နန္ဒ
မြန်မာနိုင်ငံက အကျဉ်းထောင်အများစုတွင် သတ်မှတ်ထားသည့်ပမာဏထက် အကျဉ်းသားအရေအတွက် ပိုမိုများပြားနေသဖြင့် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံသုံးပြီးလျှော့ချရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကတိုက်တွန်းသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သတ်မှတ်လူဦးရေထက် ၂၀၀ ရာခိုင်နှုန်းကျော်နေသည့် အကျဉ်းထောင် သုံးခု၊ ၁၀၀ ရာခိုင်နှုန်းကျော်နေသည့် အကျဉ်းထောင် ခုနစ်ခုနှင့် ၉၀ ရာခိုင်နှုန်းကျော်နေသည့် အကျဉ်းထောင် နှစ်ခုရှိနေသည်။ (ဝင်ဆံ့အင်အားထက် ၂၀၀ ရာခိုင်နှုန်းကျော်ဆိုသည်မှာ လူ ၁၀၀ ရှိသင့်သည့်ထောင်တွင် လူ ၃၀၀ ကျော်ရှိခြင်းကိုဆိုလိုသည်။)
ကော်မရှင်သည် အကျဉ်းထောင် ၂၅ ခုနှင့် အကျဉ်းစခန်း ၂၅ ခုသို့ ယမန်နှစ်က စစ်ဆေးခဲ့ပြီးနောက် ၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာတွင် သုံးသပ်အကြံပြုထားခြင်းဖြစ်သည်။
“ကြောက်ဖို့အကောင်းဆုံးက ထောင်ထဲမှာ ကူးစက်ရောဂါဖြစ်ပွားမှာကိုပဲ။ ဖြစ်ရင် လူတွေအလုံးအရင်းလိုက် သေကုန်ကြလိမ့်မယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ထောင်ထဲ၌ လူကျပ်နေခြင်းအပေါ် သူ၏စိုးရိမ်ပူပန်မှုကိုပြောပြသည်။
class=
မူးယစ်အကျဉ်းသားအများဆုံး
မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေသူ တစ်ဝက်ကျော်ရှိနေသည့်အကျဉ်းထောင် ၂၄ ခုရှိနေကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်။ ရှမ်းပြည်နယ်ရှိညောင်ရွှေထောင်နှင့် ကချင်ပြည်နယ်ရှိမြစ်ကြီးနားထောင်တို့တွင် အခြားအမှုကြောင့် အကျဉ်းကျနေသူ တစ်ထောင်ပင်မပြည့်သော်လည်း မူးယစ်ဆေးဝါးအမှုကြောင့် ထောင်ကျနေသူ ၂,၇၀၀ ကျော်စီ ရှိနေကြသည်။ အကျဉ်းထောင်ကျပ်တည်းမှုကို လျှော့ချရန် မူးယစ်ဆေးဝါး အကျဉ်းသားများနှင့်ပတ်သက်သည့် မူဝါဒများကို ပြန်လည်သုံးသပ်ရန် ကော်မရှင်ကအကြံပြုသည်။
“တကြိမ်တခါမှားယွင်းမိရုံနဲ့ နှစ်ရှည်လများ ထောင်ချခံရမယ့်အစား လူမှုရေးပြစ်ဒဏ်ပေးပြီး ထောင်ထဲမှာ လူကျပ်နေတာကို လျှော့ချသင့်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက အကြံပြုသည်။
ပြည်ထောင်စုလွှတ်တော်က မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ထားပြီးဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက နည်းဥပဒေပြင်ဆင်မှုနှင့် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ထားသင့်ကြောင်း ၎င်းကပြောသည်။
ထောင်ထဲတွင် မူးယစ်ဆေးဝါးမှုနှင့်ကျသည့် အကျဉ်းသားများသည့်အလျှောက် မူးယစ်ဆေးဝါး ခိုးသွင်းမှုများလည်း များပြားလျက်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းစိုးထွန်းက ပြောသည်။
class=
စဉ်းစားပေးသင့်သူများ
လူအများ ဝင်ထွက်သွားလာနေသည့် စားသောက်ဆိုင်ရှိအိမ်သာတွင် မူးယစ်ဆေးဝါး အနည်းငယ်တွေ့ရှိသဖြင့် ထောင်ကျနေသည့် စားသောက်ဆိုင်ပိုင်ရှင်များနှင့် မူးယစ်ဆေးမသုံးစွဲ မရောင်းချသော်လည်း သုံးစွဲရောင်းချသူများနှင့်အတူ သွားလာစဉ် အဖမ်းခံရ၍ အားပေးကူညီသူဟုဆိုကာ ထောင်ချခံရသူများနှင့်ပတ်သက်ပြီး မူဝါဒများကို ပြန်လည်စဉ်းစားသင့်ကြောင်း ကော်မရှင်ကအကြံပြုသည်။
000_1d06f3_0.jpg
title=
အမှုဆင်ဖမ်းဆီးခံရသူများနှင့် အမှုစစ်ရဲတပ်ဖွဲ့ဝင်များက သံသယရှိသူကို နှိပ်စက်ညှဉ်းပန်းပြီး အဓမ္မဝန်ခံစေခြင်းတို့ကြောင့်လည်း ထောင်များကျပ်ရကြောင်း ကော်မရှင်ကသုံးသပ်သည်။ ထို့အပြင် ခိုးဆိုးလုယက် ရာဇဝင်လူဆိုးများက ဒုစရိုက်မှုများ အလွယ်တကူကျူးလွန်ပြီး ထောင်သို့အကြိမ်ကြိမ် ပြန်လာကြခြင်းကလည်း ထောင်များကိုပိုကျပ်စေသည်ဟု ကော်မရှင်ကသုံးသပ်သည်။
အချုပ်သားများ
ကော်မရှင်စစ်ဆေးချိန်၌ အကျဉ်းထောင်များတွင် အကျဉ်းသား ငါးသောင်းနီးပါးရှိသည့်အနက် တစ်သောင်း သုံးထောင်ကျော်မှာ အချုပ်သားများဖြစ်နေရာ အကျဉ်းသားစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနီးပါး ပမာဏလည်းဖြစ်သည်။ နာမည်ကျော်အင်းစိန်ထောင်ထဲတွင် ထက်ဝက်ကျော်မှာ အချုပ်သားများဖြစ်ကြသည်။ အင်းစိန်ထောင်ပြီးလျှင် ဖျာပုံထောင်က အများဆုံးဖြစ်ပြီး နယ်ထောင် ၁၂ ခု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်းမှာ အချုပ်သားများဖြစ်ကြသည်။
အချုပ်သားဦးရေ လျှော့ချနိုင်မည့်နည်းလမ်းများ ဖော်ဆောင်သင့်ကြောင်း ကော်မရှင်ကအကြံပြုသည်။ စစ်ဆေးချိန်ကာလ တစ်နှစ်မှ နှစ်နှစ်ကျော်အထိ ကြာမြင့်လာသောအချုပ်သားများ၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် တိုင်ကြားလာသဖြင့် ရေရာမှုမရှိဘဲ ဥပဒေအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူများနှင့်စပ်လျဉ်း၍ နည်းလမ်းရှာဖွေသင့်ကြောင်း ကော်မရှင်ကဥပမာပေးသည်။
“အရေးအကြီးဆုံးကတော့ ထောင်ထဲမရောက်သင့်တဲ့သူ ထောင်ထဲရောက်မလာစေဖို့ပဲ” ဟု အကျဉ်းဦးစီးဌာနမှ ဦးမင်းစိုးထွန်းကပြောသည်။
ထိုသို့ဖြစ်ရန်မှာ ရဲတပ်ဖွဲ့၊ ဥပဒေရုံး၊ တရားရေးနှင့် အကျဉ်းဦးစီးဌာနတို့ စုပေါင်းဆောင်ရွက်မှဖြစ်မည်ဟု ၎င်းကပြောသည်။
“အချုပ်လွတ်ထုချေခွင့်တွေ ပေးရမယ်။ ရေရာသေချာမှုမရှိဘဲ တိုင်ကြားတာနဲ့အချုပ်ထဲတန်းပို့တယ်။ ခြောက်လလောက် အမှုစစ်ပြီးမှ အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်တယ်။ အချုပ်ခံရတဲ့လူလည်း အရမ်းနစ်နာတယ်လေ” ဟု ဥပဒေအကြံပေးအဖြစ်ပါ ဆောင်ရွက်နေသူ ဦးခင်မောင်မြင့်ကပြောသည်။
class=
သေဒဏ်နှင့်နှစ်ကြီးသမားများ
အကျဉ်းထောင်များတွင် သေဒဏ်ကျအကျဉ်းသား ၈၂ ဦး၊ သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်း လျှော့ချခံရသူ ၇၂၁ ဦးနှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူ ၂၅၄ ဦးရှိနေသည်။ အဆိုပါအကျဉ်းသားများက အခြားအကျဉ်းသားများအား အနိုင်ကျင့်မည်စိုး၍ ခွဲထားသင့်ကြောင်း ကော်မရှင်ကအကြံပြုသည်။
ထောင်ထဲတွင် လူကျပ်ခြင်းကြောင့် ဝန်ထမ်းများစီမံအုပ်ချုပ်မှု အခက်အခဲကြုံတွေ့နိုင်ကြောင်းလည်း ကော်မရှင်ကသတိပေးသည်။ ထောင်ထဲတွင် အိပ်စရာနေရာကျဉ်း၍ အကျဉ်းသားများကျန်းမာရေး၊ လူမှုရေးပြဿနာများ ကြုံတွေ့နိုင်ခြင်း၊ များပြားလှသော အကျဉ်းသားများအတွက် နိုင်ငံတော်ကလည်း ဘဏ္ဍာငွေပိုသုံးရခြင်းတို့ကြောင့် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ လျှော့ချနိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြုသင့်ကြောင်း ကော်မရှင်ကအကြံပြုသည်။
သမ္မတ ဦးဝင်းမြင့်က မြန်မာနှစ်သစ်ကူးကာလနောက်ပိုင်း ဧပြီ ၁၇ ရက်မှ မေလ ၇ ရက်အတွင်း လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်ဖြင့် အကျဉ်းသား ၂၃,၀၀၀ ကျော် လွှတ်ပေးခဲ့သည်။ လွတ်ငြိမ်းသက်သာခွင့် နောက်ဆက်တွဲအဖြစ် ထောင်ဆူပူမှုများဖြစ်ပွားလာခဲ့သည်။
“အရင်က ကျပ်တာမှန်တယ်။ သမ္မတလွတ်ငြိမ်းခွင့်ပေးအပြီးမှာတော့ တော်တော်ပြန်ချောင်သွားတယ်” ဟု အကျဉ်းဦးစီးဌာနမှ ဦးမင်းစိုးထွန်းကပြောသည်။
သို့သော် ပြန်ဝင်လာသည့် အကျဉ်းသားနှင့် အချုပ်သားများလည်းရှိနေရာ မကြာမီ ထောင်များပြန်ကျပ်လာနိုင်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
ထို့အပြင် အကျဉ်းဝန်ထမ်းအင်အားနှင့် အကျဉ်းသားဦးရေမှာ ကွာခြားလွန်းနေသေးသည်။
အကျဉ်းဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား၁၀,၅၉၃ ရှိနေသော်လည်း ခြောက်ထောင်ကျော်သာ ခန့်အပ်ထားနိုင်သည်။
လက်ရှိတွင် ယင်းဝန်ထမ်းခြောက်ထောင်ကျော်က အကျဉ်းသားနှင့် အချုပ်သားရှစ်သောင်းဝန်းကျင်ကို ထိန်းသိမ်းနေရခြင်းဖြစ်သည်။