“ဒီပိုးက ကလေးတိုင်းကို ထိခိုက်စေပါတယ်” ရိုတာဗိုင်းရပ်စ် ကျွမ်းကျင်သူ

ကမ္ဘာပေါ်တွင် ကလေးများ သေဆုံးရသည့် အကြောင်းများအနက် ဝမ်းလျှောရောဂါသည် ထိပ်တန်းမှ ပါဝင်နေပြီး ရိုတာဗိုင်းရပ်စ်သည် ဝမ်းလျှောရောဂါကြောင့် သေဆုံးမှု၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည့်ရောဂါမှာ ဝမ်းလျှောရောဂါ စုစုပေါင်း၏ ထက်ဝက်ကျော် ရှိသည်။ ကလေးများအား ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးမည့် ကာကွယ်ဆေးထိုးပေးရန် လိုအပ်ပုံအကြောင်း အနှစ် ၄၀ ကျော် ယင်းရောဂါကို ကုသပေးလာခဲ့သူ အထူးကုပါရဂူ ဒေါက်တာ မာသူရမ် ဆန်တိုရှမ်က Frontier မှ အိုလီဗာ ဆလိုးကို ရှင်းလင်းပြောပြသည်။  

ရိုတာဗိုင်းရပ်စ်ပြဿနာနဲ့ ဒီပြဿနာမျိုး ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တဆိတ်လောက် ရှင်းပြပေးပါ။

ရိုတာဗိုင်းရပ်စ်ပိုးကို ကုသလာခဲ့တာ အခုဆို အနှစ်လေးဆယ်ကျော် ရှိသွားပါပြီ။ ဒီဗိုင်းရပ်စ်ပိုးကို ၁၉၇၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိပြီးတဲ့နောက် နှစ်စဉ် ကလေးသေဆုံးမှုက သန်း ၂၀ ရှိနေပါတယ်။ ဒီအထဲက ဝမ်းလျှောရောဂါနဲ့ သေဆုံးရတဲ့ ကလေးက ငါးသန်းလောက် ရှိပါတယ်။ ဒါကြောင့် ဝမ်းလျှောရောဂါကြောင့် သေဆုံးတဲ့ကလေးက ခြောက်စက္ကန့်မှာ တစ်ယောက်နှုန်း ဖြစ်နေတဲ့သဘော ရှိပါတယ်။

ရေဓာတ် ခန်းခြောက်တာကို ကာကွယ်တဲ့ ဓာတ်ဆားရေ တိုက်ကျွေးမှုလို အစီအမံတွေကြောင့်  ဝမ်းရောဂါကြောင့် သေဆုံးမှုကို နှစ်စဉ် ၅၀၀,၀၀၀ လောက်အထိ ကျဆင်းလာအောင် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ သေဆုံးနှုန်းက များနေတုန်းပဲဆိုပေမဲ့ အရင်က ရှိခဲ့တဲ့နှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၀ ဆလောက် ကျဆင်းခဲ့ပါတယ်။

ဝမ်းလျှောရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပထမတော့ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၇၃ ခုနှစ်မှာ ဒေါက်တာ ရုသ် ဘစ်ရှော့က ရိုတာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီး အကြောင်းရင်းကို ပိုမိုနားလည်လာခဲ့ပါတယ်။ ဒီနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ရှာဖွေစူးစမ်းမှုတွေကို စတင်ဆောင်ရွက်လာခဲ့ပါတယ်။ ဝမ်းရောဂါ ဖြစ်ပွားမှုတွေထဲမှာ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားမှုက နေထိုင်ရာဒေသပေါ် မူတည်ပြီး ရာခိုင်နှုန်း ၃၀ ကနေ ၅၀ ကြားမှာ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံမှာက ဒါ့ကြောင့်ဖြစ်တာ ရာခိုင်နှုန်း ၅၀ နီးပါး ရှိပါတယ်။ 

ဒီပိုးကြောင့် သေဆုံးရတဲ့ဦးရေက အကြမ်းအားဖြင့် ရာခိုင်နှုန်းဘယ်လောက် ရှိနိုင်ပါသလဲ။

နိုင်ငံအလိုက် ကွာခြားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းရတဲ့ အနောက်နိုင်ငံတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးတဲ့ကလေး မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံမှာ ရန်ကုန်လို နေရာမျိုးမှာတော့ သေဆုံးနှုန်း အရမ်းနည်းပါတယ်။ ကျေးလက်ဒေသတွေ၊ အထူးသဖြင့် နေရပ်စွန့်ခွာလာရတဲ့ နေရာတွေမှာတော့ သေဆုံးမှု တော်တော်များပါတယ်။

ဒီကိစ္စက ကလေးတိုင်းကို ထိခိုက်စေတဲ့ကိစ္စပါ။ ထိခိုက်မခံရတဲ့ကလေး ရှိရင်လည်း တကယ်တော့ တော်တော် ထူးဆန်းတဲ့ကိစ္စပါ။ အသက်ကြီးသူတွေမှာလည်း ကလေးတွေလိုပဲ ရောဂါခံနိုင်စွမ်းရည် ကျတာကြောင့် အန္တရာယ်ကျရောက်မှု မြင့်မားပါတယ်။

ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်က ဘာပါလဲ။

ဒါက ကျွန်တော့်အတွက် မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံး ခရီးစဉ်ပါ။ ကျွန်တော်တို့ ဆောင်ရွက်ရမှာက ဒီရောဂါတွေကို သက်ဆိုင်ရာနိုင်ငံတွေ ပိုမိုနားလည်လာအောင် ကြိုးစားကူညီဖို့နဲ့ ရိုတာဗိုင်းရပ်စ်ကို ကာကွယ်ရာမှာ အကောင်းဆုံးဖြစ်တဲ့ ကာကွယ်ဆေး ထိုးတာနဲ့ပတ်သက်ပြီး အသိရှိရှိ ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို ဈေးကွက်တင်ရောင်းရုံနဲ့ မလုံလောက်တဲ့အတွက် ကုလသမဂ္ဂ အေဂျင်စီတွေ၊ ဖောင်ဒေးရှင်းတွေ၊ ထုတ်လုပ်သူတွေနဲ့ အကူအညီပေးရေး အေဂျင်စီတွေက ဂါဗီ GAVI ဆိုတဲ့အဖွဲ့အစည်း တစ်ခုကို စတင်ဖွဲ့စည်းနေပါပြီ။ နိုင်ငံအများအပြားမှာက ငွေမရှိပါဘူး။ ဒါကြောင့် GAVI ကို ဖွဲ့စည်းရတဲ့ နောက်ကွယ်ကရည်ရွယ်ချက်က နိုင်ငံတွေက အဖွဲ့ထဲကို ငွေထည့်ပေးမယ်။ ဒီနည်းနဲ့ မြန်မာနိုင်ငံလို ငွေကြေးမတတ်နိုင်တဲ့ နိုင်ငံတွေအတွက် မတည်ရန်ပုံငွေ ချပေးနိုင်ပါတယ်။ အချိန်ကြာလာလို့ သူတို့ရဲ့စီးပွားရေးအဆင့် တိုးတက်မြင့်မားလာမယ်ဆိုရင် ကုန်ကျစရိတ်ကို သူတို့ဘာသာ ကျခံသွားမယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တော့ ဒီကိစ္စက နေ့ချင်းညချင်း ဖြစ်လာမယ့်ကိစ္စတော့ မဟုတ်ပါဘူး။

မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေးငယ် ဝမ်းရောဂါဖြစ်ပွားမှုများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှာ ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေးငယ် ဝမ်းရောဂါဖြစ်ပွားမှုများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှာ ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ဒါကြောင့် ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုကတော့ ကလေးအထူးကု ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီရောဂါအကြောင်းကို အသိပေးရပါမယ်။

ကလေးငယ်တစ်ယောက် ဝမ်းရောဂါဖြစ်ရင် ရေဓာတ်ဆုံးရှုံးဖို့ လွယ်ကူပြီး ရေဓာတ်ခန်းခြောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပါတယ်။ ကလေးငယ်တစ်ဦး ရေဓာတ် သိပ်ကိုခန်းခြောက်လာတဲ့အခါ သူ့ကို ချက်ချင်း မကုသရင် ကလေးငယ် အသက်ဆုံးရံှုးနိုင်ပါတယ်။

အရှေ့တောင်အာရှနဲ့ပတ်သက်ပြီး သီးခြားစိန်ခေါ်မှုတွေ ရှိပါသေးသလား။

ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အာရှဒေသက ကာကွယ်ဆေးအသစ်ကို လက်ခံသုံးစွဲရာမှာ တော်တော်လေး နှေးကွေးတဲ့ လက္ခဏာ ရှိပါတယ်။

ယေဘုယျအနေနဲ့ အာရှဒေသက အရေးယူဆောင်ရွက်တာ မလုပ်ခင်မှာ ကိန်းဂဏန်း အချက်အလက်တွေကို သူတို့ဘာသာ သူတို့ ပြုစုချင်ကြပြီး နေရာဒေသ အတော်များများမှာက စူးစမ်းလေ့လာမှုစနစ်တွေ ကောင်းကောင်း မရှိပြန်ပါဘူး။ ကိန်းဂဏန်း အချက်အလက် မှန်မှန်ကန်ကန် မရှိဘူးဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ခက်ပါတယ်။

လောလောဆယ်မှာ အိပ်ချ်ဝမ်းအင်န်ဝမ်းရောဂါ H1N1 ကို ကုသပေးနေရပါတယ်။ တခြားရောဂါတွေကို ကုသပေးတဲ့နေရာမှာ အစိုးရတွေအနေနဲ့ ရိုတာဗိုင်းရပ်စ်လိုမျိုး အလေးပေးဆောင်ရွက်ရတာတွေ ရှိသလား။

ဝမ်းရောဂါလိုရောဂါမျိုးက စည်းရုံးဆောင်ရွက်ရတာ အမြဲတမ်း အလွန်ခက်ခဲပါတယ်။ ရောဂါအမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းရတာ အမြဲတစေ ခက်ခဲတတ်ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ချက်က တနည်းနည်းနဲ့ ဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ကျဆင်းလာတဲ့အခါ ကာကွယ်ဆေးကို ဘာကြောင့်ထိုးရမှာလဲလို့ လူတွေက မေးတတ်တဲ့ ပြဿနာပါပဲ။ တကယ်တော့ အချိန်ကြာကြာ စောင့်လိုက်ရင် ရေနဲ့ မိလ္လာစနစ်တွေ တိုးတက်ကောင်းမွန်လာပြီး နောက်ဆုံးမှာ ရောဂါဖြစ်ပွားမှု ကျဆင်းလာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအတောအတွင်းမှာ ကလေးတွေ အသက်ဆုံးရှုံးနေပါတယ်။

ထပ်ပြီးပြောစရာရှိတာက ကျွန်တော်တို့ ရန်ကုန် ကလေးဆေးရုံကြီးက ကလေးအထူးကုဆရာဝန်တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆေးရုံကို ရောက်လာတဲ့အထဲမှာ ဝမ်းလျှောရောဂါက တတိယအများဆုံး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ဒါကြောင့် ရှေ့တန်းလုပ်သားတွေက ဆက်နွှယ်မှုတွေကို သိမြင်ပြီး သူတို့က အစိုးရနဲ့ ဆက်ဆံဆောင်ရွက်မယ်။ သူတို့အသံကို လက်ခံနားထောင်မယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားတွေကို အခြေခံတဲ့ မူဝါဒတွေ ချမှတ်ဖ့ို အစိုးရကို အကူအညီပေးရာမှာ တိုးတက်ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar