နေပြည်တော်၊ သြဂုတ် ၂၂
နမ္မတီးမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်လာကြသူများထံ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်မည့် ယာဉ်တန်းတွင် လိုင်စင်မဲ့ယာဉ်များ ပါဝင်လာမှုကြောင့် တားဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့က သတင်းထုတ်ပြန်သည်။
နမ္မတီးမြို့၊ ကဆုန်ရွာတွင် ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့် တိမ်းရှောင်လာသူတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းမှာ မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည့် ကာမိုင်းစုပေါင်းဂိတ်အနီးတွင် သြဂုတ် ၁၇ ရက်နေ့က တားဆီးခံခဲ့ရသည်ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ မီဒီယာ တာဝန်ခံ ကိုတူးလွင်က Myanmar Now သတင်းဌာနကို သြဂုတ် ၁၇ ရက်နေ့က ပြောကြားသည်။
အဆိုပါမော်တော်ယာဉ်များမှာ ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်များဖြစ်ကြောင်းနှင့် ဖောင်ဒေးရှင်းတာဝန်ခံတို့က ဆက်လက် ညှိနှိုင်းနေဆဲဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်မူ “ဖားကန့်မြို့ရှိ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးလမောင်လတောင် ဦးဆောင်သော လူ ၃၁ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် ၈ စီး အနက် ၄ စီးမှာ လိုင်စင်မဲ့ယာဉ်များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်” ဟု ဖော်ပြထားသည်။
လိုင်စင်မဲ့ယာဉ်များဖြစ်သောကြောင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကာမိုင်းမြို့၊ နယ်မြေရဲစခန်းသို့ အပ်နှံရန်စီစဉ်ခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
သို့သော် အဆိုပါမော်တော်ယာဉ်လေးစီးပေါ်ပါ ထောက်ပံ့ရေးပစ္စည်းများကို ကာမိုင်းမှ နမ္မတီးသို့ ဆက်လက် ပို့ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက ၆ ဘီးယာဉ် တစ်စီးအား စီစဉ်ပေးခဲ့သည်ဟုဆိုသည်။
သို့သော် “အဆိုပါအဖွဲ့မှ လက်မခံဘဲ ပတ်ဝန်းကျင်ကျေးရွာများမှ အမျိုးသမီးငယ်များအပါအဝင် လူအင်အား ၁၀၀ ခန့် ဝန်းရံ၍ လိုင်စင်မဲ့ယာဉ် ၄ စီးအား ရဲစခန်းအနီးရှိ ကောင်ရာနှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ ဥပဒေမဲ့ ရွှေ့ပြောင်း ဝင်ရောက်သွားခဲ့သည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
သို့သော် နောက်ပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုအရ လိုင်စင်မဲ့ယာဉ် ၄ စီး နှင့်အတူ ယာဉ်မောင်း ၄ ဦးတို့ကို ကာမိုင်းမြို့၊ နယ်မြေရဲစခန်းသို့ သြဂုတ် ၂၀ ရက်နေ့တွင် လာရောက်အပ်နှံခဲ့ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများအား ကချင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိမ်းရှောင်ထွက်ပြေးသူတို့ကို ကူညီရန် လာရောက်သည့် အခြားအဖွဲ့များမှာမူ ထိုသို့သော အခက်အခဲနှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း လမ်းခွကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ကျောင်းမှ သင်းထောက်ဆရာ ဦးဆိန်ဂေါင်က Myanmar Now ကို ပြေကြားသည်။
“တခြားအဖွဲ့တွေကတော့ ချောချောမောမော ရောက်လာတာပဲ။ ဒီတစ်ဖွဲ့ကျမှ တားဆီးခံရတယ်လို့ကြားတာ” ဟု ဦးဆိန်ဂေါင်က ဆိုသည်။
ပစ်ခတ်မှုကြောင့် တိမ်းရှောင်လာသူ ၆ဝဝ ကျော်ကို ကျောင်းတွင် နေရာထိုင်ခင်းပေးထားကြောင်း၊ သောက်သုံးရေ လိုအပ်နေသကဲ့သို့ ချက်ပြုတ်ကျွေးမွေးရန် နေ့စဉ် ဆန် ၆ အိတ်ခန့် လိုအပ်ကြောင်းလည်း ၎င်းကပြောကြားကြောင်း ဆက်လက်ရေးသားထားသည်။
ထို့ပြင် တိမ်းရှောင်လာသူတို့အတွက် နေရာထိုင်ခင်း အခက်အခဲ ရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဆန်က ပြောသည်။
ကက်သလစ်ခရစ်ယာန်ကျောင်းတွင်လည်း တိမ်းရှောင်လာသူ ၄၈၉ ယောက် ရှိခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ၂ဝဝ ကျော်ကို မြို့ဦးရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ကျောင်းသို့ ပြောင်းရွှေ့ နေရာချပေးထားကြောင်း ၎င်းကပြောသည်။