ရန်ကုန်၊ ဇူလိုင် ၂၈
ရန်ကုန်မြို့တွင် အဓိကဖြစ်ပွားနေကာ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည့် တုပ်ကွေးရောဂါအား တိုက်ဖျက်နိုင်ရန်အတွက် အကူအညီများ ပေးအပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ အကူအညီ တောင်းခံထားသည်ဟု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
ယခုရက်သတ္တပတ်အစောပိုင်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ကြောင့် ယခုလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရောဂါတွေ့ရှိသူ ၃၀ ဦးရှိပြီး ခြောက်ဦးသေဆုံးခဲ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံကနေ အကူအညီတောင်းခံထားပါတယ်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အေအက်ဖ်ပီကို ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အေအက်ဖ်ပီ၏ မေးမြန်းမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ယင်းရောဂါမှာ ၂၀၀၉ ခုနှစ်ကတည်း မြန်မာပြည်တွင် စတင်တွေ့ရှိရခြင်းဖြစ်ပြီး အချို့သောနှစ်များတွင် ရာဂဏန်းအထိ ကူးစက်ခံရခြင်းရှိသော်လည်း ယခုနှစ်ကဲ့သို့ လူသေဆုံးမှုမရှိခဲ့ဟု ဒေါက်တာသန်းထွန်းအောင်က အေအက်ဖ်ပီကို ပြောကြားထားသည်။
သို့သော် H1N1 မှာ ရောဂါမကူးစက်နိုင်ရန် ကြိုတင်ကာကွယ်နိုင်သည့်ရောဂါဖြစ်ပြီး ၄၈ နာရီအတွင်း ဆေးကုသမှုခံယူနိုင်လျှင် အသက် အန္တရာယ်စိုးရိမ်ရန်မရှိသဖြင့် အကြောက်မလွန်ကြရန်လည်း ၎င်းက အသိပေးထားသည်။
“ချောင်းဆိုးတဲ့သူတွေက လက်ကိုင်ပုဝါအုပ်ပြီး ချောင်းဆိုးပါ။ နှာခေါင်းစည်း Mask တပ်ပါ။ လက်ကို မကြာခဏဆေးပါ။ လူစုလူဝေးရှောင်ပါ။ အာဟာရမျှတအောင်စားပါ။ ကလေးတွေဖျားတယ် နာတယ်ဆိုရင် ကျောင်းမသွားဖို့၊ ဒီလိုမျိုး ကာကွယ်နိုင်တဲ့နည်းတွေကိုပဲ ဦးစားပေးဆောင်ရွက်ရပါမယ်။ ပညာပေးလုပ်ငန်းတွေများများလုပ်ပါမယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ တုပ်ကွေးရောဂါသည် မိုးရာသီနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါပိုးသည် လေထဲမှတစ်ဆင့် အသက်ရှုလမ်းကြောင်းတွင်းသို့ ဝင်ရောက်ကာ တစ်ဦးမှ တစ်ဦး လျှင်မြန်စွာ ကူးစက်နိုင်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းတို့ဖြစ်ပေါ်တတ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အထူးဦးစားပေးကာ ရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။