သတင်း – နော်ဆိုင်း၊ ဓာတ်ပုံ – ခွန်းလီ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်း စံပြကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်က ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသော ဒီပါဝလီ အထိမ်းအမှတ်ပွဲတော်၌ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တိုက်တွန်းပြောဆိုသည်။
“မျှမျှတတ ခံစားရရှိဖို့နဲ့ အမုန်းတရားတွေ ကင်းဝေးဖို့ဟာ ငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့ တရားတွေ ဖြစ်ပါတယ်၊ ဒါတွေဖြစ်ဖို့ အစိုးရကလည်း ဆောင်ရွက်နေပါတယ် ပြည်သူတွေကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုပါတယ်” ဟု ဝန်ကြီးက ပြောသည်။
အမျိုးသား ဒီမိုကရေစီအစိုးရက မည်သည့်မျိုးနွယ်စုကို မဆို ခွဲခြားဆက်ဆံခြင်း ပြုလုပ်မည် အစိုးရ မဟုတ်ကြောင်းနှင့် အားလုံးသည် လူသားမျိုးနွယ်စုများသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။
ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသော ယခုဒီပါဝလီပွဲတော်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဟိန္ဒူလူငယ်များက ဦးဆောင်ကျင်းပသော ပွဲဖြစ်သည်။ ပွဲတော်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးတို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆောရက်(ဘ်)ကူးမား၊ နိပေါသံရုံးမှတာဝန်ရှိသူများနှင့် ဟိန္ဒူဘာသာဝင်အကြီးအကဲတို့လည်း တက်ရောက်ကြသည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော ဟိန္ဒူလူမျိုးများသည် နယ်ချဲ့ဗြိတိသျှလက်ထက် ၁၉ ရာစုကုန်မှ စ၍ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်လုပ်ရန် ခေါ်ဆောင်ခံခဲ့ရသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၄၀ ခန့် နေထိုင်လာသောသူများဖြစ်သည်။