ရန်ကုန်၊ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ပေါ်တွင် မြို့ခံမဟုတ်သောလူတစ်စုက မူဆလင်များ ပိုင်ဆိုင်သော နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် မော်တော်ယာဉ်များကို ယနေ့ညဦးပိုင်းက ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် လုံခြုံရေးတိုးမြင့်ချထားရကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၊ အချို့နေရာများတွင် တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်သည့် လူအုပ်စုတစ်စုက ဖျက်ဆီးမှုများ ပြုလုပ်သွားပြီး ပဋိပက္ခများ ဖြစ်ပေါ်အောင် လှုံ့ဆော်မှုများ ရှိနေသည်ဟု ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက ပြောသည်။
“လူ ၆၀ လောက် ရှိမယ်။ အုန်းတော ၁ လမ်း၊ ပြီးတော့ မကွေးလမ်းတလျှောက်တက်လာပြီး မြို့လယ်က ဗလီကို လာတာပေါ့။ ရဲတွေလာတော့ ထွက်ပြေးသွားကြတယ်” ဟု ဦးမင်းသိန်းက Frontier ကို ပြောကြားသည်။
“ပျက်စီးတယ်။ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၁ လမ်းနဲ့ မကွေးလမ်းမကြီးမှာ မူဆလင်ဆိုင်တွေ၊ ကားတွေ အရိုက် အဖျက်ခံရတယ်” ဟု ၎င်းက ပြောသည်။
“အခုတော့ လုံခြုံရေး အပြည့်ချထားတယ်။ နောက်ထပ် ဘာမှ မဖြစ်အောင် အကုန်ကြီးကြပ်နေတယ်” ဟုလည်း ဦးမင်းသိန်းက ဆက်လက်ပြောကြားသည်။
တောင်တွင်းကြီးမြို့အခြေစိုက် ဇီဝိတဒါနအခမဲ့ဆေးကုသခန်းမှ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါသတင်းကို အတည်ပြုသည်။ သို့ရာတွင် အဆိုပါလူစု၌ လူဦးရေ ၂၀ ကျော်သာရှိမည်ဟု ပြောသည်။
“အရှေ့လာတယ်လည်း ပြောတယ်။ အနောက်ဘက်က တက်လာတယ်လည်း ပြောတယ်။ ဘယ်ကလာမှန်းမသိတဲ့ လူတွေ၊ အယောက် ၂၂ ယောက်လောက် ရှိမယ်လို့ တွေ့လိုက်တဲ့သူတွေက ပြောတယ်” အမည်မဖော်လိုသူ ၎င်းက ပြောသည်။
“ဆူဆူပူပူဖြစ်အောင် လုပ်ချင်လို့ပဲ ဖြစ်ရမယ်။ နိုင်ငံတော်သီချင်းတွေလည်းဆိုပြီး ဆူညံပွတ်လော ရိုက်နေတာပဲ” ဟု ၎င်းက Frontier ကို ဖုန်းဖြင့် ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်လာသောကြောင် ထိုလူစုက လူစုခွဲထွက်ပြေးသွားကြကြောင်း ၎င်းက ပြောပြီး မည်သူမျှ အဖမ်းခံရသည်ကို မမြင်မိကြောင်းလည်း ဆိုသည်။
“ဒါပေမယ့် ဟိုက၊ ဒီက ထပ်တက်လာကြတယ်လို့ ကြားနေရတော့ လူတွေက လန့်နေကြတာပေါ့” ဟု ၎င်းကပြောသည်။
သို့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းကမူ လုံခြုံရေး အပြည့်အဝ ချထားပြီး ဖြစ်သဖြင့် စိုးရိမ်စရာမရှိတော့ကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ အကုန်ထိန်းချုပ်ထားနိုင်တယ်။ အခု ကျွန်တော်နဲ့အတူ ထွေအုပ်ရော၊ ရဲတွေရော ရှိနေတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရသတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ဥပဒေနှင့်အညီ လုူစုခွဲရာတွင် ရဲတပ်ဖွဲ့က ဒိုင်းများ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့ အသုံးပြုခဲ့ကြောင်းနှင့် တစ်ဦးကို ဖမ်းဆီးထားပြီး ဦးဆောင်သူများကို စိစစ်ဆဲဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ဝိုင်းအုံသူ လူ ၄၀၀ ခန့်လူစုကွဲသွားပြီဖြစ်ကာ အခြားအုပ်စုဖွဲ့ ဆောင်ရွက်မှုများ ဆက်လက် မဖြစ်စေရန် လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်ထားသည်ဟုလည်း ဆိုသည်။
သတင်း-ကျော်ရဲလင်း