လှိုင်မြစ်ကိုဖြတ်သန်း၍ တည်ဆောက်ထားသောတံတားအနီး ဓားများကိုင်၍ ဆန္ဒပြပွဲတွင် ပါဝင်နေသည့် လှိုင်သာယာမြို့ခံအချို့ကို မတ်၁၄ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တုန်လှုပ်စရာဖြစ်ရပ်များကြားက စစ်အာဏာရှင်ကို ဆက်လက်အာခံနေမည့် လှိုင်သာယာဒေသခံများ

ရန်ကုန်ဆင်ခြေဖုံးဒေသ၌ သွေးထွက်သံယိုဖြစ်သည်အထိ နှိမ်နင်းမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများ အစုလိုက်အပြုံလိုက် ထွက်ခွာမှုရှိခဲ့သော်လည်း ဒေသခံများကမူ စစ်အုပ်ချုပ်မှုအဆုံးသတ်သည်အထိ ဆက်လက်ဆန္ဒပြသွားမည်ဟု အခိုင်အမာဆိုကြသည်။

ဖရွန်းတီးယားမြန်မာ

“ဆန္ဒပြတဲ့သူတွေက အရင်ရက်တွေကလိုပဲ လမ်းပေါ်မှာ တော်လှန်ရေးသီချင်းတွေ ဆိုနေကြတာ။ ဒီလိုမျိုး သွေးထွက်သံယိုတွေဖြစ်ဖို့ ဘယ်သူမှမမျှော်လင့်ခဲ့ဘူး”ဟု ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှ ဆန္ဒပြခေါင်းဆောင် ကိုအာကာက ပြောသည်။ 

လုံခြုံရေးအတွက် သူ၏အမည်ရင်းကို အသုံးမပြုရန်တောင်းဆိုခဲ့သည့် ကိုအာကာက မတ်၁၄ရက်၊ ရန်ကုန်မြို့အနောက်ဘက်ခြမ်းတွင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အင်မတန်အကျည်းတန်သော အဖြစ်အပျက်ကို ဖရွန်းတီးယားမြန်မာအား ပြောပြခဲ့သည်။

ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာပစ်ခတ်နှိမ်နင်း ဖြိုခွင်းမှုကြောင့် လူ၅၆ဦး သေဆုံးခဲ့ရသည်ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက အတည်ပြုထားသည်။ ဖေဖော်ဝါရီ၁ရက် စစ်တပ်အာဏာသိမ်းချိန်မှစ၍ တစ်ရက်တည်းတွင် မြို့နယ်တစ်ခုတည်း၌ စံချိန်တင် လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။

အဆိုပါနေ့က နံနက်၉နာရီတွင် ညောင်တုန်းလမ်းမကြီး၊ ၃−ထိပ်ဘတ်စ်ကားမှတ်တိုင်အနီးသို့ ဆန္ဒပြသူများ စတင်စုရုံးရောက်ရှိလာပြီး တစ်နာရီအတွင်း လူထောင်ပေါင်းများစွာ စုစည်းမိသွားသည်။ အဆိုပါစုရပ်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း လှိုင်သာယာတွင် ပေါ်ပေါက်ခဲ့သောကြီးမားသည့် သပိတ်စခန်း သုံးခုအနက်က တစ်ခုဖြစ်သည်။ လူထောင်ပေါင်းများစွာပါဝင်သည့် အဆိုပါသပိတ်စခန်းကြီးများသည် မတ်၁၄ရက်မတိုင်ခင် ရှေ့ပိုင်းရက်များတွင် သွေးထွက်သံယိုမှုမရှိဘဲ စစ်တပ်အုပ်ချုပ်နေမှုကို စုရုံးဆန္ဒပြခဲ့ကြသည်။

နံနက် ၁၀နာရီ၊ မိနစ်၃၀ခန့်တွင် ဆန္ဒပြလူအုပ်ကြီးသည် အောင်ဇေယျတံတားအဆင်းရှိ ၁−ထိပ်မှတ်တိုင်အနီး လူပေါင်းထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းနှင့် ပေါင်းစည်းမိသွားသည်။

“လမ်းပေါ်မှာ သောင်းချီတဲ့လူအုပ်ကြီးက တော်လှန်ရေးသီချင်းတွေကို ဟစ်ကြွေးနေကြတာ။ လူတွေရဲ့ စည်းလုံးညီညွတ်မှုကိုကြည့်ရင်း ကြက်သီးတွေထတဲ့အထိ စိတ်လှုပ်ရှားမိတယ်”ဟု ကိုအာကာက ပြောသည်။

သို့သော် များမကြာမီတွင် ရဲကားနှင့် စစ်ကားများစွာပါဝင်သော လုံခြုံရေးတပ်ဖွဲ့ယာဉ်တန်းရှည်သည် ဘုရင့်နောင်တံတားကိုဖြတ်ကူး၍ ၎င်းတို့ဆီသို့ ဦးတည်လာနေသည်ဆိုသော သတင်းစကားသည် ဆန္ဒပြသူများထံသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။

သတင်းကြားလျှင်ကြားချင်း ဆန္ဒပြခေါင်းဆောင်များသည် လက်ကိုင်အော်လံများ (အသံချဲ့စက်အသေးစားများ) အသုံးပြု၍ သပိတ်စခန်းသည် မကြာမီအဖြိုခွင်းခံရဖွယ်ရှိကြောင်း အော်ဟစ်သတိပေးခဲ့ပြီး ဆန္ဒရှိပါက အိမ်ပြန်နိုင်ကြောင်းလည်း သပိတ်တွင်ပါဝင်သူများကို ပြောဆိုခဲ့သည်။

“ဒါပေမဲ့လူတွေက မပြန်ကြဘူး။ ထိုင်မြဲထိုင်နေပြီး ဆန္ဒဆက်ပြနေကြတာ”ဟု ကိုအာကာကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံကိုကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်ကာ ဆန္ဒပြပွဲတွင် ပါဝင်နေသည့် လှိုင်သာယာမြို့ခံများကို မတ်၁၄ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အဝေးမှ ချိန်ရွယ်ပစ်ခတ်ခြင်း

နေ့လယ်၁နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ နေရာအသီးသီးသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ဖြိုခွင်းတော့သည်။ ဆန္ဒပြသူများကလည်း ပစ်ခတ်ဖြိုခွင်းမှုကို အန်တု၍ ခဲများ၊​ လောက်လေးခွများဖြင့် ပြန်လည်ပစ်ခတ်ပြီး ဆက်လက်ဆန္ဒပြကြရာ အခြေအနေမှာ ပို၍တင်းမာလာတော့သည်။

ညနေ၃နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အားတိုးမြှင့်သည့်အနေဖြင့် ရဲနှင့်စစ်ကားများ အင်းစိန်မြို့နယ်ဘက်အခြမ်းမှ အောင်ဇေယျာတံတားကိုဖြတ်ကျော်၍ လှိုင်သာယာအတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိုနေ့က ဆန္ဒပြသူများကို အင်အားအလုံးအရင်းဖြင့် ဘက်ပေါင်းစုံက ဝိုင်း၍ချောင်ပိတ်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ဟု မတ်၁၄ရက်က ၁-ထိပ်မှတ်တိုင်အနီး ဆန္ဒပြရာတွင်ပါဝင်ခဲ့သူ ကိုမင်းမင်းအောင်က ပြောသည်။

“ကျနော်က အနီးဆုံးရပ်ကွက်ထဲကို ပြေးဝင်လိုက်တာ။ သူတို့ကရပ်ကွက်ထဲထိတော့ မလိုက်ဘဲ မျက်ရည်ယိုဗုံးတွေ ပစ်ထည့်တာ။ နောက်လမ်းသွယ်ထိပ်တွေမှာ ပိတ်ထားပြီး ရပ်ကွက်ထဲက တစ်ခုခုလှုပ်ရှားတာမြင်တာနဲ့ ပစ်တာပဲ။ ကျည်အစစ်တွေ၊ အသံဗုံးတွေနဲ့လည်း ပစ်တယ်”ဟု ကိုမင်းမင်းအောင်က ပြောသည်။

ထိုအချိန်တွင် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအာကာကမူ ဒဏ်ရာရသူများစွာကို အနီးရှိ လူမှုကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များ အထိုင်ချရာနေရာများသို့ သယ်ယူပို့ဆောင် နေခဲ့သည်။ ၎င်းပို့ပေးသည့် ဆန္ဒပြသူအများစုမှာ ဦးခေါင်းသို့မဟုတ် ဝမ်းဗိုက်တွင် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခံထားရသည့် သေလုနီးပါး ဒဏ်ရာရရှိသူများဖြစ်နေသည်။

“အသံတိတ်သေနတ်သမား (စနိုက်ပါရိုင်ဖယ်ကိုင်)တွေက ကုန်တင်ကားတွေပေါ်ကနေ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့တယ်”ဟု ကိုအာကာက ပြောသည်။ ကျည်ဆန်အစစ်ထိမှန်သူ အများအပြားသည် ၎င်းတို့ကို ကုသမှုပေးမည့်နေရာများသို့ မရောက်ရှိခင် လမ်းခုလတ်မှာပင် သေဆုံးသွားကြသည်က များသည်။ ထိုနေ့က ဆန္ဒပြသူများ သေနတ်ဖြင့်ပစ်ခတ်ခံရသည့်နေရာအနီး ရောက်ရှိနေသော ဖရွန်းတီးယားမြန်မာ သတင်းထောက်ကလည်း စနိုက်ပါကိုင်သေနတ်သမားများက ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု ဆိုသည်။

ထိုနေ့ကဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်အတွက် ကမ္ဘာပျက်သည့်အလားဟု ဆိုရမလိုပင်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများကလည်း ခဲများ၊ လောက်လေးခွများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများကို အရှိန်အဟုန်မြှင့်တင်၍ ဆန္ဒပြသူများအား ဖြိုခွင်းတော့သည်။

လွန်ခဲ့သောနာရီပိုင်းအတွင်းက ငြိမ်းချမ်းစွာဆန္ဒပြသောနေရာသည် အချိန်တိုအတွင်းမှာပင် သေနတ်ပစ်ခတ်သံများ၊ အလွန်ကျယ်လောင်သည့် အသံဗုံးပေါက်ကွဲသံများက ဖုံးလွှမ်းသွားပြီးစစ်မြေပြင်အလား ရုတ်ချည်းပြောင်းလဲသွားသည်။

ရုတ်တရက် ပြေးလွှားနေသူများ၊ အော်ဟစ်ကြွေးကြော်သံများ၊ ရရှိသောဒဏ်ရာကြောင့် ညည်းတွားသံများ၊ ကျည်ဆန်အစစ်ထိမှန်၍ သေဆုံးသွားသူများအတွက် ငိုကြွေးသံ၊ နာကျည်း၍ မခံမရပ်နိုင်သဖြင့် တောက်ခေါက်ဆဲဆိုသံများလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လက်လုပ်သတ္တုဒိုင်းများအကွယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခြိမ်းခြောက်မှုကိုအာခံ၍ ဆက်လက်ဆန္ဒပြနေသည့် လှိုင်သာယာဒေသခံများကို မတ်၁၄ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဆန္ဒပြသူဦးရေ အလွန်များပြားသည့်အပြင် ဆန္ဒပြရာနယ်မြေကျယ်ပြန့်သဖြင့် ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသူဦးရေအတိအကျကို သိရှိရန်မှာခက်ခဲလှသည်။ မတ်၁၄ရက် ညပိုင်းတွင် တက်လာသည့် သတင်းများအရ သေဆုံးသူ၂၂ဦးရှိခဲ့သည်ဟု သတင်းဌာနများက ဆိုသော်လည်း နောက်နေ့များတွင် ရင်ခွဲရုံသို့ရောက်ရှိလာသည့် အလောင်းစုစုပေါင်း ၅၈ခုအထိ ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက မတ်၁၈ရက်တွင် ပြောသည်။

လှိုင်သာယာရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လုပ်ကိုင်နေသော ဆရာဝန်တစ်ဦးကမူ ၎င်းတို့ဆေးရုံသို့ မတ်၁၄ရက်၊ ည၉နာရီအချိန်အထိ ဒဏ်ရာရသူ၁၂ဦးနှင့် သေဆုံးသူတစ်ဦး ရောက်ရှိလာကြောင်း RFAသတင်းဌာနကို အဆိုပါနေ့တွင် ပြောသည်။

“သူတို့က ကျည်အစစ်တွေနဲ့ပစ်ခံထားရလို့ အရိုးတွေကကြေမွ ကွဲထွက်နေပြီ။ အသက်၁၁နှစ်၊ ၁၂နှစ်အရွယ်မိန်းကလေးတစ်ယောက်ဆို သူ့ရဲ့ခြေထောက်ကို သေနတ်နဲ့ ပစ်ခံလိုက်ရတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပဆေးရုံများသို့ သွားရာလမ်းကြောင်းများရှိ တံတားအားလုံးကို ပိတ်ဆို့ထားခဲ့ရာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရဆေးရုံများသို့သာ ပို့ဆောင်ပေးခဲ့ရသည်ဟု လှိုင်သာယာအခြေစိုက် ကျန်းမာရေးစေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူအရေအတွက် အတိအကျကို ချက်ချင်းစုံစမ်း၍မရနိုင်ခဲ့ခြင်းမှာ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပွဲချင်းပြီးသေဆုံးသူအချို့ကို ၎င်းတို့၏မိသားစုဝင်များက အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများသို့ မပို့ဆောင်ဘဲ ၎င်းတို့၏နေအိမ်များသို့သာ သယ်ဆောင်သွားသောကြောင့်ဖြစ်သည်။ ထို့ပြင် နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေဆုံးသူအချို့၏ ရုပ်အလောင်းများကို ယူဆောင်သွားခြင်းကြောင့်ဖြစ်သည်ဟု ယင်းစေတနာ့ဝန်ထမ်းက မှတ်ချက်ပြုသည်။

မိသားစုဝင်များကို ဆက်သွယ်မရသည့် သေဆုံးသူရုပ်အလောင်းများလည်းရှိခဲ့ရာ မတ်၁၄ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူဦးရေသည် လှိုင်သာယာပြည်သူ့ဆေးရုံကအတည်ပြုသည့် အရေအတွက် ၅၈ဦးထက်လည်း များပြားနိုင်ကြောင်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ဒဏ်ရာရဆန္ဒပြသူများကိုကူညီပေးသည့် စေတနာ့ဝန်ထမ်းနှင့် ဆရာဝန်များကို စစ်အစိုးရက လိုက်လံရှာဖွေဖမ်းဆီးနေသဖြင့် ၎င်းတို့အသင်းအမည် ပါရှိသည့် ဆိုင်းဘုတ်များကို ဖြုတ်ထားရရုံမက အသင်းပိုင်လူနာတင်ယာဉ်များကိုလည်းကွယ်ဝှက်၍ သိုသိုသိပ်သိပ် လှုပ်ရှားနေရသည်ဟု လူမှုကူညီရေးအသင်းများက ဆိုသည်။

ကျည်ဆန်အစစ်ထိမှန်သူတစ်ဦးကို ဆန္ဒပြသူများက အရေးပေါ်ကုသပေးရန် ဘေးလွတ်ရာသို့ သယ်ယူခေါ်ဆောင်သွားသည်ကို မတ်၁၄ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လူဆိုးကြီးများ ငိုကြွေးချိန်

ရန်ကုန်ရှိအခြားမြို့နယ်များက ဆန္ဒပြသူများသည် ဟောင်ကောင်ရှိ လူထုဆန္ဒပြပွဲများနှင့် ဆင်တူသည့် နည်းဗျူဟာများ ကျင့်သုံးခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များရှေ့တိုးလာချိန်တွင် ပြန်လည်ဆုတ်ခွာကြပြီး တိုက်ရိုက်ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလေ့ရှိသည်။ သို့သော် လှိုင်သာယာရှိဆန္ဒပြသူများကမူ ၎င်းတို့ ပြုလုပ်ထားသည့် လူတစ်ရပ်နီးပါးအမြင့်ရှိ အတားအဆီးများကို အကာအကွယ်ယူ၍ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။

အဆိုပါ စိတ်ပိုင်းဖြတ်မှုသည် အခြေခံလူတန်းစားအလုပ်သမားများ အများစုနေထိုင်သည့် လှိုင်သာယာမြို့နယ်၏ အကဲဆတ်သည့် စရိုက်လက္ခဏာလည်းဖြစ်သည်။ ထို့ပြင် ဆေးမှင်ကြောင် (တက်တူး)အများအပြားနှင့် တစ်ခါတစ်ရံ ဓားမြောင်၊ ဓားရှည်များကိုင်ဆောင်တတ်သူများ စုဖွဲ့ထားသည့် ရာဇဝတ်ဂိုဏ်းများရှိနေခြင်းကြောင့် လှိုင်သာယာကို “ဇိုး” (လူဆိုးဂိုဏ်း)များ နေထိုင်သည့်နယ်မြေဟုလည်း အချို့က တံဆိပ်ကပ် ခေါ်ဝေါ်ကြသည်။

သို့တိုင် လူသိများသော လူဆိုးဂိုဏ်းခေါင်းဆောင်များသည် မတ်၁၄ရက်အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများဖြစ်သည်ဟု လှိုင်သာယာမြို့ခံ ကိုမင်းမင်းအောင်က ပြောသည်။ အထူးသဖြင့် မတ်၁၄ရက်တွင် ငှက်ကြီးတောင်ဓားကိုင်ထားသည့် ခန္ဓာကိုယ် နေရာအနှံ့အပြား ဆေးမှင်ကြောင် (တက်တူး) အပြည့်ရေးထိုးထားသည့် အမျိုးသားများကို ဆန္ဒပြလူအုပ်အတွင်း မြင်တွေ့ခဲ့ရသည်ဟု လှိုင်သာယာသို့ရောက်ရှိ၍ သတင်းရယူနေသည့် ဖရွန်းတီးယားမြန်မာသတင်းထောက်က ဆိုသည်။

မတ်၁၄ရက်က စစ်သားများကို ပြန်လည်ရင်ဆိုင်ခဲ့သည့် ၎င်းတို့၏ရဲရင့်မှုသည် လှိုင်သာယာမြို့ခံများ ၎င်းတို့အပေါ်ထားသည့်အမြင်များကို ပြောင်းလဲပစ်ခဲ့သည်။ တစ်ချိန်က ထိုလူများ၏ လုယက်တိုက်ခိုက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းခံရမည်ကို ကြောက်ရွံ့ခဲ့ကြသည်ဟု ဒေသခံအချို့က ဆိုသည်။ သို့သော် မတ်၁၄ရက် အကြမ်းဖက်ဖြိုခွင်းမှုနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရန်ပြုခြင်းမှ ပြည်သူများကို ကာကွယ်ပေးသူများအဖြစ် ဒေသခံများက ၎င်းတို့အား ယုံကြည်အားကိုး လာကြသည်။

“လူဆိုးဂိုဏ်းကကောင်တွေငိုမယ်လို့ တစ်ခါမှမတွေးမိဘူး။ သူတို့ ဓားရှည်တွေနဲ့ ရဲတွေဆီပြေး မဝင်ခင် ဒီကောင်တွေ(ရဲနှင့်တပ်)တွေ ငါတို့လူတွေကိုသတ်တဲ့ကောင်တွေ။ မင်းတို့ကိုလည်းပြန်သတ်မယ်လို့ မျက်ရည်တွေသုတ်ပြီး ဟစ်ကြွေးခဲ့တယ်”ဟု ကိုမင်းမင်းအောင်က သူတွေ့မြင်ခဲ့သည့် မြင်ကွင်းကို ပြန်ပြောင်းပြောပြသည်။

သို့သော် သူတို့၏ ဓားရှည်များသည် ကျည်အစစ်များကို မခုခံနိုင်ခဲ့ပေ။

“ကျနော်သိတာက ရဲနှစ်ယောက်ထိသွားတယ်။ ရဲတစ်ယောက်ရဲ့ လက်မောင်းက ဓားရှည်နဲ့ အခုတ်ခံ လိုက်ရတယ်။ ဆန္ဒပြသူတွေက လေးခွတွေ၊ ဓာတ်ဆီပုလင်းတွေနဲ့ပစ်ပေါက်ပြီး ပြန်ခုခံကြတာ”ဟု ကိုမင်းမင်းအောင်က ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း မတ်၁၄ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှေ့တက်လာမှုကို ဟန့်တားရန် သဲအိတ်များကို အတားအဆီးသဖွယ်ပြုလုပ်ကြပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်း၍ ဆန္ဒပြသူအချို့သေဆုံးမှုရှိလာပြီး နာရီအနည်းငယ်အကြာတွင် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့ မီးရှို့ခံလိုက်ရသည်။ မီးရှို့ခံရသည့် စက်ရုံများတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ စက်ရုံများလည်း ပါဝင်ခဲ့သည်။

ဆန္ဒပြသူများနှင့်လှိုင်သာယာမြို့ခံများကမူ စက်ရုံများမီးရှို့ခံရခြင်းမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု ငြင်းဆိုသည်။ ထိုလုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ အချို့ကမူ အာမခံကုမ္ပဏီများထံမှ လျော်ကြေးရယူလိုသည့် ပိုင်ရှင်များက မိမိစက်ရုံကို ပြန်လည်မီးရှို့ခြင်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြသည်။

“သူတို့စက်ရုံတွေကို သူတို့ဘာသာ မီးရှို့ပစ်လိုက်တာဖြစ်နိုင်တယ်”ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုကျော်ကြီးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ညွှန်းပြောဆိုသည်။ “ဆန္ဒပြသူတွေက အကြမ်းဖက် ပစ်ခတ်နေတဲ့ကြားမှာ အသက်ရှင်အောင် ပြေးနေရတာ။ စက်ရုံတွေကို မီးရှို့ဖို့အချိန်တောင်မရှိဘူး” ၎င်းက ပြောသည်။

သို့သော် စက်ရုံများမီးလောင်မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် စက်ရုံပိုင်ရှင်များကိုယ်တိုင် မီးရှို့သည်ဆိုသည့်အချက်အပေါ် ဖရွန်းတီးယားမြန်မာက အတည်မပြုနိုင်ပေ။

မတ်၁၄ရက်မတိုင်မီတွင်မူ တက်ကြွလှုပ်ရှားသူအချို့သည် ဆန္ဒပြသူများသွေးမြေကျပါက တရုတ်စက်ရုံများကို မီးရှို့မည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ကြွေးကြော်ခဲ့ကြသည်။ အကြောင်းမှာ တရုတ်အစိုးရသည် ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းယူခဲ့သည့် တပ်မတော်ကို အဓိက ကူညီထောက်ပံ့သူအဖြစ် မြန်မာပြည်သူများက မှတ်ယူထားကြ၍ဖြစ်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပါအဝင် အခြားတရုတ်စီမံကိန်းများကို ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မှုများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ပြောဆိုရေးသားချက်များ၊ ခြိမ်းခြောက်မှုများကိုထောက်၍ မတ်၁၄ရက်က လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်စက်ရုံအချို့ မီးရှို့ခံရခြင်းသည် ဆန္ဒပြသူများ၏ လက်ချက်ဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်သော လေသံပစ်သတင်းများ တရုတ်နိုင်ငံပိုင်သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။

ရာဘာကျည်ဆန်များကိုသာ ကာကွယ်နိုင်သော သတ္တုပြားများကို ကိုင်ဆောင်၍ ဆန္ဒပြနေသည့် လှိုင်သာယာဒေသခံများကို မတ်၁၄ရက်တွင် မြင်တွေ့ရစဉ်။ အဆိုပါသတ္တုပြားများသည် ကျည်ဆန်အစစ်ကို အကာအကွယ်မပေးနိုင်ပေ။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

သူတို့မှာ လူစိတ်မရှိတော့ဘူး

မတ်၁၄ရက်က လှိုင်သာယာတွင် စံချိန်တင်လူသေဆုံးသည်အထိ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများသည် နိုင်ငံတစ်ဝန်းက လူထုအုံကြွမှုကို ဆက်လက်၍ ခပ်ပြင်းပြင်းချေမှုန်းမည့် စစ်ကောင်စီ၏ စိတ်ပိုင်းဖြတ်ထားမှုကို အသိပေးလိုက်ပုံရသည်။

မတ်၁၄ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတည်ရှိသည့် ဆင်ခြေဖုံးမြို့နယ်နှစ်ခုဖြစ်သော လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များကို စစ်အုပ်ချုပ်ရေးတွင် အကျုံးဝင်သော မြို့နယ်များအဖြစ် စစ်ကောင်စီက ကြေညာလိုက်သည်။ ယင်းသို့ ကြေညာမှုနှင့်အတူ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အပ်နှင်းလိုက်သည်။

ယင်းသို့အပ်နှင်းလိုက်သည့်အပြင် ယင်းမြို့နယ်များတွင် အဖမ်းခံရသူ မည်သူကိုမဆိုကို စစ်ခုံရုံးတွင် စစ်ဆေးစီရင်ခြင်းကိုပါ ခွင့်ပြုလိုက်သည်။ မတ်၁၅ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းက မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ယင်းသို့ကြေညာမှုအပြီး မတ်၁၆ရက်တွင် တစ်ရပ်တစ်ကျေးမှ လာရောက်၍ စက်မှုဇုန်က စက်ရုံအလုပ်ရုံများတွင် လာရောက်လုပ်ကိုင်ကြသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ ထောင်နှင့်ချီ၍ လှိုင်သာယာမြို့နယ်ကို စွန့်ခွာကာ နေရပ်များသို့ ထွက်ခွာသွားခဲ့ကြသည်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်ခြင်းနှင့် နေ့အချိန်တွင် နေအိမ်များကို ဝင်ရောက်စီးနင်းသည့် ဖြစ်စဉ်များကြောင့် ထိတ်လန့်တုန်လှုပ်၍ လှိုင်သာယာကို စွန့်ခွာသွားကြသည်ဟု နယ်ခံအချို့က ယူဆသည်။

သို့သော် လှိုင်သာယာမှ နေရပ်ပြန်သွားသူအများစုမှာ စစ်အာဏာသိမ်းပြီးအချိန်က စတင်၍ စက်ရုံအလုပ်ရုံပိတ်လိုက်ရခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းခြင်းကြောင့် အလုပ်မှ ရပ်ဆိုင်းခံရခြင်းနှင့် အလုပ်သစ်မရှိတော့ခြင်း စသည့်အခြေအနေများကြောင့် နေရပ်ပြန်ရန် စိတ်ပိုင်းဖြတ်ထားကြသူများ ဖြစ်သည်။

လှိုင်သာယာမှ ဇာတိမြေ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့သို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်သူများအနက် အသက်၆၀နှစ် ရှိပြီဖြစ်သော ဦးပြုံးချိုလည်း ပါဝင်သည်။ လူများ၊ အိမ်သုံးပစ္စည်းများနှင့် ပရိဘောဂအသုံးအဆောင်များ အပြည့်တင်ထားသည့် ရာနှင့်ချီသော ကုန်တင်ကားများ၊ မော်တော်ဆိုင်ကယ်များကို အိမ်အပြန်လမ်းတွင် မြင်တွေ့ခဲ့ရသည်ဟု ဦးပြုံးချိုက ဆိုသည်။ အိမ်ပြန်သူ အများစုမှာ ၎င်းကဲ့သို့ပင် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဇာတိမြို့များသို့ ပြန်လည်ပြောင်းရွှေ့နေကြသူများဖြစ်သည်။

လှိုင်သာယာနှင့် အင်းစိန်မြို့များကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကို အာခံ၍ဆက်လက်ဆန္ဒပြနေကြသည့် လှိုင်သာယာဒေသခံများကို မတ်၁၄ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လှိုင်သာယာသည် ရန်ကုန်တိုင်းအတွင်း ပြည်တွင်းရွှေ့ပြောင်းလုပ်သား အများဆုံးနေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည်။ အထူးသဖြင့် ၂၀၀၈နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသက အိမ်ထောင်စုအများအပြားသည် စက်မှုဇုန်များတည်ရှိရာ လှိုင်သာယာသို့ အစုလိုက်အပြုံလိုက် ရေကြည်ရာ၊ မြက်နုရာသို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရွှေ့ပြောင်းလာခဲ့ကြသည်။

ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံရေးအပြောင်းအလဲများ၊ စီးပွားရေးတိုးတက်မှု၊ ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမှုကြောင့် လှိုင်သာယာသို့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်အခြေချမှု ပိုမိုမြင့်တက်လာသည်။

သို့သော် ယမန်နှစ်ကစတင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို စီးပွားချွတ်ခြုံကျစေသည့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အထည်ချုပ်လုပ်ငန်းများလည်း တစ်နွယ်ငင်တစ်စင်ပါ ကျပ်တည်းလာသည်။ ပြည်ပအမှာစာရင်းများ ကျဆင်းလာသဖြင့် အထည်ချုပ်လုပ်ငန်းများကလည်း အလုပ်သမားများကို အလုပ်မှရပ်နားခြင်း၊ အလုပ်ရုံများကို ခေတ္တပိတ်သိမ်းထားခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သဖြင့် ရွှေ့ပြောင်းအလုပ်သမားများ စားဝတ်နေရေး အကြီးအကျယ်ထိခိုက်ခဲ့သည်။

ထိုသို့ အခြေအနေများရှိနေစဉ် ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းလိုက်ခြင်းသည် ရွှေ့ပြောင်းလုပ်သားများ၏ ပြိုလဲလုနီးပါး ဘဝရပ်တည်ရေးကို အဆုံးသတ်၊ ဖြိုချလိုက်သလို ဖြစ်သွားသည်။

စစ်အုပ်ချုပ်ရေးကာလတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရပ်ကွက်များအတွင်း ဝင်ရောက်စစ်ဆေးမှုများ ရှိမည်ဖြစ်ရာ စစ်မက်ဖြစ်ပွားရာအရပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကျူးလွန်နေကျအတိုင်း နေအိမ်များသို့ ဝင်ရောက်ပြီး ပစ္စည်းဥစ္စာများ လုယူမည်ကိုစိုးရိမ်သဖြင့် လှိုင်သာယာတွင် ဆက်လက်မနေထိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြောင်း ဦးပြုံးချိုက ပြောသည်။

“အဲဒီလိုမလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ သူတို့မှာ လူစိတ်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အလုပ်သမားအများစုသည် တရုတ်ပိုင်စက်ရုံများ၌ အလုပ်ရနိုင်သည့်တိုင် အလုပ်သွားလုပ်ရန် ကြောက်ရွံ့နေကြသည်ဟု Miang Yi အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင် မမာလာကဆိုသည်။ တရုတ်စက်ရုံများတွင် အလုပ်လုပ်မည့်အစား နေရပ်သို့သာပြန်လာရန် မိဘများကလည်း ၎င်းတို့၏ သား၊ သမီးများကို ပြန်လည်ခေါ်ယူနေကြကြောင်း ၎င်းကဆိုသည်။

“နောက်တစ်ခါ စက်ရုံတွေကို မီးလာရှို့မှာလားဆိုတာ ဘယ်သူမှမသိကြဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်ပြန်သွားဖို့ တွန့်ဆုတ်နေတာ။ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်”ဟု မမာလာကပြောသည်။

လှိုင်သာယာကို စွန့်ခွာ၍ နေရပ်ဒေသများသို့ ပြန်လည်အခြေချနေထိုင်ရန် ထွက်ခွာနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများကို မတ်၁၆ရက်က ရိုက်ကူးထားသော ဤရုပ်သံတွင် မြင်တွေ့ရသည်။ (ရုပ်သံ | ပေးပို့)

အလုပ်သမားအများစုသည် လခမရဘဲ ရန်ကုန်တွင် ဆက်လက်နေထိုင်မည်ဆိုပါက အစားအသောက်နှင့် နေရာထိုင်ခင်း ကုန်ကျစရိတ်များကို ပေးနိုင်မည်မဟုတ်ဟု ၎င်းကဆိုသည်။ လှိုင်သာယာအရှေ့ပိုင်းရှိ သူနေထိုင်ရာရပ်ကွက်သည် လွန်ခဲ့သောရက်ပိုင်းက စတင်၍ တိတ်ဆိတ်ခြောက်ခြားလာသည်ဟု မမာလာကပြောသည်။

“အရင်က ကျမတို့လမ်းပေါ်မှာ စျေးသည်တွေနဲ့ စည်ကားနေတာပဲ။ အခုတော့ တော်တော်များများ မရှိတော့ဘူး။ လမ်းပေါ်မှာ လူနည်းနည်းပဲရှိတယ်”ဟု သူကပြောသည်။

ဆန္ဒပြခေါင်းဆောင်ကိုအာကာကမူ ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့်အခက်အခဲများကို နားလည်သောကြောင့် ဆက်လက်နေထိုင်ရန် မစည်းရုံးချင်တော့ပေ။ သို့သော်လှိုင်သာယာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟစ်ကြွေးသံများ ဆိတ်သုဉ်းသွားမည်ကိုတော့ သူကစိုးရိမ်နေသည်။

မတ်၁၄ရက်တွင် အသေအပျောက်များသည်အထိ နှိမ်နင်းခံခဲ့ရသော်လည်း နောက်တစ်ရက်တွင် ရာနှင့်ချီသော လှိုင်သာယာဒေသခံများသည် သွေးပင်မခြောက်သေးသည့် လှိုင်သာယာလမ်းမများပေါ်သို့ ပြန်ထွက်လာကြပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းရာ ဆန္ဒပြသူလေးဦး ထပ်မံသေဆုံးခဲ့ရသည်။

သို့သော် စစ်အုပ်ချုပ်ရေးကြေညာမှုနောက်ပိုင်း ရွှေ့ပြောင်းလုပ်သားများ လှိုင်သာယာမြို့နယ်မှ စွန့်ခွာမှု ပိုများလာသည်နှင့်အမျှ ဆန္ဒပြသူအင်အားလည်း တစ်နေ့တစ်ခြား ပိုမိုလျော့နည်းလာဖွယ်ရှိသည်။

ကိုအာကာကမူ လမ်းမများထက်တွင် လူနည်းငယ်သာ ကျန်ရှိသည့်တိုင် စစ်အစိုးရကို ဖြုတ်ချနိုင်သည်အထိ နေ့စဉ် ဆန္ဒပြသူများဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြောသည်။

သူ၏ရဲဘော်ရဲဘက်များကို အကြမ်းဖက်ဖြိုခွင်းပစ်သတ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုမှ မိမိကိုယ်ကိုယ်ကာကွယ်ခြင်းသည် တရားမျှတသည်ဟု ကိုအာကာက မန်းဝင်းခိုင်သန်း၏ မိန့်ခွန်းကို ကိုးကား၍ဆိုသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းကို ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယခုလအတွင်း ယာယီဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူလူထုက မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု မတ်၁၃ရက်တွင် ပြောကြားသည့် မိန့်ခွန်းအတွင်း ၎င်းက ထည့်သွင်းခဲ့သည်။

“ကျနော်တို့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒဖော်ထုတ်တယ်။ ဒါပေမဲ့ သူတို့ကကျနော်တို့ကို သတ်ခဲ့တယ်။ သူတို့က လူတွေမဟုတ်ဘူး။ သူတို့မှာ ဥပဒေ၊ စည်းမျဉ်းတွေ၊ ကျင့်ဝတ်တွေမရှိဘူး”ဟု ကိုအာကာက ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကို ပြန်လည်တုံ့ပြန်ရမည့်အချိန်ရောက်ပြီဟုလည်း ၎င်းကဆိုသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar