စာရွက်စာတမ်း အထောက်အထားမရှိသည့် အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေသစ်တစ်ခုကို ထိုင်းနိုင်ငံ၌ ယခုရက်သတ္တပတ်တွင် စတင်တော့မည်ဖြစ်ရာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအခြေချ မြန်မာမူဆလင်များမှာ တရားစွဲခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့ နေထိုင်မှုအား တရားဝင်ဖြစ်စေရန် လိုအပ်သော အထောက်အထားများကို ထုတ်ပေးရန် မြန်မာအစိုးရက ငြင်းဆန်ထားသောကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပြောကြားသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအခြေချ လုပ်သားအားလုံး ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ရန် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အထောက်အထားကို ဇွန် ၃ဝ ရက်နေ့အတိုင်မီ အတည်ပြုချက် ရယူထားရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ထိုလုပ်ငန်းစဉ်ကို ပြီးစီးအောင် မလုပ်ဆောင်နိုင်သူများအနေဖြင့် တရားမဝင် ရွှေ့ပြောင်းအခြေချသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ဖမ်းဆီးခံရပါက ဒဏ်ငွေ ဘတ် ၅ဝ,ဝဝဝ (ကျပ် ၂ ဒသမ ၁ သန်း)အထိ ဒဏ်ရိုက်ခံရမည့်အပြင် ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် (work permit) နှစ်နှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည်။
၎င်းတို့ အထောက်အထားမရှိရခြင်းမှာ မှတ်ပုံတင်သည့် လုပ်ငန်းစဉ်တွင် ပါဝင်သော မြန်မာအရာရှိများ၏ စနစ်တကျ ခွဲခြား ဆက်ဆံခြင်းကြောင့်ဖြစ်ကြောင်း မဲဆောက်ရှိ Burma Human Rights Network (BHRN)က ၂ဝ၁၈ ခုနှစ်၊ မတ်လမှ မေလအတွင်း စစ်တမ်းကောက်ယူခဲ့သည့် မြန်မာမူဆလင် ရွှေ့ပြောင်းအခြေချလုပ်သား အသိုင်းအဝိုင်းလေးခုက ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံ၊ နိုင်ငံခြားသတင်းထောက်များကလပ်သို့ ဇွန် ၂၆ ရက်နေ့က တင်သွင်းခဲ့သော အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လူ့အသိုင်းအဝိုင်းအချို့အပေါ် ထိခိုက်စေသည့် နိုင်ငံမဲ့ဖြစ်ခြင်းက ထိုင်းနိုင်ငံတွင် ပြသနာတစ်ခုဖြစ်လာပြီး မြန်မာမူဆလင် ရွှေ့ပြောင်းလုပ်သားများအား ပိုမို အားအင်ချည့်နဲ့သွားစေသည့်အပြင် ရွှေ့ပြောင်းလုပ်သားအားလုံး မှတ်ပုံတင်စေမည့် ထိုင်းအစိုးရပေါ်လစီကိုလည်း အားနည်းစေခဲ့သည်ဟု BHRN ကပြောသည်။ အသိအမှတ်ပြု ကတ်မရှိသော၊ သို့မဟုတ် အိမ်ထောင်စုမှတ်ပုံတင် အထောက်အထားများမရှိသူများအနေဖြင့် မြန်မာအာဏာပိုင်များထံမှ အသိအမှတ်ပြုကတ်ပြား (Certificate if Identity) ကတ်ယူလာရမည်ဖြစ်သည်။ ထိုစီအိုင်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် (work permit) လျှောက်ထားနိုင်သည်။
မြန်မာအာဏာပိုင်များက တရားဝင် အိုင်ဒီကတ်၊ အိမ်ထောင်စုစာရင်းနှင့် မူလနေထိုင်ရာမှ ရဲတပ်ဖွဲ့၊ အာဏာပိုင်များ၏ ထောက်ခံစာများအပါအဝင် အခြားရွှေ့ပြောင်းလုပ်သားများထက် အထောက်အထားပိုမို တောင်းခံသည်ဟု မူဆလင် ရွှေ့ပြောင်းအခြေချသူများက ပြောသည်။
စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။ မည်သည့်မြန်မာနိုင်ငံသားမဆို ဘာသာမခွဲခြားဘဲ Certificate of Identity လျှောက်ထားနိုင်သည်ဟု ၎င်း Frontier ကို ပြောကြားသည်။
“သူတို့မှာ အမျိုးသားမှတ်ပုံတင်၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်း မရှိရင်တောင် မြန်မာနိုင်ငံမှာ သူတို့လာတဲ့နေရာက အလုပ်သမားရုံးကို ပြောပြီး စီအိုင် လျှောက်လို့ရပါတယ်။ သူတို့မူဆလင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ပါ” ဟု ၎င်းက ပြောသည်။
မြန်မာအာဏာပိုင်များသည် မူဆလင်များကို အမျိုးသားမှတ်ပုံတင် ထုတ်ပေးရန် စနစ်တကျငြင်းပယ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မူဆလင်တစ်ဦးအား လူမျိုးကို ဗမာအဖြစ်မှတ်ပုံတင်ရန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ငြင်းပယ်မှုကို BHRN က အစီရင်ခံခဲ့ပြီးဖြစ်သည်။ အာဏာပိုင်တို့က မွတ်စလင်များကို မွတ်စလင်အများစုရှိသော နိုင်ငံတစ်ခု၏ လူမျိုးတစ်မျိုး၊ ဥပမာ ဘင်္ဂါလီ၊ သို့မဟုတ် ပါကစ္စတန်လူမျိုးအဖြစ်သာ သတ်မှတ်ရန်လိုလားသည်။
ခွဲခြားဆက်ဆံမှုမှာ မူဆလင်ရွှေ့ပြောင်း အခြေချသူများကြား ပြဿနာတစ်ခုဖြစ်နေသည်သာမကဘဲ ယင်းသို့ပြဿနာက မြန်မာနိုင်ငံတွင်းမှာပင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံလျက်ရှိသည်ဟု Frontier တွင် ယခင်က ရေးသားခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ၏ မူဆလင်များမှာ ၎င်းတို့၏ လူမျိုးစုအမည်ကို ၎င်းတို့၏ အမျိုးသားမှတ်ပုံတင်ကတ်များတွင် လွတ်လပ်စွာ ဖော်ပြနိုင်ကြသည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပြားမှု တည်ဆောက်ရေးအဖွဲ့က မူဆလင်တို့၏ အမျိုးသားမှတ်ပုံတင်ကတ်များနေရာတွင် လက်ရှိသုံးလျက်ရှိသည့် ပန်းရောင်နိုင်ငံသား စိစစ်ရေးကတ်များနှင့် စတင်အစားထိုးခဲ့သည်။ ထိုစဉ်က လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် မူဆလင်များ၏ ကတ်များပေါ်တွင် ဘင်္ဂါလီဟု ရေးသားခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးတစ်ခု၏ ဒုတိယအကြီးအကဲတစ်ဦးက Frontier ကို ပြောကြားခဲ့သည်။
ယခုနှစ်တွင် BHRN ကမေးမြန်းခဲ့သည့် မြန်မာမူဆလင်အများစုက ၎င်းတို့အနေဖြင့် ယဉ်ကျေးမှုအရ မြန်မာအဖြစ်သာ ၎င်းတို့ကိုယ်၎င်း ရှုမြင်သည့်အတွက် မည်သည့်လူမျိုးစုအမည်ကိုမှ အသုံးမပြုလိုဘဲ ၎င်းတို့၏ အသိအမှတ်ပြု ကတ်ပေါ်တွင် မြန်မာမွတ်စလင်ဟု ဖော်ပြလိုကြောင်း ပြောကြားခဲ့ကြသည်။
ထိုင်းတွင် တရားစွဲခံရမည့် အန္တရာယ်မြင့်မားသော်လည်း BHRN ကမေးမြန်းခဲ့သော မူဆလင်အားလုံးနီးပါးက မြန်မာနိုင်ငံသို့ မပြန်လိုဘဲ ထိုင်းနိုင်ငံတွင်သာ ဆက်လက်နေထိုင်လိုကြသည်ဟု ပြောကြားကြသည်။ မွတ်စလင် လေးပုံသုံးပုံက စီးပွားရေးအခြေအနေ ဆိုးဝါးလွန်းသောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောကြားကြသည်။ လေးပုံတစ်ပုံ ဝန်းကျင်ကသာ ဘာသာရေးဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာသည်ဟု ဆိုသည်။
မြန်မာသည် နိုင်ငံတစ်ဝန်းတွင် မူဆလင်များ၏ နိုင်ငံသားဖြစ်မှုကို လျှော့ချရန် ကြိုးစားနေသောကြောင့် စိုးရိမ်ကြောင်း BHRN က ပြောကြားခဲ့သည်။ “ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်ရှင်းအရ မြန်မာနိုင်ငံရဲ့ တာဝန်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါတယ်” ဟု BHRN က ပြောကြားသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။