စစ်ရေးဗျုဟာများ၊ ချင်းတော်လှန်ရေးအကြောင်းနှင့် မင်းအောင်လှိုင်၏ အတွက်အချက်အမှားများကို ကဏ္ဍစုံပါဝင်သော တွေ့ဆုံမေးမြန်းခန်းတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါးက ဆွေးနွေးထားပါသည်။
လော်ကန်လက်ဗတ်၊ ဖရွန်တီးယား
ဇန်နဝါရီ၈ရက်တွင် ဖရွန်တီးယားသတင်းဌာနသည် သက်တမ်းရင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌဒေါက်တာရွှေခါးနှင့် တွေ့ဆုံခဲ့ပြီး အကြောင်းအရာအစုံအလင် မေးမြန်းခွင့်ရခဲ့သည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု အားနည်းလာသော်လည်း ချင်းတော်လှန်ရေးအဖွဲ့အစည်းများက အုပ်စုနှစ်ဖွဲ့ကွဲနေသည်။ တစ်ဖွဲ့သည် CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီနှင့် ကျန်တစ်ဖွဲ့မှာ ချင်းညီနောင်ဖြစ်ပြီး ထိုအဖွဲ့တွင် ၂၀၂၁နောက်ပိုင်း ထွက်ပေါ်လာသည့် ချင်းလက်နက်ကိုင် ခြောက်ဖွဲ့ပါဝင်သည်။
ထိုအကွဲအပြဲက ဘာသာစကားမတူညီကြသည့် ချင်းတိုင်းရင်းသားမျိုးနွယ်စုငယ်များအကြား နက်ရှိုင်းလှသည့် မညီညွတ်မှုကို ထင်ဟပ်နေသည်။ သို့သော် နှစ်ဘက်စလုံးကလည်း ၎င်းတို့အကြား အိုင်ဒီအိုလိုဂျီပိုင်းဆိုင်ရာနှင့် စစ်မဟာဗျူဟာဆိုင်ရာ သဘောထားကွဲလွဲမှုများရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အာဏာသိမ်းမှုမတိုင်ခင်က စစ်တပ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှုကို ထောက်ပြကာ လက်ရှိတော်လှန်ရေးအပေါ် CNF၏ သန္နိဋ္ဌာန်ကို ချင်းညီနောင်အဖွဲ့က မေးခွန်းထုတ်သည်။ CNF ကလည်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) ၏ ထိန်းချုပ်မှုကို ထောက်ပြကာ ချင်းညီနောင်နှင့် အေအေတပ်ဖွဲ့တို့၏ မဟာမိတ်ပြုမှုက ချင်းပြည်နယ်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့သည်။ ထို့ပြင် တော်လှန်ရေးကာလအလွန် ပေါ်ထွန်းလာမည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည့်ပုံစံသာမက ချင်းပြည်နယ်အတွင်း စုံလင်ကွဲပြားလှသည့် မျိုးနွယ်စုများကို မည်သို့ကိုယ်စားပြုမည်ဆိုသည့်အပေါ် အဆိုပါနှစ်ဖွဲ့အကြား သဘောထားကွဲလွဲလျက်ရှိနေသည်။
ဒေါက်တာရွှေခါးက ထိုတင်းမာမှုများအပြင်၊ နယ်နိမိတ်ချင်းထိစပ်နေရာ မကွေးနှင့် စစ်ကိုင်း ဒေသကြီးများရှိ စစ်ကောင်စီတပ်များကို ချေမှုန်းမည့် အစီအစဉ်များ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ၎င်း၏အမြင်များကို ဖရွန်တီးယားသို့ ပြောပြခဲ့သည်။ တွေ့ဆုံမေးမြန်းရာတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်ပြီး လိုရင်းတိုရှင်းဖြစ်စေရန် တည်းဖြတ်ထားသည်ကို မြန်မာဘာသာသို့ ပြန်ဆိုခြင်းဖြစ်ပါသည်။
မြန်မာစစ်တပ်ရဲ့ အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
မင်းအောင်လှိုင်က ပျုစောထီးတွေဖွဲ့တာ၊ ပင်စင်စားစစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်တာ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ သူတို့အခေါ် ရပ်ကျေးလုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီဆိုတာမျိုးတွေဖွဲ့ပြီးစစ်တပ်အင်အားကို ဖြည့်ဖို့ အများကြီး ကြိုးပမ်းခဲ့တယ်။ ဒီထဲက ကြိုးပမ်းမှုသုံးခုက မအောင်မြင်ခဲ့ဘူး။ စစ်မှုထမ်းကိစ္စကတော့ အောင်မြင်မလား၊ မအောင်မြင်ဘူးလား အသေအချာ ပြောလို့တော့မရသေးဘူး။ ရှေ့တန်းကို စစ်မှုထမ်းတွေပို့တဲ့အခါ သူတို့ ကောင်းကောင်း စစ်မတိုက်နိုင်ကြဘူး။ ရှမ်း၊ ကချင်၊ ရခိုင်နဲ့ တခြားနေရာတွေကို ကြည့်မယ်ဆိုရင်စစ်တပ်ရဲ့ အောင်ပွဲ တစ်ခုမှမတွေ့ရဘူး။ ကျနော် ထင်တာကတော့ စစ်တပ်ဟာ တချို့နေရာတွေကနေ ပြန်ဆုတ်ပြီး သူတို့အတွက် မဟာဗျူဟာကျတယ်လို့ သတ်မှတ်တဲ့ ဒေသတွေကိုပဲခုခံဖို့လုပ်လိမ့်မယ်။
ဒါက စစ်တပ်ဟာ နေပြည်တော်အပါအဝင် ဧရာဝတီမြစ်ဝှမ်းတလျှောက် မြေပြန့်ဒေသတွေဘက်ကို ပြန်ဆုတ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိပါသလား။
မှန်ပါတယ်။ အရင်ဆုံး သူတို့က ပြည်နယ်မြို့တော်တွေကို ကာကွယ်ဖို့ကြိုးစားလိမ့်မယ်။ တိုင်းရင်းသား ဒေသတွေက ကျန်နေတဲ့ စစ်စခန်းတွေကတော့ သိပ်ပြီး ခုခံကာကွယ်နေမှာမဟုတ်ဘူး။ ၂၀၂၅ ရဲ့ ပထမ ခြောက်လမှာ ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်။ မင်းအောင်လှိုင်က လွယ်လွယ်နဲ့တော့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ပြည်နယ်မြို့တော် တစ်ခုကို လက်လွှတ်လိုက်ရရင်ပြည်နယ်တစ်ခုလုံးဆုံးရှုံးသွားသလို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဝှမ်းက မကွေးမှာ တိုက်ပွဲတွေဖြစ်နေတဲ့အခါ (ချင်းပြည်နယ်မြို့တော်) ဟားခါး ဒါမှမဟုတ် (ရခိုင်ပြည်နယ်မြို့တော်) စစ်တွေတို့ဟာ သူ့အတွက်ဘာမှမဟုတ်တော့ဘူး။ မကွေးကိုပဲ သူက အာရုံစိုက်လိမ့်မယ်။
ခင်ဗျားတို့ရဲ့ ၂၀၂၅ အတွက် စစ်ရေးရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲ။
ချင်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ပါ။ စစ်စခန်းတွေ တပ်ရင်းတွေကို တိုက်ပြီး သိမ်းရတာက လွယ်ပါတယ်။ သိမ်းပြီးတဲ့နောက် ဆက်ပြီး ထိန်းထားဖို့၊ ကာကွယ်ဖို့က ခက်တာ။ ကျနော်တို့ရဲ့ အဓိကဦးတည်ချက်ကတော့ ချင်းပြည်နယ်အတွင်းက ဒီစစ်စခန်းတွေ၊ တပ်ရင်းတွေအားလုံးကို သိမ်းပြီး သူတို့ရဲ့ တပ်ကူတွေနဲ့ ထောက်ပို့တွေလာနိုင်တဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတွေကို စောင့်ကြည့်ဖို့ပါပဲ။
တခြားဘယ်ဒေသတွေမှာရော တိုက်ပွဲတွေဖော်ဆောင်သွားဖို့ရှိမလဲ။
အထူးသဖြင့် စစ်ကိုင်းနဲ့ မကွေးဒေသတွေပေါ့။ အေအေနဲ့ PDF တွေက စစ်တပ်ရဲ့ လက်နက်စက်ရုံ တွေကို တိုက်ခိုက်ဖို့ အာရုံစိုက်နေတယ်။ ကျနော်တို့လည်း အဲဒီလိုပဲလုပ်ရမယ်။ တကယ်လို့လက်နက်ပစ္စည်း စက်ရုံတွေရဲ့ လည်ပတ်မှုကို ရပ်တန့်သွားအောင် လုပ်နိုင်ရင် တိုက်လေယာဥ်တွေအပါအဝင် ရှိသမျှလက်နက်တွေက သူတို့အတွက် အလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ ခဲယမ်းမီးကျောက်တွေ မရှိရင် စစ်လက်နက်တွေ အကုန်လုံးက အသုံးဝင်မှာလည်း မဟုတ်ဘူး။ အဲဒီအစား တုတ်တွေ၊ ဓားတွေကမှ ပိုကောင်းဦးမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရန်သူ အင်အားချိနဲ့သွားအောင်လုပ်ဖို့ပါပဲ။
မကွေးမှာ လက်နက်ပစ္စည်းစက်ရုံ ၂၄ရုံလား၊ ၂၅ရုံလားမသိဘူးရှိတယ်။ ကျနော် နားလည်သလောက် ဆိုရင် စက်ရုံတစ်ခုက လက်နက်တစ်ခုလုံး အပြည့်အစုံမထုတ်ဘူး။ ဒါပေမဲ့ လက်နက်ရဲ့ အစိတ်အပိုင်းတွေပဲ ထုတ်တယ်။ နောက်တစ်ခုက ဒါတွေကို တပ်ဆင်တယ်။ တကယ်လို့ စက်ရုံ တစ်ခု နှစ်ခုလောက် ဖျက်ဆီးနိုင်ရင် နောက်စက်ရုံး လေး၊ ငါးခုလောက်က အသုံးဝင်တော့မှာမဟုတ်ဘူး။
မင်းအောင်လှိုင်က ဒီစက်ရုံတွေကို ကာကွယ်ဖို့ ပြင်ဆင်နေတာကြားကောင်းကြားမှာပါ။ ဒါပေမဲ့ ဘယ်တပ်တွေနဲ့ ကာကွယ်မှာလဲ။ စစ်မှုထမ်းတွေအပေါ် အားထားလို့ ရမရဆိုတာမေးခွန်းထုတ်စရာပါ။ တကယ်လို့ ပုံမှန်စစ်တပ်ထဲကနေ တပ်ဖွဲ့တွေကို ဆွဲထုတ်ရမယ်ဆိုရင် တခြားနေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ခံစစ်နေရာတွေကို ဘယ်လိုလုပ်မှာလဲ။ ဒါကြောင့်လည်း ၂၀၂၅မှာ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ် တွေ လွတ်မြောက်လာမယ်လို့ ကျနော်ထင်ပါတယ်။
စစ်တပ်ဘက်က အင်အား ၇၀၀ လောက်နဲ့ ပင်မစခန်းကို ခုခံနေတယ်ဆိုတော့ ဟားခါးကို သိမ်းဖို့ဆိုတာ ခင်ဗျားတို့အတွက် တော်တော်လေး ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်မယ်ထင်တယ်။
အင်အား ၇၀၀တည်းနဲ့ ခုခံဖို့အတွက် ဟားခါးက တော်တော်ကို ကြီးလွန်းပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ အဓိက ပြဿနာက လေကြောင်းတိုက်ခိုက်မှုတွေပါ။
ချင်းတော်လှန်ရေး အင်အားစုတွေကြား သဘောထားကွဲလွဲမှုတွေက ဘာတွေဖြစ်မလဲ။
ကျနော်တို့ နှစ်ခြမ်းကွဲသွားရတဲ့ အကြောင်းရင်းတွေကို တိတိပပပြောဖို့က ခက်ပါတယ်။ ဒါက ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး။ အတိုချုပ်ပြောရရင် ချင်းတွေက ဘယ်တုန်းကမှ မညီညွတ်ခဲ့ဘူး။ တော်လှန်ရေးအတွက်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီလိုနှစ်ခြမ်းကွဲနေတဲ့အခါ လူတွေက အရင်ကထက်ပိုပြီး စကားကျယ်ကျယ် ပြောလာကြတော့တာပဲ။
ချင်းပြည်နယ်မှာ မြို့နယ် ကိုးခုရှိပေမဲ့ ဒီမြို့နယ်တွေက ဒေသိယစကားပြောမျိုးနွယ်စုတွေကို ကိုယ်စားမပြုဘူး။ ဒေသိယစကားပြောမျိုးနွယ်စု အမျိုးမျိုးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ အထူးသဖြင့်ဘာသာရေးအဖွဲ့အစည်းတွေပေါ့။ ဥပမာ ထန်တလန်မှာ နှစ်ခြင်းအသင်းတော်တွေကို ကိုယ်စားပြုတဲ့ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တစ်ခုပဲရှိပြီး အဲဒီ ဘုရားကျောင်းတွေအားလုံးက ဂိုဏ်းဂဏတစ်ခုတည်းအောက်မှာ ရှိတယ်။ ဒါပေမဲ့ ဒါကလည်း အချိန်နဲ့အမျှ ပြောင်းလဲလာတယ်။ ထန်တလန်မြို့နယ်မှာဆိုရင် လိုင်၊ ဇိုဖေ၊ လောက်တူနဲ့ မရာဆိုပြီး ဒေသိယစကားပြော အဓိကမျိုးနွယ်စု လေးစုရှိတယ်။ နောက်တော့ဒီအုပ်စုတွေ အထူးသဖြင့် ဇိုဖေနဲ့ လောက်တူမျိုးနွယ်စုတွေက သူတို့ရဲ့ကိုယ်ပိုင် ဘာသာရေး ဂိုဏ်းဂဏ၊ အဖွဲ့အစည်းတွေ ထူထောင်လာကြတယ်။ ဒေသိယစကားလည်း မတူကြဘူး။ အဲဒါကြောင့် သူတို့တွေမှာ တူညီတဲ့ ဒေသိယစကားနဲ့ သမ္မာကျမ်းစာကို ဖတ်ဖို့နဲ့ ဓမ္မတေးအတူတူဆိုဖို့ အခက်အခဲရှိတယ်။ သူတို့တွေက သူတို့ကိုယ်ပိုင် ဒေသိယဘာသာစကားနဲ့ ကျမ်းစာဖတ်ကြ၊ ဓမ္မတေးဆိုချင်ကြတယ်။ ဒီလိုနဲ့ပဲ ထန်တလန်မှာ ဘာသာရေးအဖွဲ့အစည်း၊ ဂိုဏ်းဂဏအပေါ် အခြေခံတဲ့ (ဒေသိယစကားပြောမျိုးနွယ်စု) အုပ်စုသုံးခုဖြစ်လာတယ်။
မရာမျိုးနွယ်စုတွေမှာလည်း ထန်တလန်၊ မတူပီနဲ့ ပလက်ဝဆိုပြီး နေထိုင်တဲ့ မြို့နယ်အလိုက် သုံးခုကွဲတယ်။ ဘယ်မြို့နယ်မှာပဲဖြစ်ဖြစ် သူတို့ဟာ လူနည်းစုတွေပဲ။ သူတို့မှာ ကိုယ်ပိုင် ဒေသိယစကား၊ သမ္မာကျမ်းစာနဲ့ ဓမ္မတေးတွေရှိတယ်။ သူတို့က မရာဧဝံဂေလိအသင်းတော်တွေ ထူထောင်ပြီး ဂိုဏ်းတစ်ခုတည်းအောက်မှာ စုစည်းကြတယ်။
နွေဦးတော်လှန်ရေးအစမှာ (အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းတဲ့) ချင်းဒေသကာကွယ်ရေးတပ် တစ်ခုက ကျနော့်ဆီကို ရောက်လာတယ်။ မင်းတို့ဘာဖြစ်လို့ ချင်းအမျိုးသားတပ်မတော် (ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်)ကို မဝင်တာလဲလို့ ကျနော်မေးတယ်။ ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဒေသကာကွယ်ရေးတပ်ထူထောင်ချင်တာလို့ ပြောကြတယ်။ ဒီအကြံကောင်းပါတယ်၊ ဒါပေမဲ့ ဘုံနာမည်တစ်ခုတည်းအောက်မှာ ဘာလို့မရပ်ချင်တာလဲလို့ ကျနော်မေးတယ်။ အဲဒါနဲ့ပဲ ချင်းဒေသကာကွယ်ရေးတပ်ဆိုပြီး သူတို့က နာမည်ပေးခဲ့တယ်။ ဒီချင်းဒေသကာကွယ်ရေးတပ်တွေဖွဲ့စည်းတဲ့အခါမှာ တချို့က မြို့နယ်အပေါ်အခြေခံပြီး တချို့က ကျတော့ တည်ရှိပြီးသား ဘာသာစကားတူအုပ်စုတွေအပေါ် အခြေခံဖွဲ့စည်းခဲ့ကြတယ်။
ချင်းပြည်နယ်ရဲ့ အနာဂတ်ဖွဲ့စည်းပုံကို ဆွေးနွေးကြတဲ့အခါ ကျနော်တို့ရဲ့ မတူကွဲပြားမှုတွေကို ကိုယ်စားပြုထင်ဟပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု လိုအပ်တယ်။ ဒါပေမဲ့ တချို့အုပ်စုတွေကမြို့နယ်တွေကို ပဲ ဆက်ပြီးအခြေပြုလိုကြတယ်။ ဒါက အဓိကပြဿနာတွေထဲကတစ်ခုပါ။
ချင်းပြည်ကောင်စီက ဒေသိယစကားပြောမျိုးနွယ်စုတွေကို ပိုပြီးကိုယ်စားပြုသလား။ ချင်းညီနောင်ကရော မြို့နယ်တွေကို ပိုပြီးကိုယ်စားပြုသလား။
ဟုတ်ပါတယ်။ လွှတ်တော်အမတ်တွေနဲ့ CNF ကလည်း ဒါကိုဆွေးနွေးခဲ့ပါတယ်။ တချို့အမတ်တွေ (အာဏာမသိမ်းမီ ချင်းပြည်နယ်အတွင်း ရွေးကောက်ခံခဲ့ရသော အမတ်များ)က မြို့နယ်ပေါ် အခြေခံပြီးပဲသွားချင်ကြတယ်။ CNF အနေနဲ့ကတော့ မြို့နယ်ပဲဖြစ်ဖြစ်၊ ဒေသိယစကားပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်အမတ်တွေနဲ့ CNF တွေချည်းသပ်သပ် ဖွဲ့စည်းတည်ဆောက်ပုံကို မဆုံးဖြတ်သင့်ဘူးလို့ ကျနော်တို့ ပြောခဲ့တယ်။ ဒီပြဿနာကို ပြည်သူလူထုရဲ့ အဆုံးအဖြတ် ခံယူသင့်တယ်လို့ မြင်ပါတယ်။
မျိုးဆက်သစ် လက်နက်ကိုင်တပ်ဖွဲ့သစ်တွေက CNF အနေနဲ့ ချင်းပြည်တစ်ခုလုံးကို ကိုယ်စားပြုဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်နေကြတယ်။
CNF ဆိုတာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ တော်လှန်ရေးပြီးတဲ့အခါ CNF ကို အပြီးတိုင် ဖျက်သိမ်းသွားမှာပါ။ နိုင်ငံရေးပါတီထောင်ချင်တဲ့သူ ဘယ်သူမဆို CNF နာမည်ကို မသုံးဘဲနဲ့ အဖွဲ့အစည်းသစ်တစ်ခုအဖြစ် စတင်ရမှာဖြစ်ပါတယ်။
ချင်းညီနောင်က စစ်ရေးအရအောင်မြင်မှုတွေရထားပြီး မြို့တွေအများကြီး သိမ်းပိုက်ထားတယ်။ သူတို့က စစ်ရေးအကူအညီပေးမယ်ဆိုရင် လက်ခံမှာလား။
ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲ။ ဒါပေမဲ့လည်း ကျနော်တို့ သူတို့ကို အေအေကို မခေါ်လာဖို့တော့ အမြဲသတိပေးပါတယ်။ အေအေအဖွဲ့မှာ လျှို့ဝှက်နိုင်ငံရေးအာဂျင်တာတစ်ခုရှိတယ်။ အဲဒါကတော့ ပိုပြီးကြီးမားတဲ့ အာရကန်နိုင်ငံတော် ထူထောင်ဖို့ပါပဲ။ ပလက်ဝမှာဆိုရင် ဒီကိစ္စကို သူတို့က ပေါ်တင်ပြောလာပြီ။ (ချင်းညီနောင်တွေအနေနဲ့) အဲဒါက ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်သလား။ (မနှစ်က ဇွန်လတုန်းက) မတူပီမြို့သိမ်းတိုက်ပွဲမှာ ကူညီပေးခဲ့တာကရော သွေးရိုးသားရိုးဖြစ်နိုင်ရဲ့လား၊ အေအေက ဖုံးကွယ်ထားတဲ့ တခြားအာဂျင်ဒါတွေ ရှိနေနိုင်လား။
ပလက်ဝအပြင် ချင်းပြည်နယ်ထဲမှာ အေအေအနေနဲ့ နောက်ထပ် နယ်မြေတွေ လိုချင်တယ်လို့ ယုံကြည်ပါသလား။
ကန်ပက်လက်(မြို့နယ်)မှာဆိုရင် အေအေကို ဩဇာခံမဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခု ဖော်ဆောင်ဖို့ သူတို့ကြိုးစားနေတယ်။ သူတို့ (အေအေ)က သတ္တုတွေတူးချင်တယ်၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုလည်း ခေါ်လာမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်တယ်။ ချင်းအမျိုးသားတပ်မတော်က မြန်မာစစ်တပ်ရဲ့ တပ်စခန်းတစ်ခု သိမ်းလိုက်တိုင်း အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဖို့ လုံးဝ မကြိုးစားဘူး။ ဒေသခံပြည်သူလူထုကိုပဲ စုစည်းပြီး သူတို့ကိုပဲ ကိုယ်တိုင်အုပ်ချုပ်ခိုင်းတယ်။
ချင်းညီနောင်နဲ့ တင်းမာမှုတွေကို ဖြေရှင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ဖို့ ဘယ်လိုစီစဉ်ထားသလဲ။
ကြားခံလူ တော်တော်များများက ကျနော်တို့ကို ပေါင်းစည်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ မီဇိုရမ် ဝန်ကြီးချုပ်နဲ့ တခြားလူတွေပေါ့။ ကျနော်တို့ကတော့ လမ်းဖွင့်ထားတယ်။ ကျနော်တို့ စည်းလုံးညီညွတ်မှုကို လိုချင်တယ်။
ချင်းညီနောင်နဲ့ ပြောဆိုဆွေးနွေးမှုတွေရှိလား။
မရှိသေးပါဘူး။ CMI (ဖင်လန်အခြေစိုက် အကျိုးမဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပဋိပက္ခစီမံခန့်ခွဲရေးရှေ့ဆောင်အဖွဲ့ Crisis Management Initiative) က ပဋိပက္ခဖြေရှင်းရေး နယ်ပယ်မှာ တကယ်ကို ကျွမ်းကျင်တဲ့သူတွေပါ။ သူတို့ ပဋိပက္ခကို စနစ်တကျ လေ့လာချဥ်းကပ်တယ်။ ခုထိတော့ သူတို့က နှစ်ဘက်စလုံးကို သီးခြားစီ ဆွေးနွေးထားတယ်။ ကျနော်တို့ကြား မျက်နှာချင်းဆိုင် တွေ့ဆုံဖို့တော့ သူတို့မစီစဉ်ရသေးဘူး။ မနှစ်က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ တစ်ခန်းတည်းအတူထိုင်ကြပြီး ဆွေးနွေးခဲ့ကြတယ်။ ကျနော်ကတော့ ဌာနချုပ်မှာ တခြားကိစ္စတွေနဲ့ အလုပ်များနေလို့ မတက်ရောက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဆွေးနွေးချက်တွေကို ကျနော်နားထောင်တဲ့ အခါကျတော့ နှစ်ဘက်စလုံးက တစ်ဘက်နဲ့တစ်ဘက်ကို အရှက်ခွဲတာ၊ အပြစ်ဖို့တာနဲ့ပဲ အချိန်ကုန်သွားတယ်။ နှစ်ဘက်အဖွဲ့အစည်းအကြား အမှန်တကယ် မတူညီတဲ့ ကွာခြားချက်တွေကို ရှာဖွေဖော်ထုတ်ပြီး အဖြေရှာဖို့ မစဉ်းစားကြဘူး။ ကျနော်တို့ အကြိမ် ၁,၀၀၀ မကတွေ့လို့ရတယ်၊ ဒါပေမဲ့ အဖြေမထွက်ရင် ဘာမှအကျိုးမရှိဘူး။ ဒါကြောင့် ကျနော်တို့ ပဋိပက္ခအရေး ကျွမ်းကျင်သူတွေပါဝင်တဲ့ ကြားခံစေ့စပ်ညှိနှိုင်းမှုမျိုး လိုအပ်တယ်။ ဒီလိုမှပဲ ကျနော်တို့ သဘောတူညီမှုတစ်ခု ရနိုင်မှာဖြစ်ပါတယ်။
သိမ်းထားနိုင်တဲ့ မြို့တွေကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်ရဲ့ အနာဂတ်ဖွဲ့စည်းပုံ ကို ဆုံးဖြတ်ရာမှာ ချင်းညီနောင်အနေနဲ့အားသားချက်ကြီးကြီးမားမားရှိနိုင်မယ်လို့ထင်လား။
သူတို့အချင်းချင်းကြားမှာ ဘယ်လို ပေါင်းစည်းမှုမျိုးရှိလဲ။ တကယ်လို့ ဘုံရန်သူ သို့မဟုတ် ဘုံပြိုင်ဘက် တစ်ယောက်ရှိတယ်ဆိုရင် အတူတူအလုပ်လုပ်ကြလေ့ရှိပါတယ်။ အခြေအနေတစ်ခုကို ရောက်သွားပြီဆိုရင်တော့ အဲဒီလို ပေါင်းစည်းမှုမျိုးကို ဆက်ထိန်းထားနိုင်ပါ့မလား။ ချင်းညီနောင်အနေနဲ့ရော ယုံကြည်စိတ်ချရလောက်တဲ့ ဖွဲ့စည်းတည်ဆောက်မှုမျိုးရှိပြီလား။ တကယ်လို့မရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ ချင်းညီနောင်ထဲပါဝင်တဲ့ အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီနဲ့ ထိတွေ့ဆက်ဆံရမလိုဖြစ်နေတယ်။
သူတို့က ချင်းပြည်နယ်ကို လွတ်မြောက်အောင် ကြိုးစားနေကြတာကို ကျနော်တို့ ဘယ်တုန်းကမှ အထင်မသေးခဲ့ဘူး။ သူတို့မှာ အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုမှုရှိတယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ သူတို့က ကိုယ်စားပြုမှုကို စစ်အင်အားနဲ့ တည်ဆောက်ဖို့ ကြိုးစားနေတာ။
ဒါကတော်တော်လေးကို မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ အေအေက ပေးတဲ့အကူအညီကြောင့် သူတို့ဒီလိုလုပ်နိုင်တာဖြစ်တယ်။ အေအေကရော ဘယ်လိုမျိုး နိုင်ငံရေးကစားကွက်တွေ ခင်းနေလဲ။
ချင်းလူ့အသိုင်းအဝိုင်းမှာ အေအေဝင်ပါတဲ့အချိန်တိုင်း ချင်းညီနောင်အဖွဲ့တွေကို မြင်တွေ့ရပါလိမ့်မယ်။ ချင်းညီနောင်ပါတဲ့နေရာတိုင်း ကျနော်တို့အသိုင်းအဝိုင်းမှာ အကွဲအပြဲတွေရှိနေတယ်။ တကယ်လို့သာ ချင်းညီနောင်မရှိဘူးဆိုရင် ချင်းလူ့အသိုင်းအဝိုင်းအတွင်းမှာ လူမှုအကွဲအပြဲတွေဆိုတာလည်း မရှိနိုင်ပါဘူး။
အာဏာမသိမ်းခင်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွင်း နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဖူးခဲ့သူ တစ်ယောက်အနေနဲ့ မင်းအောင်လှိုင်ကို သူတို့အချင်းချင်း အာဏာပြန်သိမ်းတာမျိုး ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။
မထင်ပါဘူး။ သူက သူ့နေရာကို ၁၅နှစ်လောက် တည်ဆောက်လာတာ။ ကျနော်က JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ) မှာတုန်းက စစ်တပ်ထိပ်တန်း ခေါင်းဆောင် အများစုဟာ ကျနော့်မိတ်ဆွေတွေဖြစ်ခဲ့တယ်။ သူတို့တွေက အချင်းချင်းလည်း ပတ်သက်ဆက်နွယ်နေကြတယ်။ သူတို့အနေနဲ့ မင်းအောင်လှိုင်ကို ဖယ်ရှားပစ်ဖို့ ခက်ခဲပါလိမ့်မယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ တခြားကိစ္စတွေက ချုပ်နှောင်ခံထားရတယ်။ မင်းအောင်လှိုင်က သူတို့ကို ရာထူး တိုးပေးပြီး အဲဒီနေရာတွေမှာ တင်မြှောက်ထားတာ။ မင်းအောင်လှိုင်မကြိုက်တဲ့သူတွေဆိုရင် ရာထူးကြီးတွေ မရကြဘူး။ ဒါပေမဲ့ တပ်တွင်းအာဏာသိမ်းမှုဖြစ်လာခဲ့ရင်တော့ မြန်မာပြည်အတွက် ဝမ်းသာစရာ အကောင်းဆုံအချိန်တွေထဲက တစ်ချိန်ဖြစ်လာမှာပါ။
သူ့ကိုအစားထိုးတဲ့လူက ပိုဆိုးတဲ့သူဖြစ်မလာခဲ့ရင်ပေါ့။
စိုးဝင်း (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်)အကြောင်းကိုတော့ ကျနော်သိပ်မသိဘူး။ မကြာသေးခင်ကမှ ရာထူးတိုးပေးလိုက်တဲ့ ကျော်စွာလင်း (ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး) ကလည်း တော်တဲ့သူ မဟုတ်ဘူး။ ရက်စက်ပြီး ကြမ်းကြုတ်ဖို့ မူဝါဒချလို့ရမယ်၊ ဒါပေမဲ့ ဒီမူဝါဒကို စစ်တပ်က အကောင်အထည်နိုင်မလားဆိုတာကတော့ နောက်ထပ်မေးခွန်းတစ်ခုဖြစ်သွားပြီ။ ဘယ်သူ၊ ဘယ်ဝါမှန်း မခွဲခြားဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ လုပ်နေတဲ့အခါကျတော့ ဒီထက်များ ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေရှိသေးလားလို့ မေးလို့ရတယ်။ ဒီထက်ပိုပြီး ရက်စက်တဲ့ နည်းလမ်းတွေ၊ အစွမ်းတွေရှိရင် သူတို့ကတော့ ဒီနည်းလမ်းတွေကို သုံးမှာပဲ။
မင်းအောင်လှိုင်နဲ့ပတ်သက်ပြီးတော့ စစ်တပ်ဘက်က (ဒေါက်တာရွှေခါးရဲ့) အဆက်အသွယ်တွေကရော ဘယ်လို ထင်ကြလဲ။
ကျနော်သူတို့ကို တစ်ခါမေးဖူးတယ်။ မင်းအောင်လှိုင်က အများနဲ့မတူ တစ်မူထူးတဲ့အချက်က ဘာလဲ။ သူက တစ်ခုခုဆို အမြဲတမ်း ကြိုတင်ပြင်ဆင်လေ့ရှိတယ်တဲ့။ ဥပမာ သူ ဗိုလ်ချုပ်ဘဝတုန်းက ဘယ်အချိန်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာအောင် ကြိုးစားမယ်ဆိုပြီး အစီအစဉ်တွေချခဲ့တာ။ ဒါပေမဲ့ အာဏာသိမ်းခဲ့ရင် ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြိုတင်အစီအစဉ်ချခဲ့ပုံမရဘူး။
သူနဲ့ တွေ့ဖူးတယ်မဟုတ်လား။ ဘယ်လိုမြင်လဲ တွေ့ခဲ့တုန်းက။
တခြားလူတွေအကုန်လုံးကို အထင်သေးတဲ့ပုံက မျက်နှာမှာပေါ်နေတယ်။ သူက သူကိုယ့်သူ ကြီးကျယ်မြင့်မြတ်တဲ့သူတစ်ယောက်လို့ ထင်တယ်။ ဒါပေမဲ့ သူ့ကိုကြည့်တဲ့အချိန်မှာ သူက ခက်ထန်သန်မာတဲ့သူတော့ မဟုတ်ဘူး။ တခြားသူတွေကို အမိန့်ပေးတဲ့အခါ သူတို့က ရာထူးအဆင့်တွေကွာကြောင့် နားထောင်ကောင်း နားထောင်လိမ့်မယ်။ ဒါပေမဲ့ စစ်တပ်အပြင်မှာဆိုရင်တော့ ဘယ်သူမှသူ့စကား နားထောင်မှာ မဟုတ်ဘူး။ သူ့တွက်ကိန်းက မှားသွားတယ်။