တောင်တန်းတွေပေါ်က လမ်းဟောင်းတစ်ခု

အာရှအဝေးပြေးလမ်းမကြီးမှာ တစ်ချိန်တစ်ခါက အန္တရာယ်များလွန်းသော ကော့ကရိတ် တောင်တက်လမ်းကို မှေးမှိန်စေခဲ့ပြီး ထရပ်ကားသမားတွေ အတွက်လည်း တစ်ခေတ်တစ်ခါက ထိုဖြတ်လမ်းကို ပုံမှန်အသုံးပြုခဲ့ရတဲ့ အချိန်ကာလကို အဆုံးသတ်ပေးခဲ့ပါပြီ

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

 “လမ်းပေါ်မှာဆိုရင်တော့ ပျော်ဖို့ကောင်းပါတယ်။ အိမ်မှာဆိုရင်တော့ ပျင်းစရာကြီး။ တောင်တွေပေါ်မှာပဲ ကောင်းပါတယ်” လို့ ကုန်တင်ကားသမား ဦးဝင်းထွန်းက ပြောကြားလိုက်ခြင်းပါ။ သူ့ရဲ့  ၂၂ ဘီးတပ် ကုန်တင်ကားက မြဝတီမြို့ကိုပို့မယ့် ပဲအိတ်တွေကို တင်ဆောင်လာပြီး ကရင်တောင်ကြောတစ်လျောက်မှာ  မကြာသေးမီက ဖောက်လုပ်ထားတဲ့ တောက်တက်လမ်းမှာ ကုန်းကမူတွေကို ဆင်းလိုက်၊ တက်လိုက်နဲ့ သံကုန်မြည်ဟီးပြီး မောင်းနှင်လျက်ရှိပါတယ်။

၄၅ ကီလိုမီတာအရှည်ရှိတဲ့လမ်းက အရမ်းမြန်မြန်မောင်းမယ်ဆိုရင်တောင် သုံးနာရီလောက် ကြာလေ့ရှိပါတယ်။ အခုချိန်မှာတော့ အာရှလမ်းမသစ်ကြီးကြောင့် တစ်နာရီလောက်သာ ကြာမြင့်တော့ပြီး ဆိုင်ကယ်တွေနဲ့ ကားလေးတွေအတွက်လည်း ကုန်တင်ကားကြီးတွေကို ကျော်တက်ဖို့ လုံလောက်တဲ့ လမ်းအကျယ်အဝန်းကို ရရှိနေပါပြီ။ ဦးဝင်းထွန်းကတော့ သူတို့ကိုကြည့်ပြီး လှောင်လိုက်ပါတယ်။ တောင်ကိုပတ်ထားတဲ့ အပိုင်းပိုင်းပြတ်နေတဲ့ မီးခိုးရောင်ချည်စလို ကျောက်ခင်း တောင်တက်လမ်းတွေနဲ့ အဝေးပြေးလမ်းဟောင်းကြီးမှာဆိုရင် မင်းတို့ဒါမျိုး ဘယ်ရမလဲလို့ လှောင်လိုက်ခြင်းပါ။ အတွေ့အကြုံနုနယ်သေးတဲ့သူတွေဆို ဒီလိုမျိုးကျော်တက်ဖို့ ကြိုးစားတာမျိုးတွေ မရှိခဲ့ပါဘူး။

ဒါကိုတော့ ကျွန်တော်တို့လည်း သဘောပေါက်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ မန္တလေးကနေ မဲဆောက်ကို ကားနဲ့သွားခဲ့စဉ်က ကရင်ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘားအံအနီးမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် တရွေ့ရွေ့ ချီတက်ခဲ့ရဖူးပါတယ်။ အင်္ဂလိပ်လို လည်လည်ပတ်ပတ်ရှင်းပြနိုင်တဲ့ ခရီးအတူသွား ထရပ်ကားသမားတစ်ဦးက ဒီလမ်းကို အတက်တစ်ရက် အဆင်းတစ်ရက် အသုံးပြုရတယ်ဆိုတာကို ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီနေ့ကတော့ ရန်ကုန်ဘက်ကို ပြန်ဆင်းတဲ့နေ့ပါ။ သူကတော့ သူ့ရဲ့ ကားအခွံကြီးကို အိမ်ပြန်သယ်ဖို့ အရှေ့ယွန်းယွန်းကို ဦးတည်မောင်းနှင်နေသူပါ။

ကော့ကရိတ်တောင်တက်လမ်းလို့ခေါ်ခဲ့တဲ့ ဒီလမ်းပေါ်မှာ ကီလိုမီတာ ၂၀၀ လောက် အကွာအဝေးအတွက် သွားလာပို့ဆောင်ရေးက ဆန္ဒရှိသလို မဖြစ်နိုင်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာ ကော့ကရိတ်တောင်တက်လမ်းဟောင်းပေါ်မှာ ခရီးသွားနေတဲ့ အလုပ်သမားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ်ဒေါင်းနင်း

၂၀၁၄ ခုနှစ်မှာ ကော့ကရိတ်တောင်တက်လမ်းဟောင်းပေါ်မှာ ခရီးသွားနေတဲ့ အလုပ်သမားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ်ဒေါင်းနင်း

မြဝတီမြို့ရဲ့တစ်ဖက်ကမ်းက ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာတော့ နယ်လှည့်လျှောက်သွားနေသူတွေ၊ ပြည်ပသို့ သွားရောက်နေထိုင်နေသူတွေက ဘတ်စ်ကားတွေ မြန်မာပြည်ကို ထွက်ခွါနီးလာတဲ့အချိန်မှာ ခြေရှုပ်နေကြပါတယ်။ အရှေ့ဘက်ကိုဦးတည်တဲ့ အဆင်းနေ့တွေဆိုရင် သောင်ရင်းမြစ်ပေါ်က ချစ်ကြည်ရေး တံတားကိုသွားတဲ့လမ်းပေါ်မှာ ရန်ကုန်မြို့ကိုသယ်ဆောင်မယ့် ဝန်စည်စလွယ်တွေကို တင်ထားပြီး ကားဂိတ်ဖွင့်မယ့်အချိန်ကို စိတ်ရှည်လက်ရှည်နဲ့ ညအိပ်စောင့်နေတဲ့ ကားပေါင်းများစွာ စီတန်းနေခဲ့ပါလိမ့်မယ်။

“အရင်ကဆိုရင် ဘားအံ-မြဝတီခရီးက အသွားအပြန် နှစ်ရက်ကြာပါတယ်။ အခုဆိုရင်တော့ တစ်ရက်တည်းနဲ့ သွားလို့ရပါပြီ” လို့ ကားသမားတစ်ဦးက ဘားအံမြို့မှာ ရှင်းပြခဲ့ပါတယ်။ ထိုကားသမားက လမ်းဟောင်းပေါ်မှာ နှစ်ပေါင်း ၃၀ လောက် ကျင်လည်ကျက်စားအပြီးမှာတော့ ပိုကြီးတဲ့ ခရီးသည်တင်ကားတွေကို တစ်ခေါက် ကျပ် ၄၀,၀၀၀ နဲ့ မောင်းနှင်နေပါပြီ။

ထိုင်းအစိုးရနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ အဝေးပြေးလမ်းသစ်က ထိုင်း၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ကို ချိတ်ဆက်ဖို့ ပုံဖော်ထားတဲ့ သုံးနိုင်ငံအဝေးပြေးကားလမ်းစီမံကိန်းရဲ့ နောက်ဆုံးလမ်းပိုင်း ဖြစ်ပါတယ်။ ကော့ကရိတ် တောင်တက်လမ်းအတွက် တည်ဆောက်မှုတွေကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတစ်နေရာမှာ အကျိုးအမြတ်များလွန်းတဲ့ ယခုကဲ့သို့သော လမ်းတစ်လမ်း တည်ဆောက်ခြင်းအတွက် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ လမ်းသစ်ဖွင့်ပွဲပြုလုပ်ပြီး မကြာခင်မှာပဲ တပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်အဖွဲ့တို့က လမ်းအသုံးပြုခကောက်ခံရေးဂိတ်တွေကို စတင်တည်ဆောက်ခဲ့ကြပြီး မကြာမကြာဆိုသလို အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတယ်။ ဒီဖြစ်ရပ်တွေကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့က  ထုတ်ပြန်ထားပါတယ်။

ပြိုင်ဘက်အဖွဲ့တွေကြားမှာ တင်းမာမှုတွေ လျော့နည်းသွားပြီလို့ ယူဆနေသူကတော့ သားဦးလေးတစ်ဦး မွေးဖွားအပြီးမှာ သားအမိ သားအဖသုံးဦးစလုံး ထိုင်းနိုင်ငံ ဖူးခက်ကနေ ကော့ကရိတ်ကိုပြန်လာပြီး လမ်းဘေး လက်ဖက်ရည်ဆိုင်ဖွင့်မယ့် ဦးချိုချိုပဲဖြစ်ပါတယ်။ လာမယ့်လတွေမှာ တပ်မတော်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ကေအင်န်ယူနဲ့ ဒီကေဘီအေတို့က ကားတိုင်းကို ပူးပေါင်းစစ်ဆေးသွားမယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်း ပျံ့နှံ့နေပါတယ်။

“[ဒေသခံ] လူတွေက သူတို့ရဲ့ကားကို ဘယ်တုန်းကမှ မှတ်ပုံတင်ခဲ့ဖူးတာမဟုတ်ဘူးလေ။ အခုဆိုရင်တော့ သူတို့က ကျွန်တော်တို့ကို ဖမ်းကြမှာလားဆိုပြီး စိုးရိမ်နေရပါပြီ” လို့လည်း ဦးချိုချိုက အင်္ဂလိပ်ဘာသာနဲ့ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဒါလေးကို သူတို့မမြင်ရအောင် သစ်ပင်တွေကြားထဲမှာ ဖွက်ထားရမှာပါ” လို့ လိုင်စင်နံပါတ်ပြားမပါတဲ့ ငွေရောင်ဟွန်ဒါကားကို လက်ညှိုးထိုးပြီး  သူက ပြောကြားလိုက်ပါတယ်။

လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေပြန်လာတဲ့ ကိုချိုချိုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုတိတ်

လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေပြန်လာတဲ့ ကိုချိုချိုကို တွေ့ရစဉ်။ ဓာတ်ပုံ – ကိုတိတ်

ဦးချိုချိုရဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်က လမ်းဟောင်းကနေ လမ်းသစ်ကို စတင်အသုံးပြုပြီးနောက်မှာ ဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးဆိုင်ပါ။ ကားတွေကလည်း တဝှီးဝှီး သွားနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့သူဟာ မနက်ပိုင်းမှာ တောင်ပေါ်လမ်းကို မဖြတ်ခင် ကော့ကရိတ်ကို ဝင်လာတဲ့ ထရပ်ကားတွေ ကြည့်ရင်း ဘီယာတွေ သောက်ရင်း ပုံပြင်တွေ အပြန်အလှန် ပြောပြကြရင်း တိတ်ဆိတ်နေသော်လည်း အဝေးက သေနတ်သံတွေကိုကြားနေရတဲ့ ညတွေမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ လအနည်းငယ် ကြာလောက်တဲ့အထိတော့ ဦးချိုချိုလက်ဖက်ရည်ဆိုင်ကိုလည်း သူတို့လာခဲ့ကြပါတယ်။

“ဒီနေရာက လှပတဲ့နေရာတစ်နေရာဖြစ်တာကြောင့် သူတို့က ဒီနေရာမှာ ရပ်နားရတာကို သဘောကျ ကြပါတယ်။ ညတိုင်းလည်း ဒီမှာပဲ အိပ်ကြပါလိမ့်မယ်” လို့ ဆိုပါတယ်။ “ကျွန်တော့်ဆိုင်က လမ်းနဲ့ ကပ်လွန်းတယ်လို့ အင်ဂျင်နီယာတွေက ပြောကြားပြီး နောက်တော့ အကုန်လုံး အဆင်ပြေပါတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ သူတို့က ကျွန်တော့်ကို ဟိုဘက်ရွှေ့ဖို့လည်း ပြောခဲ့ကြသေးတယ်”

ဦးချိုချိုက ဦးဝင်းထွန်းနဲ့ သူ့ရဲ့စပယ်ယာလူငယ်တို့ မောင်းနှင်လာတဲ့ အဖြူရောင် ၂၂ ဘီးကားကြီးကို ကျွန်တော်အတွက် ကူတားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ဦးက ဓာတ်ပုံဆရာလည်းဖြစ်၊ ဘာသာလည်း ပြန်ပေးတဲ့ ကိုတိတ်တို့ကို လူဝင်မှုကြီးကြပ်ရေးက စစ်စစ်ပေါက်ပေါက် စစ်ဆေးလိမ့်မယ်ဆိုပြီး တစ်ချက်ကလေးမျှ တွေဝေစဉ်စားခြင်းမရှိဘဲ လိုက်ခွင့်ပြုလိုက်ပါတယ်။ ဒီကုန်တင်ကားထဲမှာ အိပ်ရာငယ်လေးတစ်ခု ပါဝင်နေပြီး ကျွန်တော်တို့လေးဦးအတွက် ကောင်းကောင်းဆံ့ပါတယ်။ ကြီးမားတဲ့ ပြူတင်းပေါက်ကလည်း ကရင်တောင်တန်းတွေရဲ့ လျှိုမြှောင်ချိုင့်ဝှမ်းတွေနဲ့ ကွင်းပြင်တွေကို ၁၈၀ ဒီဂရီ မြင်ကွင်းနဲ့ ကြည့်ရှူနိုင်စေခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ဒီလမ်းကနေ ဖြတ်သွားစဉ်မှာ လေးနာရီဝန်းကျင်ကြာတဲ့ခရီးစဉ်က အန္တရာယ်များသော လမ်းကျဉ်းတွေနဲ့ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသောအငူတွေကြောင့် ဝရုန်းသုန်းကားနိုင်လှပြီး ကျွန်တော် အပါအဝင် ကားသမားနှစ်ဦးနဲ့ ကျွန်တော်တို့ရဲ့ သထ္ထုရိုင်းတင်ဆောင်ထားတဲ့ကားက အောက်မှာရှိတဲ့ လျှိုမြောင်ချိုင့်ဝှမ်းထဲကို ထိုးကျသွားဖို့ကတော့ သေချာသလောက်ပါဘဲ။ အခုဆိုရင်တော့ အဝေးပြေးလမ်းသစ်က ကားထားတဲ့နေရာလိုမျိုး ချောမွေ့အဆင်ပြေနေပြီး ထရပ်ကားတွေ၊ တစ်ဖုတ်ဖုတ်မြည်နေတဲ့ လယ်ထွန်စက်တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ခရုတစ်အကြီးကြီးတစ်ကောင်လို အမိုးပေါ်မှာ အစုလိုက်အစုလိုက်ထပ်ထားတဲ့ ခရီးဆောင်အိတ်တွေနဲ့ မိသားစုစီးကားတွေအတွက် လုံလောက်တဲ့ အကျယ်အဝန်းရှိနေပါပြီ။ တစ်နေရာမှာတော့ ရှေ့နောက်ဆက်ထားတဲ့ စက်ဘီးတစ်စီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ စီးနင်းနေတဲ့ အမေရိကန်စုံတွဲတစ်တွဲကို ကျော်တက်ခဲ့ရပါတယ်။

“ဒီလမ်းက လွယ်လွန်းပါတယ်။ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေဘာတွေကို မလိုအပ်ပါဘူး။ ဒါပေမယ့် ဆိုးရွားတဲ့ ကားမောင်းသမားတွေ ခြေချော်လက်ချော်ဖြစ်စေအောင် ကားအရှိန် အရမ်း မြန်သွားစေနိုင်တယ်” လို့ ဦးဝင်းထွန်းက ဆိုပါတယ်။

ပူပူနွေးနွေး ဆေးသုတ်ထားတဲ့ လက်ရန်းတွေပေါ်က ခြစ်ရာရှရာတွေကို ကားသမားဖြစ်သူ ဦးဝင်းထွန်းက လက်ညှိုးထိုးပြလိုက်ပါတယ်။ လမ်းဘေးမှာ ထိုးရပ်ထားတာကတော့ အကွေ့မှာ မကွေ့နိုင်ပဲ တိမ်းမှောက် ကြေမွပျက်စီးသွားတဲ့ ၂၂ ဘီးကားကြီးတစ်စီးပါ။

“တချို့ကားသမားတွေက လမ်းဟောင်းကို ဘယ်တုန်းကမှ မြင်ဖူးကြတဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အကွေ့တိုင်း၊ အတက်တိုင်းကို သိပါတယ်။ အဲဒါတွေအားလုံးက စိန်ခေါ်မှု အသစ်သစ်တွေပေါ့ဗျာ” လို့ ဦးဝင်းထွန်းက သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်ပါတယ်။

ကရင်ပြည်နယ်အတွင်းက အာရှအဝေးပြေးလမ်းမကြီးလို့ လူသိများတဲ့ အဝေးပြေးလစ်သစ်ပေါ်မှာ သွားလာနေတဲ့ ထရပ်ကားတစ်ဦး။ ဓာတ်ပုံ - ကိုတိတ်

ကရင်ပြည်နယ်အတွင်းက အာရှအဝေးပြေးလမ်းမကြီးလို့ လူသိများတဲ့ အဝေးပြေးလစ်သစ်ပေါ်မှာ သွားလာနေတဲ့ ထရပ်ကားတစ်ဦး။ ဓာတ်ပုံ – ကိုတိတ်

ဦးဝင်းထွန်း ပြန်ပြောပြတဲ့ အကြောင်းအရာတစ်ခုကတော့ ကော့ကရိတ်တောင်တက်လမ်းကို ကျွမ်းကျင်စွာ မောင်းနှင်ပုံက ဂုဏ်ယူဖွယ်အမှတ်အသားတစ်ခုဖြစ်ပုံ၊ တောင်ပေါ်ကားသမားတစ်ဦးဆိုတာ တစ်စုံတစ်ခုကို ရည်ညွှန်းပုံ၊ သူ့ရဲ့ ဗမာစကားပြောဆိုမှု မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာပုံနဲ့ ဝမ်းနည်းစိတ်ဆိုးမှု တွေပဲ ဖြစ်ပါတယ်။ လျှိုမြောင်တစ်လျှောက် အရှိန်နဲ့ လှိမ့်ဆင်းလာစဉ်မှာ သူက အတိတ်က အချို့အကြောင်းအရာတွေကို မြင်ရောင်နေတဲ့ပုံပါ။ ကျွန်တော်လည်း မြင်ခဲ့ဖူးတာပဲ။ ဖုန်တွေ၊ ကျောက်ပေါက်မာလို စွပ်ကြောင်းတွေ၊ ရေလေတိုက်စားမှုကြောင့် ပြုတ်ကျတော့မလိုဖြစ်နေတဲ့ ကျောက်တုံးကြီးတစ်တုံးပေါ်ကို တအိအိတက်ဖို့စောင့်နေတဲ့ ဒါဇင်နဲ့ချီတဲ့ ထရပ်ကားတွေ၊ ကားပြတင်းတွေကနေတစ်ဆင့် စကားပြောနေတဲ့ ကားမောင်းဖော်တွေ၊ ကားကြီးတွေကို ဆင်းတစ်ချီ တက်တစ်လှည့်နဲ့ တဝေါဝေါမာင်းနှင်နေရတာကြောင့် ဟွန်းတီးလိုက်၊ ဘရိတ်အုပ်လိုက်နဲ့ ကကြိုးသွယ်သလိုဖြစ်နေတဲ့ ကားသမားတွေကို မှောင်းနှင်ဖို့ အချက်ပေးတဲ့ ဟွန်းသံတွေအကြောင်းပါ။ 

ကုန်အပြည့် တင်ဆောင်ထားပေမယ့်လည်း ဒီခရီးက တစ်နာရီမပြည့်ခင်မှာပဲ အဆုံးသတ်သွားခဲ့ပါပြီ။ မြဝတီမြို့အပြင်ဘက်က စစ်ဆေးရေးဂိတ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကားထဲက လူတိုင်းကို မျက်နှာထားတင်းတင်းနဲ့ စကားပြောဆိုလျက်ရှိပြီး ဦးဝင်းထွန်းနဲ့ သူ့ရဲ့စပယ်ယာတို့ကတော့ စစ်ဆေးခံဖို့ စောင့်နေတဲ့ ကားတန်းကြီးထဲကို သွားရောက်နေရာယူခဲ့ကြပါပြီ။

ကျွန်တော်ကတော့ တခြားကားသမားတွေနဲ့ စကားစမြည်ပြောကြည့်ခဲ့ပါတယ်။ သူတို့ကလည်း လမ်းဟောင်းကြီးက လွမ်းတသသဖြစ်နေကြတဲ့သူတွေပါ။ တစ်ယောက်ကတော့ အဝေးပြေးလမ်းသစ်နဲ့ ပတ်သက်ပြီး နောင်တရစရာ တချို့ကို ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလမ်းက မြန်မာပြည်အတွက် ကောင်းတယ်ဆိုတဲ့အကြောင်းကိုတော့ အသိအမှတ်ပြုခဲ့ပါတယ်။ ကားသမားတော်တော်များများက ပိုမိုတိုတောင်းသွားတဲ့ မောင်းနှင်ချိန်နဲ့ အတက်အဆင်းလုပ်နိုင်တဲ့ အကြိမ်ရေပိုများလာခြင်းကြောင့် ဝင်ငွေပိုမိုရရှိလာခြင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

“ဒါပေမယ့် တော်တော်များများအတွက်တော့ လမ်းဟောင်းကြီးက ကျွန်တော်တို့အတွက် မိတ်ဟောင်းဆွေဟောင်း တစ်ဦးလိုဖြစ်နေတယ်ဆိုတာကို နားလည်ထားရမှာပါ” လို့လည်း ကားသမားတစ်ဦးက ဖွင့်ဟပြောကြားခဲ့ပါတယ်။

ကျွန်တော်ကတော့ အဲဒါကို မြင်ခဲ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။

ခေါင်းစီးဓာတ်ပုံ- ကိုတိတ်

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar