က အစိုးရကို နာခံရမှာ။ အခုကျတော့ ပြည်သူလူထုတင်မြှောက်လိုက်တဲ့အစိုးရကပဲ စစ်တပ်ကို နာခံရမလိုအနေအထားတွေ ဖြစ်နေတယ်။ ဒါက ၂၀၀၈ အခြေခံဥပဒေနဲ့အတူ ကျွန်တော်တို့ပြုပြင်သင့်တဲ့ အရာတွေဖြစ်တယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပအပြီး ခြောက်ရက်အကြာတွင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်ဒေသများကို ထိုးစစ်ဆင်သည့်ဖြစ်ရပ်မျိုးသည် တပ်မတော်၏ ဦးဆောင်သည့် နိုင်ငံရေးအခြေအနေကို အစိုးရနှင့် ပြည်သူများ လိုက်ပါနေရသည့် အနေအထားမျိုးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားနှင့် စနေစာပေဝိုင်းကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ လူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနား သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် နာယက ဦးတင်ဦး တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဒီလှိုင်းစာစောင် တာဝန်ခံအယ်ဒီတာ မုံရွာအောင်ရှင်၊ စာရေးစရာဦးသန်းစိုးနိုင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

စနေစာပေဝိုင်းကို ၁၉၇၅ ခုနှစ်တွင် ဟံသာဝတီဦးဝင်းတင်က ဦးဆောင်ပြုလုပ်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် အပိတ်ခံရကာ ပျက်သွားခဲ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင်မှ ဦးဝင်းတင်ကို ဂုဏ်ပြုရန်ရည်ရွယ်လျက် ပြန်လည်ပြုလုပ်ခဲ့ရာ ယခုအကြိမ်မြောက်သည် ရန်ကုန်တွင်ပြုလုပ်သည့် လေးကြိမ်မြောက်ဖြစ်ကြောင်း စနေစာပေဝိုင်း ဖြစ်မြောက်ရေး(ရန်ကုန်)ကော်မတီမှ သိရသည်။

မန္တလေးမြို့တွင်မူ သုံးကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်းလည်း သိရသည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar