ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့အကြမ်းဖက်မှုကိစ္စတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြားမှာ ရိုဟင်ဂျာစစ်သွေးကြွတွေလဲ အပါအဝင်ဖြစ်တယ်လို့ Benar News လို့ခေါ်တဲ့ အွန်လိုင်းသတင်းဌာနတခုက ဖော်ပြလိုက်ပါတယ်။
အဗ္ဗဒူစ် ဆူကား လို့ခေါ်တဲ့ အငယ်တန်းတိုက်ခိုက်ရေးသမားတဦးက သူဟာ ARSA (Arakan Rohingya Salvation Army) ထဲက ဖြစ်တယ်လို့ ဒီသတင်းဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။
“သူတို့က သစ်ပင်တွေကို ခုတ်ပိုင်း ယူသွားကြပါတယ်။ ရိုဟင်ဂျာတွေ စိုက်ပျိုးထားတဲ့ ဝါးပင်တွေကိုတောင် ခုတ်ပိုင်းယူသွားတာပါ။ ကိုယ့်ရေမြေပေါ်မှာတောင် အခြေချဖို့ မဖြစ်နိုင်တော့ပါဘူး။ အလုပ်လည်း မလုပ်နိုင်ပါဘူး။ တစ်ရွာနဲ့တစ်ရွာကိုလည်း ကူးသန်းခွင့်မပေးပါဘူး။ အယ်ယာကင် (ARSA) အဖွဲ့ဟာ ရိုဟင်ဂျာတွေ ကောင်းစားရေးအတွက် လုပ်နေကြတာပါ။ သူတို့ (ARSA) တွေ တိုက်ပွဲဝင်နေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆို တရက်မှာ သုံးနပ်စားနိုင်ပါတယ်” လို့ သူက သတင်းထဲမှာ ပြောကြားထားပါတယ်။
ရှုကာရဲ့ ပြောဆိုချက်အရ သူတို့ရွာမှာ ARSA အဖွဲ့ဝင် ၄၀ လောက်ရှိတယ်လို့ဆိုပါတယ်။ သူတို့ဟာ ဓား၊ တောခုတ်ဓားတွေနဲ့ ဂေါ်ပြားတွေကိုင်ဆောင်ကြတယ်လို့ ဆိုပါတယ်။ ရှုကာရဲ့ မိသားစုက ဒီတိုက်ခိုက်ရေးသမားတွေကို အစားအစာတွေ၊ နေစရာတွေနဲ့ အခြားအထောက်အပံ့တွေ ပေးတယ်လို့ ဆိုတယ်။
ဒါပေမယ့် စစ်တပ်က တိုက်ခိုက်မှုအပြီး၊ စက်တင်ဘာ ၇ ရက်မှာတော့ ထွက်ပြေးလာခဲ့ကြပြီး သူ့အစ်ကိုနဲ့အစ်မကတော့ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ငါ့တိုင်းပြည်ကို ပြန်မယ်။ လိုအပ်ရင် တိုက်ပွဲဝင်ပါမယ်။ ထွက်ပြေးခဲ့ရတဲ့အတွက် င့ါအသက်ကို စတေးနိုင်တယ်။ ငါ့မြေမှာ ပြန်နေရဖို့ မျှော်လင့်ပါတယ်။”
“ငါ့နိုင်ငံမှာသာ နေရရင် ငါ့မိသားစုတွေနဲ့တူတူ နေနိုင်မယ်။ ခုဒီမှာတော့ အိပ်စရာနေရာတောင် မလောက်ဘူး” လို့ သူကပြောပါတယ်။
ဒေသခံရဲတွေကတော့ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ARSA အဖွဲ့ဟာ အနည်းဆုံးအဖွဲ့ဝင် ၅၀ လောက် လူသစ်စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
Benar News ဟာ ဘင်္ဂလီ၊ ထိုင်း၊ မလေးဘဟာစာ၊ အင်ဒိုဘဟာစာနဲ့ အင်္ဂလိပ်ဘာသာ စတဲ့ ဘာသာငါးမျိုးနဲ့ ရေးသားထုတ်လွှင့်နေတဲ့ သတင်းဌာနဖြစ်ပြီး Broadcasting Board of Governors ဆိုတဲ့အဖွဲ့အစည်းထံက နှစ်စဉ်ထောက်ပံ့ငွေနဲ့ ရပ်တည်နေတယ်လို့ သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ပြောကြားချက်များအရ သြဂုတ် ၂၅ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှ မူဆလင် ၄၂၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။