ဒဂုံတက္ကသိုလ်အနီးမှ လယ်မြေများ ပြန်လည်ရရှိရန် လယ်သမားများ တောင်းဆို

ရန်ကုန်၊ မတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမည်ဖြင့် သိမ်းယူသွားခဲ့သည်ဟူသည့် လယ်မြေများအား ပြန်လည်ပေးအပ်ရန် လယ်သမားအချို့က ရန်ကုန်မြို့လယ်တွင် ယမန်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“လယ်သမားတွေကို အစည်းအဝေးခေါ်ပြီး နှုတ်မိန့်နဲ့ သိမ်းခဲ့ကြတာ။ ဘာတရားဝင်စာမှလည်း ထုတ်မထားခဲ့ဘူး။ အစိုးရသစ်တက်လာတော့ ပြန်ရမလားလို့ မျှော်လင့်ထားတာ။ ဟိုလွှဲချ၊ ဒီလွှဲချနဲ့ ဘာမှဖြစ်လည်း ဖြစ်မလာဘူး။ လယ်သမားတွေ လုပ်စားစရာမရှိလို့ ထမင်းငတ်နေပီ”ဟု ဆန္ဒပြ လယ်သမားတစ်ဦးဖြစ်သူ ငါးဖယ်ချောင်ရွာမှ လယ်သမား ဦးဘရှိန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်မှ လယ်ယာမြေဧက ၂,၀၀၀ ကျော်ကို ဒဂုံတက္ကသိုလ် အဆောက်အအုံများ ဆောက်လုပ်ရေးအတွက်ဟုဆိုကာ ပညာရေးဌာနက ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် သိမ်းဆည်းခဲ့သည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်သမားများထံမှ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်အပ်နှင်းရန် အစိုးရက ထုတ်ပြန်သောအခါ ကျောင်းအဆောက်အအုံများ ဆောက်လုပ်မထားဘဲ ပိုလျှံနေသော မြေအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီရုံး အမည်ပေါက်ဖြစ်နေသည်ဟုဆိုကာ မူလပိုင်ရှင်လယ်သမားများထံ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း ၎င်းတို့က ပြောကြားကြသည်။

“သိမ်းဆည်းစဉ်တုန်းက ပညာရေးအတွက် တက္ကသိုလ်မြေဆောက်လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းခဲ့ကြတာ။ ဧက ၄၀၀ လောက်ပဲ ကျောင်းအဆောက်အအုံဆောက်ပြီးတော့ ပိုလျှံနေတဲ့ မြေတွေကို ပြည်ခိုင်ဖြိုးနာမည်အသုံးပြုပြီး ကုမ္ပဏီတွေ ရောင်းစားပြီး ကိုယ်ကျိုးစီးပွားရှာနေကြတဲ့အတွက် တောင်သူလယ်သမားတွေ နစ်နာနေပါတယ်”ဟု ဆန္ဒပြမှုကို လာရောက်ဝန်းရံသူ ရှစ်လေးလုံး အနာဂတ် မြန်မာနိုင်ငံတော် ပြည်သူ့အင်အားစု ဗဟိုဒုဥက္ကဋ္ဌ ဦးတင်ထွဋ်ဇော်က ပြောကြားသည်။

အဆိုပါ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါပွဲကို မကွေးဆရာတော် ဦးပါမောက္ခက ဦးဆောင်ခဲ့ကာ လယ်သမား ၃၀ ဦးခန့်ပါဝင်ပြီး တရားဥပဒေစိုးမိုးရေး၊ လယ်သမားအခွင့်အရေး ပြန်လည်ရရှိရေး၊ ဒဂုံတက္ကသိုလ်မှ လယ်ယာမြေများကို လယ်သမားများထံ ပြန်လည်အပ်နှံရေး၊ ပြည်ခိုင်ဖြိုးပါတီကို ခုတုံးလုပ်၍ လယ်သမားများကို ခေါင်းပုံဖြတ်နေသော ပါတီဝင်များကို အရေးယူပေးရေး အစရှိသော ကြွေးကြော်သံများကို ကြွေးကြော်ပြီး ရန်ကုန်မြို့၊ ဗန္ဓုလပန်းခြံကိုပတ်၍ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

“၂၀၁၇ ခုနှစ် ဖေဖော်ရီလ ၂၈ ရက်နေ့က မြို့နယ် ပြည်ခိုင်ဖြိုးပါတီရယ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရယ်၊ ဗဟိုရယ် သုံးဌာနလောက်ထိအောင် နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိရအောင် ပြေလည်အောင် ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။ သူတို့က ဘာတစ်ခုမှ တုန့်ပြန်ခြင်းမရှိလို့ ဦးဇင်းတို့ ဆန္ဒပြကြရတာပါ” ဟု မကွေးဆရာတော်က Frontier ကို ပြောကြားသည်။

“ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်ရပ်ဟာ ပြည်သူတွေရဲ့ မျက်ရည်နဲ့ တိုက်တွေဆောက်၊ ကားတွေစီးနေတာ။ ပြည်သူတွေကို မျက်ရည်ကျအောင် ထပ်မလုပ်ပါနဲ့။ ပြည်သူချစ်တဲ့ ပါတီတစ်ခုဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သတင်း- ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar