ရန်ကုန်၊ မတ် ၁၃
ထိုင်းရုပ်သံလိုင်းတစ်ခုမှာ ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုကို မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်ရဲ့ မိသားစုဝင်တစ်ဦးက ဝေဖန်လိုက်ပြီး အခြားနိုင်ငံတွေက တော်ဝင်မိသားစုတွေအပေါ် ဆက်ဆံရာမှာ ထိုင်းနိုင်ငံက စံနှစ်မျိုးထားရှိနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
မြန်မာတို့ရဲ့နောက်ဆုံးဘုရင်ဖြစ်သူ သီပေါမင်းရဲ့ မြစ်တော်တစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းက A Lady’s Flame (အမျိုးသမီးတစ်ဦး၏ မီးလျှံ) လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲကြောင့် သူတို့မိသားစု ဒေါသထွက်ရတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ ဒီဇာတ်လမ်းတွဲက နန်းတွင်းရေး သွေးထွက်သံယို အာဏာပြိုင်ဆိုင်တွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကို စိတ်ကူးယဉ် တိုင်းပြည်တစ်ခုမှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ကွက်တွေက မြန်မာနိုင်ငံမှာ ၁၉ ရာစုက ရှိခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေ တစ်ထပ်တည်းတူနေတာကို တွေ့ရပါတယ်။
၁၈၇၈ ခုနှစ်မှာ ဖခမည်းတော် ကွယ်လွန်ပြီးနောက် သီပေါမင်းသား ဘုရင်ဖြစ်ရေးမှာ ပြိုင်ဘက်မရှိစေဖို့အတွက် ဘုရင်မကြီးနဲ့ မင်းသမီးတွေက လူပေါင်းရာနဲ့ချီပြီး သုတ်သင်ဖို့ လျှို့ဝှက် စီစဉ်ခဲ့တာတွေကို ဖော်ကျူး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီလိုသတ်ဖြတ်မှုဟာ သမိုင်းမှတ်တမ်းပါ အချက်အလက်ဖြစ်ပေမယ့် သူ့တို့ရဲ့ ဘုရင်စနစ်ကို ဘယ်လိုဝေဖန်မှုမျိုးမှ မပြုလုပ်နိုင်အောင် ကာကွယ်ထားတဲ့ တိုင်းပြည်တစ်ခုက သူတို့ မိသားစုအကြောင်းကို ဒီလို ပုံဖော်ခဲ့တာဖြစ်တဲ့အတွက် သီပေါမိသားစုက စိတ်ဆိုးနေကြတာ ဖြစ်ပါတယ်။
“ဒါနဲ့ ပတ်သက်ပြီး ထိုင်းတွေကို ကျွန်တော်တို့ မေးကြည့်တယ်။ ကျွန်တော်တို့ ဒီကကုမ္ပဏီတွေက သူတို့တိုင်းပြည်အကြောင်း ဒီလိုမျိုးလုပ်ရင် သူတို့ လက်ခံနိုင်မလားဆိုတာကိုပေါ့” လို့ ဦးစိုးဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။
“ဘာမှ အရေးယူဆောင်ရွက်ပေးမှု မရှိဘူးဆိုရင် သူတို့ရဲ့ တော်ဝင်မိသားစုထံ ကျွန်တော်တို့ အကူအညီ တောင်းရပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
အထူးသဖြင့် ဒီဇာတ်လမ်းတွဲထဲမှာ တော်ဝင်မိသားစုဝင်တွေ တစ်ဦးကိုတစ်ဦး ပါးရိုက်ကြတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်လည်း အလွန်စိတ်ဆိုးရတယ်လို့ ဦးစိုးဝင်းက ဆိုပါတယ်။
“ဒါက အတော်ကို စော်ကားတာပဲ။ ကျွန်တော်တို့က အရိုင်းအစိုင်းတွေ ကျနေတာပဲ” လို့ သူက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံ Kantana Group က ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel 7 မှာ ပြသနေပါတယ်။
သတင်း-အေအက်ဖ်ပီ
ဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခု။
ဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခု။
ဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခု။
ဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်းတစ်ခု။