ထိုင်း-မြန်မာနယ်ခြားက ပိုင်သူမဲ့နယ်မြေ

တရားဥပဒေစိုးမိုးမှု မရှိရုံမျှမက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ နေရာအဖြစ်လည်း သတင်းကျော်ကြားနေသည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ငွေရောင်လက်နေသော မြစ်ကမ်းနဖူးတွင် လူရာပေါင်းများစွာ တရားမဝင် ကျူးကျော် နေထိုင်လျက်ရှိကြသည်။

ဘရန်နန် အိုကွန်နာ ရေးသားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အကြားတွင် ကြပ်ကြပ်ညပ်ညပ် နေထိုင်နေကြသည့်နေရာမှာ ဒေသခံများအကြားတွင် “ပိုင်သူမဲ့ နယ်မြေ” (No Man’s land) အဖြစ် လူသိများသော ကျူးကျော်ရပ်ကွက်ကြီးတစ်ခုပင် ဖြစ်သည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးက ထိုနေရာကို ထိန်းချုပ်ရန် သိသိသာသာ စိတ်ပါဝင်စားမှုမရှိမှုကို ပြသထားသောကြောင့် ပိုင်သူမဲ့နယ်မြေအဖြစ် လူသိများရခြင်းလည်း ဖြစ်သည်။

ထိုင်းနယ်စပ်တစ်လျှောက် ၁ ဒသမ ၆ ဟက်တာ အကျယ်အဝန်းကို လွှမ်းခြုံထားသည့် ပိုင်သူမဲ့နယ်မြေမှာ သောင်ရင်းမြစ်ပေါ်တွင်တည်ရှိသည့် သွယ်လျကျဉ်းမြောင်းသော နယ်နိမိတ်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် ဆင်းရဲမွဲတေလှသည့် မြန်မာနိုင်ငံသား ရာပေါင်းများစွာအတွက် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်မှ ခိုလှုံရာ နေရာလေးတခု ဖြစ်သည်။

ဤနေရာအား အနီးတဝိုက်မှ ရွာခံများက အင်္ဂလိပ်ဘာသာဖြင့် No Man’s Land ဟု ခေါ်ဆိုနေကြသည်။ မြန်မာဘာသာဖြင့် ရေလည်ကျွန်းဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ နယ်စပ်တစ်လျောက်ရှိ ထိုကဲ့သို့သော နေရာအများအပြားအနက် တစ်ခုဖြစ်ပြီး နေထိုင်သူအများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ ၎င်းတို့မှာ အကျင့်ပျက်ခြစားမှု၊ အမြတ်ထုတ် ဂုတ်သွေးစုတ်မှုနှင့် ဆင်းရဲမွဲတေမှုဒဏ်များကို အများဆုံး ခံစားခဲ့ကြရသူ သားကောင်များပင် ဖြစ်ကြသည်။

ပိုင်သူမဲ့ကျွန်းပေါ်တွင် နေထိုင်သူအချို့က နယ်ခြားမျဉ်းပေါ်တွင် စီးကရက်ရောင်းချခြင်းဖြင့် အသက်မွေးကြသည်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ပိုင်သူမဲ့ကျွန်းပေါ်တွင် နေထိုင်သူအချို့က နယ်ခြားမျဉ်းပေါ်တွင် စီးကရက်ရောင်းချခြင်းဖြင့် အသက်မွေးကြသည်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ပိုင်သူမဲ့နယ်မြေတွင် နေထိုင်ကြသူအများစုမှာ ရွေ့လျား ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအဖြစ် အသက်မွေးကြပြီး ထိုင်းနှင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများထံ မြန်မာနှင့် တရုတ်နိုင်ငံထုတ် စီးကရက်များ ရောင်းချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများ ကောက်ယူ စုဆောင်းခြင်းနှင့် တောင်းရမ်းစားသောက်သူများလည်း ရှိကြသည်။

၎င်းတို့၏ အခြားသော အဓိကစီးပွားရေးလုပ်ငန်းတစ်ခုမှာမူ ပိုင်သူမဲ့နယ်မြေအား တရားဥပဒေမဲ့ နယ်မြေဟူသော အမည်ဆိုးဖြင့်ကျော်ကြားစေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပင် ဖြစ်သည်။ အထူးသဖြင့် အမှောင်ထု ဖုံးလွှမ်းသွားသောအခါ ထိုနေရာကို စောင့်ကြပ်နေကြသည့် ထိုင်းစစ်သားများ စခန်းသို့ ပြန်သွားကြချိန်၌ ဖြစ်သည်။

မြန်မာနယ်ခြားစောင့်တပ်များကလည်း ပိုင်သူမဲ့နယ်မြေရှိ တရားမဝင် လုပ်ကိုင်ဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိနေသည်ဟု အနီးတစ်ဝိုက်ရှိ ဒေသခံများက ပြောဆိုကြသည်။ အခြားသူများကမူ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အခြားပြစ်မှုများကို မျက်ကွယ်ပြုရန်အတွက် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးမှ ရဲတပ်ဖွဲ့ဝင်များက လာဘ်စားနေကြသည်ဟု ဆိုသည်။

ပိုင်သူမဲ့နယ်မြေအား ၎င်းတို့ အုပ်ချုပ်ခွင့်ရှိသည်ဟု ထိုင်းနှင့် မြန်မာ နှစ်ဖက်လုံးက ဆိုကြသော်လည်း ထိုဒေသသို့ ထိုင်းရဲများ ခြေချသည်မှာ အလွန်ရှားပါးလှသည်။

နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရေးတံတားပေါ်တွင် စောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရေးတံတားပေါ်တွင် စောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

နွေရာသီ ရောက်ရှိလာသောအခါတွင် ကျူးကျော်သူများ စုဝေးနေထိုင်ရာနေရာများ အနီးတဝိုက်ရှိ ချုံနွယ်ပိတ်ပေါင်းများကို မီးရှို့ရန်အတွက် မြန်မာနိုင်ငံဘက်က ရဲတပ်ဖွဲ့ဝင်များကို မြစ်လည်ခေါင်သို့ စေလွှတ်လေ့ရှိသည်။ သို့သော်လည်း ရဲများ လာရောက်မီးရှို့မည်ကို တစ်နည်းနည်းဖြင့် ကြိုတင်သိရှိနေသည့်အလား ထိုနေရာတွင် နေထိုင်သူများမှာ အခြားနေရာသို့ ယာယီပြောင်းရွှေ့ နေထိုင်ကြပြီး မီးရှို့ပြီးနောက်တွင်မှ ပြန်လည် လာရောက် နေထိုင်ကြလေ့ရှိသည်။

လတ်တလော ထွက်ပေါ်လာသော သက်သေအထောက်အထားများအရ ပိုင်သူမဲ့နယ်မြေနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များက တရားဝင် ပတ်သက်မှုမရှိသော အခြအနေမှာ ပြောင်းလဲနိုင်ဖွယ်ရှိနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပိုင်သူမဲ့နယ်မြေပေါ်တွင် ထိုင်းနှင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ  နာရီအတော်ကြာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်ဟု အမည်မဖော်ပြလိုသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက Frontier ကို ပြောကြားခဲ့သည်။

မဲဆောက်တွင် နေထိုင်သည့် ထိုအလုပ်သမားက ကျူးကျော်ရပ်ကွက်အနီးရှိ တရားမဝင် နယ်စပ် ဖြတ်ကျော်ဂိတ်၌ ထိုင်းဘက်သို့ ပြန်မည့်အချိန်တွင် ထိုစီးနင်းရှာဖွေမှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်ကမ်းမှ လှေပေါ်တွင် ရှိနေစဉ်အတွင်း ၎င်း၏ မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် ဝင်ရောက် စီးနင်းနေသော ဓာတ်ပုံများအား ၎င်းအလုပ်သမားက Frontier ကို ထုတ်ပြခဲ့သည်။

နယ်စပ်အား တရားမဝင်ဖြတ်ကျော်သည့်နေရာတစ်ခုတွင် ထိုင်းစစ်သားများက ရှာဖွေနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

နယ်စပ်အား တရားမဝင်ဖြတ်ကျော်သည့်နေရာတစ်ခုတွင် ထိုင်းစစ်သားများက ရှာဖွေနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ပိုင်သူမဲ့နယ်မြေသို့ လတ်တလော ရောက်ရှိလာသူမှာ ၎င်းနေထိုင်ရာ မြဝတီမြို့အနီးတစ်ဝိုက်တွင် မြန်မာရဲများ၏ ဒုက္ခပေး နှောက်ယှက်မှုမှ ရှောင်ရှားရန် ရွှေ့ပြောင်းလာသည့် အသက် ၁၂ နှစ်အရွယ် မောင်ကျော်လင်း (အမည်အရင်း မဟုတ်) ပင် ဖြစ်သည်။

“သူတို့က ကျွန်တော်တို့ကို ဖမ်းဆီးပြီး ရိုက်နှက်ကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ကျော်လင်းသည် သူ၏ မိသားစုနှင့်အတူ ပဲခူးတိုင်းဒေသကြီးမှ မြဝတီသို့ လွန်ခဲ့သော နှစ်အနည်းငယ်က ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူမှာ အခြားအမျိုးသမီးတစ်ဦးအား ဘန်ကောက်သို့ ခိုးပြေးသွားပြီးနောက် အရက်စွဲနေသောမိခင်နှင့်အတူ သူသာ ကျန်ရစ်ခဲ့လေသည်။ ကျော်လင်းမှာ မြဝတီရှိ လေလွင့်ကလေးငယ်များနှင့်အတူ ညလုံးပေါက် နေထိုင်တတ်လာသည်။ သူ၏မိခင် ဆုံးပါးသွားပြီးနောက် အဒေါ်နှင့်အတူ သွားရောက်နေထိုင်ခဲ့သော်လည်း မကြာမီတွင် လေလွင့်ကလေးငယ်ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ပိုင်သူမဲ့နယ်မြေပေါ်တွင် နေထိုင်ရခြင်းမှာ ပျော်ရွှင်စရာ ကောင်းသည်ဟု သူကပြောသည်။

“ကျွန်တော့်အတွက် ဒီနေရာမှာ အိပ်နိုင်၊ စားနိုင်၊ ပိုက်ဆံရှာနိုင်တယ်။ လွတ်လပ်တယ်။ ဘယ်သူမှ ကျွန်တော့်ကို လာမစစ်ဖူး” ဟုလည်း ကျော်လင်းက ပြောသည်။

တောင်းရမ်းခြင်းအပြင် တရားမဝင် နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် မှတ်ပုံတင်မဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အိတ်များကို ကူညီသယ်ဆောင်ပေးခြင်းအားဖြင့် တစ်နေ့လ ျှင် ထိုင်းဘတ်ငွေ ၄၀၀ မှ ၅၀၀ (ကျပ် ၁၄,၆၀၀ မှ ၁၈,၂၇၀) ကြား ဝင်ငွေ ရရှိနေသည်ဟု ကျော်လင်းက ပြောသည်။။ သူရရှိသည့် ဝင်ငွေများအား သူနှင့် သွေးသားတော်စပ်ခြင်းမရှိသော်လည်း သူ၏မိထွေးဟုဆိုသည့် အမျိုးသမီးတစ်ဦးထံ ပေးအပ်ရသည်ဟု ကျော်လင်းက ပြောသည်။

နယ်စပ်အနီး မဲဆောက်မြို့တွင် ကင်းလှည့်နေကြသည့် ထိုင်းစစ်သားများအား ကလေးငယ်များက ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

နယ်စပ်အနီး မဲဆောက်မြို့တွင် ကင်းလှည့်နေကြသည့် ထိုင်းစစ်သားများအား ကလေးငယ်များက ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

နေရာသစ်တွင် ကောင်းမွန်စွာ စားသာက်ရသည်ဟု သူက ပြောသော်လည်း သူ့နှင့် တွေ့ဆုံခဲ့သည့် နံနက်ခင်းအချိန်တွင်ပင် ကျော်လင်းမှာ ဆာလောင်မွတ်သိပ်နေသည်ကို တွေ့ရှိ သတိထားမိခဲ့သည်။

စာမတတ်သည့် ကျော်လင်းအား ကျောင်းတက်ချင်သလားဟု မေးမြန်းကြည့်သည့်အခါ ကျောင်းတက်ချင်သော်လည်း အဝတ်လျှော်ခြင်း၊ ရေခပ်ခြင်းများနှင့် နေ့စဉ်ဝင်ငွေအတွက် ရှာဖွေရခြင်းများကြောင့် ကျောင်းတက်ရန် အချိန်လောက်ငှစွာ မရှိဟု သူက ပြန်လည်ဖြေကြားခဲ့သည်။

ပိုင်သူမဲ့နယ်မြေပေါ်ရှိ ကလေးအချို့သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် မဲဆောက်၌ ဖွင့်လှစ်ထားသော Agape မိဘမဲ့ဂေဟာနှင့် ဘော်ဒါကျောင်းတွင် ပညာသင်ယူခဲ့ကြဖူးသည်။ သို့ရာတွင် ကျောင်းသူအချို့ကို အဓမ္မပြုကျင့်သည်ဟူသော စွပ်စွဲချက်ကြောင့် ထိုကျောင်း၏ ကျောင်းအုပ်ဖြစ်သူမှာ မြန်မာနိုင်ငံဘက်သို့ ၂၀၁၃ ခုနှစ်တွင် ထွက်ပြေးလာခဲ့ပြီးနောက် အခြေအနေများလည်း ပြောင်းလဲသွားခဲ့သည်။ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့သစ်က ပိုမိုတင်းကြပ်သော ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ရာ ပိုင်သူမဲ့နယ်မြေမှ ကျောင်းသူ၊ ကျောင်းသားများမှာ ကျောင်းအပ်နှံရေး နောက်ဆုံးရက်နှင့် လွဲချော်သွားခဲ့ရသည်။ ထိုအချိန်မှစတင်ပြီး ကျောင်းစာသင်ခန်းများဆီသို့ ၎င်းတို့ ပြန်လာခြင်း မရှိတော့ဟု ကျောင်းအဆောင် နည်းပြဖြစ်သူ ဒေါ်သဉ္ဇာဦးက ပြောသည်။

ယခင် ကျောင်းအုပ်ဟောင်းသည် ပိုင်သူမဲ့နယ်မြေမှ ကလေးများ ပညာသင်ကြားခွင့်ရရှိရေးကို အလွန်လိုလားသူဖြစ်ပြီး ၎င်း၏ ဘတ်စ်ကားဖြင့်ပင် နယ်စပ်မှ ကျောင်းအကြို၊ အပို့ လုပ်ပေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။

ပိုင်သူမဲ့နယ်မြေ၏ မြင်ကွင်း။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ပိုင်သူမဲ့နယ်မြေ၏ မြင်ကွင်း။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ဆင်းရဲနွမ်းပါးသော မိသားစုများအတွက်မှာမူ ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် ဝင်ငွေလုံလောက်စွာ ရှာဖွေခြင်းကိုသာ ဦးစားပေးနေရသည့်အတွက် ကလေးများအား ကျောင်းထားစေရန် မိဘများကို သိမ်းသွင်းပြောဆိုရသည်မှာ တခါတရံတွင် ခက်ခဲသည်ဟု ဒေါ်သဉ္ဇာဦးက ပြောကြားသည်။

“ကလေးတွေ ကျောင်းသွားမယ်ဆိုရင် သူတို့က မိသားစုအတွက် မကူညီပေးနိုင်တော့တဲ့အတွက် မိဘတွေက သူတို့ ကလေးတွေရဲ့ ပညာရေးကို ဂရုမစိုက်ကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

ရံဖန်ရံခါတွင်မူ မိဘများက အငယ်ဆုံးကလေးကိုသာ ကျောင်းတက်စေခဲ့ကြသည်။ ထိုကလေးများမှာ မိသာစုအတွက် ဝင်ငွေအနည်းဆုံး ရှာဖွေပေးသူများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

“သူတို့တွေက အခြားကလေးတွေနဲ့ မတူပါဘူး” ဟု ဒေါ်သဉ္ဇာဦးက ပြောကြားသည်။ ၎င်းတို့က ထိုးကြိတ် သတ်ပုတ်ရန် အလားအလာပိုများသူများ ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် အချို့ကျောင်းသားများမှာ အလွန်တရာ ဉာဏ်ရည်ထက်မြက်ကြပြီး ရောင်းဝယ်ဖောက်ကားဖူးသော ၎င်းတို့၏ ဘဝအတွေ့အကြုံကြောင့် အခြားကျောင်းသားများထက် သချာၤဘာသာရပ်တွင် ပိုတော်ကြသည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများအား နယ်စပ်ဂိတ်တွင် ထိုင်းစစ်သားများက ရှာဖွေနေစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများအား နယ်စပ်ဂိတ်တွင် ထိုင်းစစ်သားများက ရှာဖွေနေစဉ်။ ဓာတ်ပုံ-ဘရန်နန် အိုကွန်နာ

ဒေါ်သဉ္ဖာဦး၏ အဆိုအရ ပိုင်သူမဲ့နယ်မြေမှ အသက် ၁၁ နှစ်အရွယ်ခန့်သာ ရှိသေးသော ကလေးငယ်များသည် ရာဘကဲ့သို့သော မူးယစ်ဆေးဝါးများ၏ လွှမ်မိုးမှုအောက်တွင် ရှိနေသည့် အခြေအနေများမှ ကျောင်းသို့ ရောက်လာခဲ့ကြဖူးသည်ဟုဆိုသည်။ ၎င်းတို့မိဘများက ရောင်းချရန် ၎င်းတို့ကို ပေးထားသော မူးယစ်ဆေးများကို အချို့က သုံးစွဲခဲ့ကြသည်ဟုလည်း ဒေါ်သဉ္ဖာဦးက သံသယဖြစ်မိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကော်မူရာ ကရင်လူငယ်အဖွဲ့ဝင်များက ပိုင်သူမဲ့နယ်မြေပေါ်တွင် မူးယစ်ဆေး နှိမ်နင်းရေးအတွက် စတင်ဆောင်ရွက်ခဲ့သည်။ ထိုနှိမ်နင်းရေးအား နယ်ခြားစောင့်တပ်နှင့် မြဝတီမြို့ရဲတပ်ဖွဲ့တို့က ခွင့်ပြုခဲ့ပြီး မူးယစ်ဆေးစွဲနေသည့် ကရင်လူငယ်များအတွက် ကောင်းမွန်ပါသည်ဟု ဤအဖွဲ့ဥက္ကဌ စောမိုးဇက်၏ ပြောကြားမှုကို ကိုးကားကာ ကရင်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရာဘဆေးပြား ၅,၀၀၀၊ ဆေးခြောက် ၂ ဒသမ ၄ ကီလိုဂရမ်၊ အမ်-၁၆ ရိုင်ဖယ် တစ်လက်၊ အခြားသေနတ် သုံးလက်၊ ခဲယမ်းများနှင့် လက်လုပ်ဗုံးတစ်လုံးကို လက်ဝယ်ပိုင်ဆိုင်သည်ဟုဆိုသည့် သံသယရှိဖွယ် လူသုံးဦးအား အဖွဲ့က ဖမ်းချုပ်ခဲ့ပြီးနောက် မြဝတီရဲဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

ပိုင်သူမဲ့နယ်မြေပေါ်တွင် နေထိုင်သည့် ကျော်လင်းသည် ညအချိန်ရောက်လာပြီဆိုပါက အိမ်အပြင်ဘက်သို့ စွန့်စားသွားလာဝံ့ခြင်း မရှိပေ။

“ညတိုင်းလိုလို အော်ဟစ်ပြောဆိုတာတွေ၊ တိုက်ခိုက်တာတွေ ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။ ၎င်း၏ မိထွေးကလည်း အိမ်အပြင်ဘက်ရှိ အကြမ်းဖက်မှုများကို လစ်လျူရှုထားရန် ၎င်းကို ပြောကြားထားသည်ဟု ဆိုသည်။

“ကောင်းကောင်း အိပ်လို့မရဘူး။ အရမ်းဆူညံနေတယ်” ဟုကျော်လင်းက ပြောသည်။

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar