လွတ်လပ်စွာသွားလာခွင့်မရှိဘဲ မျှော်လင့်ချက်ကင်းမဲ့နေသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးရန် မှောင်ခိုလူကုန်ကူးသူများကိုသာ အားကိုးနေကြရာ လမ်းခရီးတွင် အဖမ်းခံကြရပြီး ထောင်ချခံနေကြရသည်။
ရဲမွန်၊ အိမ့်သက်ဆုနှင့် ဘန်ဒူးနန့်တို့ ရေးသားသည်။
“ကျွန်တော်တို့ အဖမ်းခံရပေမဲ့ မလေးရှားကိုသွားဖို့ ကြိုးစားချင်သေးတယ်” ဟု ကိုတူးအောင်ကပြောသည်။ သူသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးရန်ကြိုးစားသဖြင့် ၂၀၁၇ တွင် အဖမ်းခံရသော ရိုဟင်ဂျာဖြစ်သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့စစ်ဆေးရေးစခန်းတွင် အဖမ်းခံရသောရိုဟင်ဂျာ ခြောက်ဦးတွင် အသက် ၂၄ နှစ်အရွယ် ကိုတူးအောင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။ သူတို့တွင် မည်သည့်အထောက်အထားမှလည်းမရှိ နိုင်ငံသားလည်း မဟုတ်သဖြင့် ၁၉၄၉ ခု မြန်မာနိုင်ငံသားများ မှတ်ပုံတင်ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်စီ အချခံကြရသည်။
ပွဲစားတစ်ယောက်က သူ့အား မလေးရှားတွင် အလုပ်အကိုင်ရမည်၊ ရောက်အောင်သူစီစဉ်ပေးနိုင်သည်ဟု ပြောသဖြင့် ကိုတူးအောင်သည် သူ့မိဘများကို မပြောဘဲ အိမ်ကထွက်လာခဲ့သည်။ သူ၏ထိုအိပ်မက်ကြောင့် ကိုတူးအောင် ထောင်ထဲရောက်နေရပြီး သူ့မိသားစုမှာလည်း ကြွေးတွေနှင့်ပိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အလယ်လောက်တွင်ရှိသော ကျောက်တော်မြို့နယ်၊ အလယ်ရွာနေ ကိုတူးအောင်က သူ့ရွာတွင် ဘာအလုပ်အကိုင်မှမရှိကြောင်း၊ ရိုဟင်ဂျာအများစုကို အစိုးရက သွားလာခွင့် ကန့်သတ်ထားသဖြင့် သူ့မှာတရားဝင်ထွက်ခွာခွင့်မရှိကြောင်း ပြောပြသည်။
မလေးရှားတွင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်နေသော ရိုဟင်ဂျာ တစ်သိန်းလောက်ရှိကြောင်း၊ သူလည်း အဲဒီသွားပြီး အလုပ်လုပ်လိုကြောင်း ကိုတူးအောင်ကပြောသည်။ မလေးရှားအစိုးရက ဒုက္ခသည်များကို အလုပ် လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်နှင့် အခြားအခွင့်အရေးများ မပေးပါ။ သို့သော် တရားမဝင်အလုပ်နေရာများတွင် အလုပ်ကြမ်းများလုပ်ပြီး နေထိုင်စရာနှင့် အခြားအကူအညီများကို စေတနာသဒ္ဓါဖြင့်လှူဒါန်းမှုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ထောက်ပံ့မှုများထံမှ ရရှိနေကြသည်။
တူးအောင်၏ပွဲစားမှာ မူဆလင်တစ်ဦးဖြစ်ပြီး ကျောက်တော်မြို့မှာ နေထိုင်သူဖြစ်သည်။ သူနှင့် အခြားရိုဟင်ဂျာ ငါးဦးကို ရန်ကုန်သို့သွားရန် ကားနှင့်စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့သဘောတူညီချက်နှင့် ရခိုင်မှ ထွက်သွားနိုင်အောင် ပို့ဆောင်ပေးသော လူမှောင်ခိုများဟုပဲဆိုဆို၊ ထို့ထက်ပို၍ ခေါင်းပုံဖြတ်အမြတ်ယူသော လူကုန်ကူးမှုမြောက်သောအမှုကို လုပ်နေသူများဟုပဲဆိုဆို သူတို့ကိုတော့ လူတွေက ‘ပွဲစားများ’ ဟုသာ ခေါ်ကြသည်။ ကာယကံရှင် သဘောတူညီမှုနှင့် စေတနာနှင့် ကူညီပေးခြင်းနှင့် လိမ်လည်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း ဒီနှစ်ခုကြားတွင် ပိုင်းခြားထားသောစည်းက ပါးပါးလေးသာရှိသည်။ ဒီနှစ်ခုကြားမှာပင် ရခိုင်ပြည်နယ်မှ မျှော်လင့်ချက်ကင်းမဲ့နေသော ရိုဟင်ဂျာလူငယ်များ ပါဝင်ပတ်သက်နေကြသည်။
အကယ်၍ တူးအောင်၏ခရီးသာ အမ်းမြို့နယ်၊ ရဲစစ်ဆေးရေးဂိတ်၌ နိဂုံးချုပ်မသွားခဲ့သော် သူ ရန်ကုန်ရောက်ပါက ပွဲစားကို ကျပ်သိန်း နှစ်ဆယ်ပေးရမည်။ ရန်ကုန်မှပွဲစားက သူ့ကို မော်လမြိုင်သို့ ကားဖြင့်သွားရန် စီစဉ်ပေးမည်။ ထိုမှ ဂျိုင်းမြစ်တစ်လျှောက် မော်တော်ဘုတ်ဖြင့် နယ်စပ်မြို့ မြဝတီသို့ ဦးတည်သွားရမည်၊ မြဝတီရောက်လျှင် မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းရှိ မဲဆောက်တွင် အခြားပွဲစားတစ်ယောက်ကို ကျပ်သိန်း သုံးဆယ် ထပ်ပေးရမည်။ ထိုပွဲစားက သူ့ကို မလေးရှားသွားရန် စီစဉ်ပေးမည်။
“ကျွန်တော် အဖမ်းခံရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်တော် မလေးရှားသွားဖို့ ထပ်ကြိုးစားဦးမယ်။ နောက်တစ်ခါတော့ ကျွန်တော်အောင်မြင်မှာပါ” ဟု တူးအောင်က ပြောသည်။
တရားစွဲခံကြရ
တူးအောင်၏ဇာတ်လမ်းသည် ရခိုင်မှမူဆလင်လူငယ်များ တွေ့ကြုံနေကြရသော စံပြနမူနာဇာတ်လမ်းမျိုးပင် ဖြစ်ပါသည်။ သူတို့ကျေးရွာများ၊ သို့မဟုတ် ဒုက္ခသည်စခန်းများတွင် ဆင်းရဲမှုဒဏ်၊ ခွဲခြားဆက်ဆံခံရမှုဒဏ်များမှ ရုန်းထွက်ရန် ပွဲစားများကို ဒေါ်လာထောင်ချီပေးပြီး သူတို့ကံကြမ္မာကို ပွဲစားများလက်သို့ အပ်ကြသည်။ လမ်းခရီးတွင် လူမှောင်ခိုများ၏အနှိပ်စက်ခံပြီး အဖမ်းခံကြရမည့် အန္တရာယ်ကို စွန့်စားရင်ဆိုင်ကြသည်။ လူမှောင်ခိုပွဲစားများကလည်း သူတို့မိဘများထံမှ ငွေများကို ရနိုင်သမျှ ညှစ်ယူကြသည်။ အဖမ်းခံရလျှင် အကျဉ်းရုံးစစ်ပြီး အနည်းဆုံး ထောင် နှစ်နှစ်ချမှတ်သည်။ သူတို့ကို မြန်မာမီဒီယာတွင် တရားမဝင် ခိုးဝင်လာသူများအဖြစ် တွေ့ကြရသည်။
မြန်မာဘာသာဖြင့် ထုတ်ဝေသော ဇန်နဝါရီ ၃ ရက်ထုတ် မြန်မာတိုင်း(မ်)သတင်းစာတွင် ဆောင်းပါးရှင် နေဝင်းသန်း၏ ‘ဒုက္ခသည်၊ သို့မဟုတ် တရားမဝင် ခိုးဝင်လာသူများ’ ဆိုသော ဆောင်းပါးတွင် ‘ဤသို့ နိုင်ငံတွင်းသို့ တရားမဝင် ခိုးဝင်လာသူများကို တည်ဆဲဥပဒေဖြင့် တင်းကျပ်စွာ ကိုင်တွယ်အရေးယူဖို့လိုပါသည်’ ဟု ရေးထားသည်။ မူဆလင်ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာမြန်မာများကို လူဦးရေနှင့် ဖိသတ်မည့်အန္တရာယ် ကြုံတွေ့နေရသည်။
“မိသားစုတစ်စုတွင် လူဦးရေ ပျှမ်းမျှ ၃၀ လောက်ရှိနေသော ဒီလူတွေကို မည်သို့ထိန်းချုပ်ပါမည်နည်း”
တနင်္သာရီတိုင်းတောင်ပိုင်း ကမ်းလွန်ရေပြင်၌ ရေယာဉ်တစ်စင်းပေါ်တွင် ဒီဇင်ဘာ ၁၅ ရက်က ရိုဟင်ဂျာ ၁၇၃ ဦး ဖမ်းဆီးခံရသည့်သတင်း၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ကိုဖြတ်၍ ခိုးဝင်လာသော တူးအောင်လို ရိုဟင်ဂျာတွေ ဖမ်းမိသည့်သတင်းများကို နေဝင်းသန်းဆောင်းပါးတွင် ဖော်ပြသည်။
မကြာမီလများအတွင်း မြန်မာတရားရုံးတွင် ရိုဟင်ဂျာများအား သူတို့ပို့ပေးသော ဘတ်စ်ဒရိုင်ဘာများ၊ ရေယာဉ်ဝန်ထမ်းများနှင့်အတူ တရားစွဲအပြစ်ပေးခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်က ကလေး ၂၅ ယောက်အပါအဝင် ရိုဟင်ဂျာ ၉၆ ယောက်ကို ဧရာဝတီတိုင်း ချောင်းသာကမ်းခြေအနီး ရေယာဉ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့သည်။ ထိုအထဲမှ ၉၃ ဦးကို ပုသိမ်မြို့ တရားရုံးတွင် တရားစွဲပြီး ၁၉၄၉ ခု မြန်မာနိုင်ငံသားများ မှတ်ပုံတင်ဥပဒေအရ အထောက်အထားမရှိဘဲ ခရီးသွားမှုဖြင့် စစ်ဆေးအပြစ်ပေးခဲ့သည်။
စောစောပိုင်းက ဧရာဝတီတိုင်းတွင် အမှု နှစ်ခုကို စစ်ဆေးခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေတွင် ရေယာဉ်ပေါ်မှအဆင်း ကလေး ကိုးဦးအပါအဝင် လူ ၃၀ ဦးကို ဖမ်းဆီးရမိသည်။ သူတို့ကိုဖမ်းဆီးအပြီး တစ်ပတ်အကြာတွင် အပြစ်ပေးခဲ့ကြောင်း၊ ၂၁ ယောက်မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံရကြောင်း၊ မိန်းကလေး ငါးယောက်ကို သက်မွေးသင်တန်းကျောင်းပို့ပြီး ယောက်ျားလေး သုံးဦးကို လူငယ်ပြုပြင်ရေးစခန်းသို့ ပို့ခဲ့သည်။ နှစ်ခုစလုံးသည် ရန်ကုန်တိုင်းအတွင်းမှာရှိသည်။ ထိုကျောင်းများအကြောင်း နိုဝင်ဘာ ၈ ရက်ထုတ် Frontier တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ အသက် ခြောက်နှစ်အရွယ် ကလေးကို လူမှုဝန်ထမ်းဌာန၏ ကြီးကြပ်မှုအောက်တွင်ထားသည်။ သူတို့ ပြစ်ဒဏ်တွေ ကျခံလွန်မြောက်ပြီးပါက သူတို့အားလုံးကို ရခိုင်ပြည်နယ် ပြန်ပို့မည်ဖြစ်သည်။
ပုသိမ်ခရိုင်တရားရုံးက အယူခံတွေကို ပယ်ချခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်နေ့တွင် ရှေ့နေ ဒေါ်ချောစုထွေးက Frontier ကို ပြောသည်။ နောက်ထပ်အယူခံမှာ တိုင်းတရားရုံးသို့သာ တင်ဖို့ရှိသည်။
နိုဝင်ဘာ ၂၀ ရက်တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေ၌ လူ ၂၂ ဦး ဖမ်းဆီးရမိသည်။ နောက် ၃ ရက်အကြာတွင် ကလေး ရှစ်ယောက်ကို ရန်ကုန်တိုင်း သက်မွေးမှုနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် နှစ်နှစ်ထားရန်ပို့လိုက်သည်။ အရွယ်ရောက်ပြီးသူများကို ဒီဇင်ဘာ ၅ ရက်တွင် ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးလိုက်သည်။ အယူခံတက်လိုလျှင် တိုင်းတရားရုံးသို့တက်ရမည်ဟု ရှေ့နေ ဒေါ်ချောစုထွေးက ပြောသည်။
ပဲခူးတိုင်း၊ ဘုရားကြီး၊ ရွှေသံလွင် တိုးဂိတ်တွင် နိုဝင်ဘာ ၈ ရက်က ရိုဟင်ဂျာ ခုနစ်ယောက်ကို ကားတစ်စီးပေါ်မှ ဖမ်းဆီးရမိသည်။ သူတို့မှာ ၁၉၄၇ မြန်မာ့လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြည်ဝင်ခွင့်ဗီဇာမရှိဘဲ ဝင်ရောက်မှုဖြင့် တရားစွဲခံရသည်။ ထောင်ဒဏ် ငါးနှစ်အထိ အပြစ်ပေးနိုင်သော ပုဒ်မဖြစ်သည်။ ထိုသူများမှာ ရခိုင်မြောက်ပိုင်း၊ မောင်တောမြို့မှဖြစ်ပြီး မလေးရှားသို့သွားရန် ရည်ရွယ်ထွက်လာသူများဖြစ်သည်ဟု ရဲကပြောသည်။ ထိုခုနစ်ဦးတွင် မိသားစုဝင် လေးဦးပါသည်။ မိခင်နှင့်အတူ ခြောက်နှစ်၊ ခုနစ်နှစ်နှင့် ကိုးနှစ်ရွယ် ကလေးသုံးယောက်ရှိသည့် သူတို့မိသားစုသည် မလေးရှားရှိ သူတို့ဖခင်ထံ သွားကြခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်ကပြုလုပ်သော တရားရုံးကြားနာမှုသို့ တရားသူကြီးက Frontier ကို တက်ရောက်နားထောင်ခွင့် မပြုခဲ့ပါ။
ငရုတ်ကောင်းတွင် အဖမ်းခံရသော ရိုဟင်ဂျာ ၃၀ ကိုပို့ဆောင်ပေးရာတွင် မောင်းနှင်ပေးသော ရန်ကုန်မှ ယာဉ်မောင်း နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ပြန်ပေးဆွဲမှု၊ ဖျားယောင်းသွေးဆောင်မှု (ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်သည်) ဖြင့် ရုံးတင်ခံရသည်။ ကြားခံ ကြံရာပါနောက်ယာဉ်မောင်းတစ်ဦးနှင့် အမျိုးသမီးတို့မှာ ထွက်ပြေးနေကြသည်။ ထိုပုဒ်မနှင့်ပင် စက်လှေသမား ခြောက်ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ခြောက်ယောက်တို့မှာလည်း ချောင်းသာနားတွင် ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၉၆ ယောက်ကို ပို့ဆောင်ပေးမှုဖြင့် ဖမ်းဆီးရုံးတင် စစ်ဆေးခံနေရသည်။
ရဲများ ဤမျှထူထပ်စွာချထားသော ရခိုင်ပြည်နယ်မှ ယင်းရိုဟင်ဂျာများ ထွက်လာခွင့်ရအောင် ‘ဟ’ပေးခဲ့သော ရခိုင်ပြည်နယ်မှ အစိုးရဌာနအရာရှိများ၊ ရဲများနှင့် ပွဲစားများကိုတော့ ယင်းတရားရုံးများမှာ မတွေ့ရချေ။ ငပုတောမြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတစ်ဦးကတော့ Frontier ကို ပြောပြသည်။ ငရုတ်ကောင်းအမှုတွင် တရားစွဲခံနေရသော ယာဉ်မောင်းများမှာ ဤလူမှောင်ခိုကွန်ရက်တွင် အဆင့်အနိမ့်ဆုံး ပါဝင်သူတွေသာဖြစ်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်ပိုင်းတွေနဲ့ အလယ်အလတ်အဆင့်လူတွေ လွတ်မြောက်နေကြကြောင်း၊ ထိုရိုဟင်ဂျာတွေကို ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်ထဲပို့ပေးရန် သိန်း ၄၀ ပေးခဲ့ရကြောင်း သူကပြောပြပါသည်။
“ဒီကောင်တွေက ဘာကောင်တွေမှ မဟုတ်ဘူး၊ ဒီမှောင်ခိုဂိုဏ်းကြီးထဲမှာ ပါမွှားအဆင့်တွေပါ။ ဒါပေမဲ့ သူတို့က သူတို့အလုပ်ကိုသိတယ်၊ ဘယ်သူတွေ ရန်ကုန်ကို ခေါ်သွားရမယ်ဆိုတာသိတယ်၊ ဒါကြောင့် သူတို့ကို လူမှောင်ခို ဥပဒေနဲ့မဆွဲဘဲ ရာဇသတ်ကြီးပုဒ်မနဲ့ပဲ စွဲတာ” ဟု ၂၀၀၅ လူကုန်ကူးဥပဒေကို ရည်ညွှန်းပြောပြပါသည်။ မည်သည့်ရိုဟင်ဂျာကိုမှ လူမှောင်ခို ဥပဒေဖြင့် မစွဲဘူးသေးချေ။
ထိုသို့ ဖမ်းဆီးအရေးယူမှုများကြောင့် ရိုဟင်ဂျာများအား ပြည်ပသို့ မှောင်ခိုပို့နေသူများ ထိတ်လန့်ကုန်ကြသည်။ သို့သော် တဖက် ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ စက်ရုံ နှစ်ရုံတွင် တရားမဝင် အလုပ်လုပ်ကိုင်နိုင်ရန် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကျေးရွာများ၌ အလုပ်သမားများ ရှာဖွေစုဆောင်းပေးသူ ပွဲစား ဒေါ်ခင်ဝင်းက Frontier ကို ဤသို့ ပြောပြပါသည်။
ဒေါ်ခင်ဝင်း လာဘ်မှန်မှန်ပေးနေခဲ့ရသော ရဲအရာရှိက သူ့အလုပ်တွေ ခေတ္တရပ်ဆိုင်းထားရန် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက သူ့ကိုပြောထားကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို အစစ်အဆေး များနေသောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများ ခိုးထုတ်နေမှုကို အထက်ပိုင်းမှ စိုးရိမ်မှုများနေ၍ဖြစ်ကြောင်း သူ့ကို သတိပေးထားသည်ဟုဆိုသည်။
စိတ်ဓာတ်ကျစရာ အခြေအနေ
လူမှောင်ခိုသမားများ နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေကြရခြင်း၊ သူတို့လူများ မကြာခဏ ဖမ်းဆီးအပြစ်ပေးခံနေကြရခြင်းကြောင့် ရိုဟင်ဂျာများအား လူမှောင်ခိုထုတ်သည့်လုပ်ငန်းမှာ ပိရိသပ်ရပ်သော မှောင်ခိုကွန်ရက် ဟုတ်ပုံမရသေးချေ။ လူမှောင်ခိုသမား ပွဲစားများ၊ အကျင့်ပျက်အစိုးရဝန်ထမ်းနှင့် ရဲများ၏ ကွန်ရက်အဆက်အသွယ်မှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့အတွင်းမှာသာရှိ၍ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်အတွင်းမှ ထွက်လာရန် သိပ်အခက်အခဲမရှိသော်လည်း ကျန်နိုင်ငံတွင်း နေရာများကို ဖြတ်သန်းရာတွင်မူ သိပ်မလွယ်ကူလှပေ။
တူးအောင်နေထိုင်သော အလယ်ရွာပါဝင်သည့် ရတနာပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမန်ဆတ်က Frontier ကို သူ့ကျေးရွာအုပ်စုမှ မလေးရှားသွားရန် ပွဲစားများနှင့်ဆက်သွယ်သွားသူ ရွာထဲမှလူငယ်တစ်ဝက်ကျော်မှာ လမ်းမှာပင် အဖမ်းခံခဲ့ကြရကြောင်း၊ သို့သော် ထွက်ခွာမှုများကတော့ ဖြည်းဖြည်းချင်း ဆက်ဖြစ်နေမှာသာဖြစ်ကြောင်း၊ အကြောင်းမှာ ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် ဘာမှမျှော်လင့်ချက်မရှိဘဲ မလေးရှားတွင် အလုပ်ရဖို့ အလားအလာက ပိုကောင်းသောကြောင့်ဖြစ်ကြောင်းပြောပြသည်။
“ပွဲစားတွေရဲ့ ကွန်ရက်တွေက အကြီးကြီးပဲ၊ မလေးရှားမှာ ရိုဟင်ဂျာတွေပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဒီတော့ မလေးရှားကို အောင်အောင်မြင်မြင် ရောက်သွားတဲ့ ရိုဟင်ဂျာ တစ်ယောက်အဖို့က လွယ်တယ်၊ ရတဲ့အလုပ်အကိုင်က မလေးရှားစံချိန်စံညွှန်းနဲ့ ကြည့်ရင်တော့ ဘယ်လောက်ပဲဆိုးဝါးနိမ့်ကျပါစေ၊ ရခိုင်မှာ မျှော်လင့်ချက်မဲ့နေရတာနဲ့စာရင် တော်သေးတာပေါ့”
၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့ အဓိကရုဏ်းများဖြစ်ပွားပြီးနောက် ရိုဟင်ဂျာအများအပြားမှာ ရခိုင်မှထွက်သွားခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၁၄၀,၀၀၀ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက်အများစုမှာ ရိုဟင်ဂျာမွတ်စလင်များဖြစ်သည်။ အများစုသည် အစောင့်များ ထူထပ်စွာချထားသည့် စခန်းများတွင် အကျဉ်းကျသလိုဖြစ်နေပြီး အစိုးရခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့်မရှိပေ။ ခွင့်ပြုချက်ရရန်မှာ ခက်ခဲလေ့ရှိပြီး ခွင့်ပြုချက်ရရှိရန်လည်း အကုန်အကျများသည်ဟုသိရသည်။
သို့သော်လည်း ၎င်းတို့၏ရွာများတွင် ကျန်နေခဲ့သော ထိုရိုဟင်ဂျာများသည်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှ စစ်ဆေးရေးဂိတ်များ၏ ကျယ်ပြန့်သည့်ကွန်ရက်များဖြင့် ၎င်းတို့၏သွားလာမှုကို တင်းကျပ်ထားသည်။ ယင်းဂိတ်များတွင် အနိုင်ကျင့်ခြင်း၊ ငွေညစ်ခြင်းများဖြစ်နိုင်သည်ဟု လူ့အခွင့်အရေးအုပ်စုများကဆိုသည်။
လူထောင်ပေါင်းများစွာမှာ ၂၀၁၅ မတိုင်မီနှစ်များအထိ ပြည့်ကျပ်နေသည့် လှေများဖြင့် ရခိုင်မှထွက်ခွာခဲ့သည်။ ထိုအချိန်က သောင်တင်နေသော လှေသင်္ဘောများနှင့် ထိုင်းနိုင်ငံရှိ တထောက်နားလမ်းကြောင်းများတွင် လူအများ၏သင်္ချိုင်းများတွေ့ရှိခဲ့ရာ ဒေသဆိုင်ရာလူကုန်ကူးမှုနှင့် လူခိုးသွင်းခိုးထုတ်မှုများကို နှိမ်နင်းရန် အရှေ့တောင်အာရှအစိုးရများသည် ဖိအားပေးခံကြရသည်။
ထိုစဉ်ကတည်းက လှေဖြင့်ထွက်ခွာမှုများ ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်ခဲ့သော်လည်း Frontier က ကြားခဲ့သည့်အဖြစ်အပျက်များအရ ရခိုင်ကျေးရွာများနှင့် စခန်းများမှထွက်ပြေးရန် ဆန္ဒရှိနေသည့် ရိုဟင်ဂျာအများစုမှာ ရခိုင်ရိုးမတောင်တန်းကိုဖြတ်သည့် ကုန်းလမ်းဖြင့်ခေါ်ဆောင်ပြီး ယင်းနောက် မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့သို့ ဆက်လက်သွားကြရသည်။ ယင်းမှတဆင့် ရခိုင်တောင်ပိုင်း၊ သို့မဟုတ် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်သွားသည်။ ထို့နောက် ဘတ်စ်ကား၊ ကားများကိုပြောင်းစီးကြရသည်။
မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှတဆင့် ၎င်းတို့သည် ရန်ကုန်ကိုဖြတ်ကာ မြဝတီသို့ ခရီးဆက်သည်။ ယင်းနောက် မြဝတီမှ ထိုင်းနိုင်ငံဘက်ကူးကာ မလေးရှားသို့သွားသည်။ ရန်ကုန်သို့ လူမှောင်ခိုထုတ်ရန် ဈေးကွက်ပေါက်ဈေးမှာ ကျပ်နှစ်သန်းရှိသည်ဟု ရခိုင်မှသတင်းရင်းမြစ်များကပြောသည်။ အချို့မှာ ရန်ကုန်တွင် အထောက်အထားမရှိနေထိုင်နေသော ရိုဟင်ဂျာအများအပြားကြား ရောနှောနေထိုင်နိုင်ကြသည်ဆိုသည်။ လူကြိုက်အများဆုံးနေရာဖြစ်သည့် မလေးရှားသို့ပို့ရန် ကျပ်လေးငါးသန်းခန့်ပေးရသည်။
နိုင်ငံမဲ့ဘဝတွင် အမြစ်တွယ်နေခြင်း
လူခိုးသွင်းခိုးထုတ်လုပ်ခံရသည့် အရေအတွက်ကို တိုင်းတာတွက်ချက်ရန်ခက်ခဲပြီး မြေပြင်ပေါ်တွင် သတင်းရင်းမြစ်များထံမှ ခန့်မှန်းချက်များမှာ ကွဲပြားမှုများရှိသည်ဟု Frontier က ကြားသိရသည်။ ရခိုင်ပြည်နယ်မှထွက်ခွာရန် ကြိုးပမ်းသူတို့၏ထက်ဝက်ခန့်မှာ ၎င်းတို့သွားလိုသည့်နေရာရောက်အောင် သွားနိုင်ကြသည်ဟု သတင်းရင်းမြစ်အချို့ကခန့်မှန်းပြီး မီဒီယာများတွင် ဖော်ပြသောကိစ္စများမှာ နှစ်စဉ် လူခိုးသွင်းခိုးထုတ်လုပ်ခံရသော စုစုပေါင်းအရေအတွက်၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ကိုယ်စားပြုနိုင်ဖွယ်ရှိသည်။
သို့ရာတွင် အစိုးရတွင် ကောက်နုတ်စုစည်းထားသောစာရင်းများ ရှိဟန်မရှိတူပေ။ ယင်းမှာ လူကုန်ကူးမှုမဟုတ်ဘဲ လူများကို ခိုးသွင်းခိုးထုတ်လုပ်ခြင်းဖြစ်သောကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားမေးသင့်ကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး မျိုးသူစိုးက Frontier ကိုပြောသည်။
လူခိုးထုတ်မှုအစပြုရာဟု အများအပြားက သိရှိထားသော ကျောက်တော်မြို့နယ်၏ ယာယီအုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်က Frontier ကို ပြောကြားခဲ့သည်မှာ လူခိုးသွင်းခိုးထုတ်မှုနှင့်ပတ်သက်၍ ၎င်းမသိရှိဘဲ လူဝင်မှုကြီးကြပ်ရေးဌာနသို့သာ တိုက်ရိုက်မေးမြန်းသင့်သည်ဆိုသည်။
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနကလည်း မြို့နယ်ဌာနခွဲများကိုဆက်သွယ်ရန်သာ Frontier ကို ပြောသည်။ Frontier က ကျောက်တော်နှင့် အမ်းမြို့နယ်များရှိ ဌာနဆိုင်ရာရုံးများသို့ ဖုန်းဆက်ခဲ့ရာ ၎င်းတို့က ဖော်ပြရန်အချက်အလက်မရှိဟု ပြောကြားသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက လုံခြုံရေးစခန်းများကို အာဆာက တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်၏ ပြင်းထန်သည့်တုံ့ပြန်မှုများကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ယင်းနောက် လူခိုးသွင်းခိုးထုတ်အရေအတွက်မှာ နောက်ထပ်ပိုမိုများပြားလာခဲ့သည်ဟု ဦးမန်ဆတ်ကပြောသည်။ ရိုဟင်ဂျာစစ်သွေးကြွများက နောက်တကြိမ်တိုက်ခိုက်သည့် ပိုမိုကြီးမားသည့် အချိန်ကိုက် ပူးပေါင်းတိုက်ခိုက်မှုတွင် စစ်တပ်၏ ပိုမိုပြင်းထန်သည့် နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့သည်။
သို့ရာတွင် ရခိုင်ပြည်နယ်၌ ကျန်ရစ်ခဲ့သည့်ရိုဟင်ဂျာများသည် တပ်မတော်၊ သို့မဟုတ် တပ်မတော်က လက်နက်တပ်ဆင်ပေးထားသည့် ရခိုင်ပြည်သူ့စစ်များက တိုက်ခိုက်မည်ကို စိုးရိမ်နေသော်လည်း လူခိုးသွင်းသူများဘက်သို့ ဦးလှည့်ခြင်းတွင် အကြီးမားဆုံးတွန်းအားမှာ အသက်မွေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် အခြေခံဝန်ဆောင်မှုများ ရရှိရန်ခက်ခဲလှသော အခြေအနေအောက်တွင် နေထိုင်နေရသည့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းများ၏ စိတ်ပျက်ဖွယ် အခြေအနေများကြောင့်ဖြစ်သည်။
“ရိုဟင်ဂျာပြည်သူတွေဟာ အသက်မွေးဝမ်းကျောင်းအခွင့်အရေးတွေ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင် ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု၎င်းကပြောသည်။
ရိုဟင်ဂျာများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များမှာ ၎င်းတို့၏နိုင်ငံမဲ့ဖြစ်မှုတွင် အမြစ်တွယ်သည်။ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ရှိသော ဒေသခံလူမျိုးစုများတွင် မပါဝင်ဟု ရိုဟင်ဂျာများကို အစိုးရက ယူဆသည်။
ပို၍အသက်ကြီးသောမျိုးဆက်များက သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ကဲ့သို့ နိုင်ငံသားအခွင့်အရေးများ အပ်နှင်းသော သက်သေခံကတ်များကို ပိုင်ဆိုင်ခဲ့ကြသည်။ သို့ရာတွင် ယခုအခါ ယင်းကတ်များမှာ ခေတ်မရှိတော့ဘဲ မည်သည့်ရိုဟင်ဂျာမျှ နိုင်ငံသားစိစစ်ရေးကတ်မကိုင်ကြတော့ပေ။ ယင်းကတ်က နိုင်ငံသားဖြစ်ကြောင်းဖော်ပြပြီးနိုင်ငံတွင်းခရီးသွားခြင်းကို ကန့်သတ်ခြင်းမပြုပေ။
အမျိုးသားစစ်ဆေးအတည်ပြုကတ် NVC လျှောက်ထားသောရိုဟင်ဂျာများအပေါ် အကန့်အသတ်ဖြင့် လွတ်လပ်စွာသွားလာခွင့်ကို ပေးထားသည်။ သို့သော်လည်း ရိုဟင်ဂျာအများက ယင်းကို လျှောက်ရန် ငြင်းဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် လျှောက်ထားမှုလုပ်ငန်းစဉ်တွင် ၎င်းတို့အား ပြည်ပမှ ရွှေ့ပြောင်းအခြေချသူများအဖြစ် ဖော်ပြရသောကြောင့်ဖြစ်ပြီး လျှောက်လွှာပုံစံတစ်ခုကို Frontier က ကြည့်ရှုခဲ့ပြီး လျှောက်လွှာတွင် မြန်မာနိုင်ငံသို့ရောက်ရှိသည့် အချိန်နှင့် နေရာကို ဖော်ပြရသည်။
၎င်းကတ်တွင် နိုင်ငံသားဖြစ်ခြင်း၊ ဖြစ်ထိုက်ခြင်းတို့အတွက် အာမမခံပါ။ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှုဥပဒေဖြင့် စိစစ်ဦးမည်ဖြစ်သည်။ ယင်းဥပဒေက ရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားအုပ်စုတစ်ခုအဖြစ် အသိအမှတ်မပြုပါ။ NVC ကိုင်ဆောင်သူများလည်း ရခိုင်ပြည်နယ်ပြင်ပသို့ သွားရောက်သည့် ခရီးစဉ်တိုင်းအတွက် ခက်ခဲသည့် ဗျိုရိုကရေစီလုပ်ငန်းစဉ်မှတဆင့်သာ အစိုးရ၏ခွင့်ပြုချက်ရရှိရမည်ဖြစ်သည်။
သို့ရာတွင် NVC ကိုကိုင်ဆောင်ခြင်းကရခိုင်ပြည်နယ်ပြင်ပသို့ အခွင့်မရှိဘဲ ခရီးသွားစဉ်ဖမ်းမိပါက အကာအကွယ်အချို့တော့ ရဟန်ရှိသည်။ နိုဝင်ဘာလက ချောင်းသာအနီး ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၉၆ ဦးအနက် တစ်ဦးမှာ NVC ကတ်ကိုင်ဆောင်ထားသူဖြစ်သဖြင့် ယင်းအမျိုးသမီးကို လွှတ်ပေးခဲ့သည်။ ၎င်းမှာ ခရီးမဆက်နိုင်ဘဲ ရခိုင်သို့ပြန်ရသည်။
ထိုစခန်း
၂၀၁၇ ခုနှစ်က အမ်းမြို့နယ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသော ထူးအောင်နှင့် အခြားရိုဟင်ဂျာငါးဦးမှာ ကျောက်ဖြူမြို့နယ်ရှိ အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ထောင်မှလွတ်ချိန်၌ ယင်းမြို့နယ်ရှိ ကျောက်တစ်လုံးအိုင်ဒီပီစခန်းသို့ အပို့ခံရသည်။ ယင်းစခန်းတွင် ရိုဟင်ဂျာနှင့် ကမန်မျိုးနွယ် ၁,၀၀၀ ကျော်ရှိသည်။ ယင်းစခန်းတွင် ခေတ္တနေစေပြီးမှ ၎င်းတို့၏ရွာများသို့ ပြန်ခွင့်ရသည်။
Frontier သည် ဒီဇင်ဘာလက ယင်းစခန်းသို့ သွားရောက်ခဲ့ပြီး စခန်းခေါင်းဆောင် ဦးဖြူချေနှင့် တွေ့ဆုံခဲ့သည်။ ပွဲစားများက စီစဉ်ပေးသောခရီးများသွားစဉ် ကြားဖြတ်ဖမ်းဆီးခံရသော ရိုဟင်ဂျာများသည် ကျောက်ဖြူထောင်၌ ထောင်ကျခံရပြီးနောက် ယင်းအိုင်ဒီပီစခန်းသို့ အပို့ခံရသည်မှာ အပတ်စဉ်နီးပါးရှိသည်ဟု ဦးဖြူချေက ပြောသည်။ ၎င်းတို့ရပ်ရွာသို့ ပြန်နိုင်စေရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) က ငွေကြေးထောက်ပံ့သည်ဟုလည်း ၎င်းကပြောသည်။
ယင်းကဲ့သို့ ကြားဖြတ်ဖမ်းခံရသည့် မောင်တောမြို့နယ်မှ လူခြောက်ဦးပါအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာအစောပိုင်းက ထိုစခန်းသို့ရောက်ရှိလာခဲ့သည်။ ယင်းအဖွဲ့တွင် မောင်တောမြို့နယ် ရွှေဇာရွာမှ အသက် ၃၅ နှစ်အရွယ် ဦးရှောဖီးခန် ပါဝင်သည်။ ၎င်းနှင့်အခြားရိုဟင်ဂျာတို့ ထောင်မှပြန်လွတ်သည့်အခါ ၎င်းတို့ကို NVC ကတ်များပေးသည်ဟု ဦးရှောဖီးခန်က Frontier ကိုပြောသည်။
Frontier သည် ကျောက်တစ်လုံးစခန်းတွင် ကျောက်တော်မြို့နယ် ဈေးကျေးရွာမှအသက် ၂၁ နှစ်အရွယ် ကိုအလီဟူစိန်နှင့်လည်း တွေ့ဆုံခဲ့သည်။ မလေးရှားသို့ ရှည်လျားသည့် ခရီးစဉ်၏အစမှာပင် ၎င်းနှင့် ၎င်း၏မိတ်ဆွေနှစ်ဦးမှာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးကို ပိုင်းခြားထားသည့် တောင်များပေါ်ရှိ အမ်းမြို့နယ်ရှိ သစ်တောထဲတွင် ပွဲစားများ၏ ပစ်ထားခြင်းကို ခံခဲ့ရသည်။ ၎င်းတို့၏ပွဲစားနှစ်ဦးက ၎င်းတို့နှစ်ဦးထံမှ ဆိုင်ကယ်သစ်နှစ်စီးနှင့် ငွေကျပ်နှစ်သိန်းထိ ယူခဲ့ကြသည်ဆိုသည်။
၎င်းတို့ တောထဲမှထွက်လာပြီးနောက် အမ်းမြို့ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများနှင့်တွေ့ရခြင်းက ကံဆိုးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“သူတို့က ကျွန်တော်တို့ကို သူတို့ရုံးကို ခေါ်ပြီး ဘယ်သွားကြမှာလဲလို့ မေးပါတယ်” ဟု၎င်းကပြောသည်။
၎င်းတို့အမျိုးသားသုံးဦးမှာ သက်သေခံအထောက်အထားများ မပြနိုင်သည့်နောက် ၎င်းတို့ကို ယင်းမြို့နယ်ရဲစခန်းတွင် တစ်လနှင့်ခုနစ်ရက်ထိန်းသိမ်းပြီး တရားရုံးပို့ခဲ့သည်။ တရားရုံးက ၎င်းတို့ကို ကျောက်ဖြူအကျဉ်းထောင်တွင် ထောင်ဒဏ်နှစ်နှစ်ကျခံစေရန် လျင်မြန်စွာအမိန့်ချခဲ့သည်ဟု အလီကပြောသည်။
အလီစုံစမ်းသိရှိချက်အရ ၎င်းတို့ထံမှ ဆိုင်ကယ်နှင့် ငွေများယူခဲ့သော ပွဲစားများမှာ ဖမ်းဆီးခံရခြင်းမရှိ ဟုဆိုသည်။ မလေးရှားသွားရန် နောက်ထပ်ကြိုးပမ်းမည့် ရည်ရွယ်ချက်မရှိတော့ကြောင်း အလီကဆိုသည်။ အလီနှင့်အတူအဖမ်းခံရသော အသက် ၁၉ နှစ်အရွယ် ကိုဟာဘက်အာမက်ကလည်း “ကျွန်တော်လည်း ရွာပြန်ပြီး လယ်သမားပဲ လုပ်တော့မယ်ဗျာ” ဟု Frontier ကိုပြောသည်။
သို့သော် ဖမ်းဆီးထောင်ချခံရသူအများအပြားအပြင် နောက်တွင်ကျန်ရစ်ခဲ့သည့် မိသားစုများအတွက် ဆုံးရှုံးနစ်နာမှုမှာလည်း အလွန်ကြီးမားသည်။ ၎င်းတို့မှာ ချစ်ခင်သူများနှင့် ခွဲခွာရသည့်အပြင် ပွဲစားများကိုပေးရန် ၎င်းတို့၏လယ်မြေများအပါအဝင် အဖိုးတန်ပစ္စည်းများကို ရောင်းချရလေ့ရှိသည်။
Frontier က ကြားခဲ့ရသည့် အဖြစ်အပျက်အချို့တွင် ပွဲစားများသည် လူငယ်များ၏မိဘများမသိစေဘဲ ညအချိန်ထွက်ခွာသည့် ခရီးများစီစဉ်ပေးမည်ဟုဆိုကာ လူငယ်များကို ဆွဲဆောင်စည်းရုံးမှုများရှိသည်။ ရက်အတန်ကြာသောအခါ ပွဲစားများက မိဘဖြစ်သူများထံဖုန်းဆက်ပြီး ၎င်းတို့၏သားသမီးများကို လမ်းတွင် ထိန်းသိမ်းထား၍ ခရီးဆက်နိုင်ရန် ကြားခံများမှတဆင့် ငွေတောင်းခံသည်။ ငွေမပေးပါက ၎င်းတို့၏သားသမီးများကို စွန့်ပစ်မည်၊ သို့မဟုတ် ရိုက်နှိက်မည်ဟု ခြိမ်းခြောက်ကြသည်။
ဒီဇင်ဘာလ ၁၉ ရက်က ကျောက်တော်မြို့နယ် ရတနာပုံကျေးရွာအုပ်စုမှ ကန်ဖူးဆိုသူ အမျိုးသားတစ်ဦးနှင့် Frontier ကဖုန်းပြောဖြစ်ခဲ့သည်။
ဇူလိုင်လက ၎င်း၏သမီးနှင့် မြေးမိန်းကလေးတို့သည် ပွဲစားတစ်ဦး၏အကူအညီဖြင့် ထိုင်းနိုင်ငံမှတဆင့် မလေးရှားသို့သွားရန် မျှော်လင့်ချက်ဖြင့် ၎င်းမသိဘဲ အိမ်မှထွက်ခွာသွားခဲ့သည်။ ယင်းနောက်မကြာမီ သမီးဖြစ်သူထံမှ ဖုန်းဝင်လာသည်။ တရွာတည်းသား လူငယ်တစ်ဦးနှင့်အတူ အမျိုးသမီးများကို မကွေးရှိ သစ်တောတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဆိုသည်။ ခရီးဆက်ရန် ပွဲစားများက ကျပ် တစ်သန်း တောင်းဆိုနေကြောင်း၊ ပွဲစားများကိုငွေပေးရန် သမီးက ကန်ဖူးကိုတောင်းပန်ခဲ့ကြောင်းဆိုသည်။
နောက်လများတွင် သမီးဖြစ်သူတို့ မြဝတီသို့ရောက်ရှိချိန် နောက်ထပ်ကျပ်သုံးသန်း၊ ထိုင်းမှ မလေးရှားသို့ သွားသည့်လမ်းတွင် နောက်ထပ်ကျပ်လေးသန်း ပွဲစားများက တောင်းခံခဲ့သည်ဟုပြောသည်။
တောင်းခံသည့်အကြိမ်တိုင်း ကန်ဖူးက ပေးရန်သဘောတူခဲ့သလို မကွေးသစ်တောတွင် ထိန်းသိမ်းခံခဲ့ရသည့် လူငယ်၏မိသားစုကလည်း ပေးရန်သဘောတူခဲ့သည်။
“ငွေယူဖို့ပွဲစားတစ်ယောက်က ရွာကိုလာတယ်။ သူတို့ကို ငွေပေးဖို့ ကျွန်တော်တို့မှာရှိတဲ့ မြေတွေကို ပေါင်ခဲ့ရတယ်” ဟု၎င်းကဆိုသည်။ “ကျွန်တော်တို့က ငွေမပေးရင် လူမှောင်ခိုသမားတွေက ကလေးတွေကို နှိပ်စက်တယ်” ဟုလည်း၎င်းကဆိုသည်။
Frontier နှင့် စကားမပြောမီ သိပ်မကြာသေးခင်က ၎င်း၏သမီးနှင့် မြေးမိန်းကလေးတို့ကို ထိုင်းရှိအာဏာပိုင်များက ထိန်းသိမ်းထားသည်ဆိုသည့်သတင်းကို ၎င်းကြားသိခဲ့ရကြောင်းဆိုသည်။ ယခုအခါ ကန်ဖူးတွင် အကြွေးများစွာတင်နေပြီး သမီးဖြစ်သူတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းခံထားသည်၊ သို့မဟုတ် သူတို့ဘာဖြစ်မည်ကို ၎င်းမသိဟုဆိုသည်။
“သူတို့မလေးရှားထိ မသွားနိုင်တဲ့အတွက် ကျွန်တော် သိပ်ကိုဝမ်းနည်းတယ်” ဟု ကန်ဖူးကပြောသည်။
ကျော်ရဲလင်းနှင့် နော်ဘတ်တီဟန်တို့ အားဖြည့်ရေးသားသည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။