တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် သြဂုတ်လ ၂၉ ရက်က အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ ထောင်ဒဏ် တစ်နှစ်တွင် ချုပ်ရက်ကိုထုတ်နုတ်ခံစားခွင့်ပြုကြောင်း အင်းစိန်တရားသူကြီးက ချမှတ်သည့်အမိန့်တွင် ထည့်သွင်းပြောကြားသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးအသုံးပြုသည့် ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်တွင် မတ်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း ရေးသားထားသည့် ပို့စ်များသည် တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (က)တို့ဖြင့် ဧပြီလ ၁၂ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုခံရ၍ ထိန်းသိမ်းခံထားရချိန်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အသည်းကင်ဆာကုသပြီးကာစ ကာလဖြစ်နေပြီး ကျန်းမာရေးအာမခံ လျှောက်ထားခဲ့သော်လည်း အင်းစိန်မြို့နယ်တရားရုံးက ပယ်ချခဲ့သည်။
“တပ်မတော်က တရားစွဲဆိုမှုခံထားရတာကို အပြီးသတ်အမိန့်ချမှတ်မယ်ဆိုတော့ ကျွန်တော်တို့ မိသားစုဝင်တွေကတော့ အဆိုးဆုံးကိုပဲ ကြိုတင်မျှော်လင့်ထားခဲ့ကြတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ထောင်ဒဏ်ချမှတ်ခံရတယ်” ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ တူဖြစ်သူ ကိုကျော်ဆက်နိုင်ကပြောသည်။
မိသားစုဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများကို တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးနေသော်လည်း ပြင်ပတွင် ဆေးကုသမှုခံယူရသလောက် အဆင်မပြေလှကြောင်း ၎င်းကဖြည့်စွက်ပြောသည်။
အပြီးသတ်အမိန့်ချမည့် ရုံးချိန်းသို့ တက်ကြွလှုပ်ရှားသူများကလည်း လာရောက်ဝန်းရံခဲ့ကြပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်သည့် တပ်မတော်၏ အမှုဖွင့်အရေးယူများကို ကန့်ကွက်ရှုတ်ချသည့် စာသားပါ အပြာရောင်အင်္ကျီများဝတ်ဆင်ကာ ငါးကြိမ်မြောက် Blue Shirt Campaign ကို လုပ်ဆောင်ခဲ့ကြသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့်ပတ်သတ်ပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း မကြာခဏ တိုက်တွန်းရေးသားလေ့ရှိသူဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အင်းစိန်အကျဉ်းထောင်အတွင်း၌ Frontier Myanmar နှင့် သီးသန့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် တပ်မတော်ကို နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်နေခြင်းတို့ကို တရားစွဲဆိုမခံရသေးမီ ကာလများတွင်လည်း အမြဲ တိုက်တွန်းရေးသားခဲ့ကြောင်း၊ နောင်လည်း စွမ်းနိုင်သည့်ဘက်မှ တိုက်တိုက်တွန်းတွန်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
“တကယ်တမ်းပြောရရင် ကျွန်တော် တပ်မတော်နဲ့ပတ်သတ်ပြီး ပို့စ်တင်တာ အခုမှမဟုတ်ဘူး။ ဟိုးအရင်နှစ်တွေကတည်းက တင်ခဲ့တာပဲ။ ဒါပေမဲ့ အခုမှ တရားအစွဲခံရတယ်ပေါ့နော်။ ဒါကလည်း ၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဆိုတော့ တပ်မတော်ရဲ့ နိုင်ငံရေးသဘောထားကို ပြတယ်လို့ပဲ ယူဆစရာရှိတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မှတ်ချက်ပြုသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ချက်များထုတ်ခဲ့ကြပြီး ရုပ်ရှင်ဖန်တီးသူ filmmaker တစ်ထောင်ကျော်တို့က စုပေါင်းလက်မှတ်ထိုးကာ တောင်းဆိုခဲ့ကြသည်။