ရန်ကုန်၊ ဇူလိုင် ၁၈
တိုင်းရင်းသားများမှာ တောင်းစရာ မရှိသလို မရှိသလို ပေးစရာလည်းမရှိပဲ တိုင်းပြည်ကြီးအား အတူတကွ ငြိမ်းချမ်းတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ကိုသာ အလိုရှိတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) ခေါင်းဆောင် ခူဦးရယ်က ယနေ့ ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေ ဇူလိုင် ၁၇ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး ခူဦးရယ်က အခုလို ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “တောင်းချင်တာ တောင်းပါ။ ဒါပေမဲ့ တောင်းတိုင်း အကုန်ပေးနိုင်မယ်လို့တော့ အာမမခံဘူး” လို့ ပြောကြားခဲ့တယ်လို့ ခူဦးရယ်က တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ယနေ့နံနက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျွန်တော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ ပြည်နယ်တွေမှာ သွားကြည့်လိုက်ပါ။ တောင်တွေဟာ မြေပြန့်ဖြစ်ကုန်ပြီ။ မြေပြန့်တွေဟာ ကန္တာရ ဖြစ်ကုန်ပြီ။ မြစ်ချောင်းအင်းအိုင်တွေဟာ ခန်းခြောက်ကုန်ပြီ။ ကျွန်တော်တို့ လူထုတွေရဲ့ ကျေးရွာတွေဟာ ပျက်စီးကုန်ပြီးတော့ တောထဲ တောင်ထဲ ရောက်နေကြပြီ။ တချို့ဆို ဒုက္ခသည်၊ တစ်ချို့ဆို နိုင်ငံတကာတောင် ရောက်သွားပြီ။ သေကြေပျက်စီးတာ။ မြေအောက်က သယံဇာတဆိုရင် ထုတ်လို့ ကုန်ပြီ။ သစ်ပင် ဝါးပင်တွေ မရှိတော့ဘူး။ ကျွန်တော်တို့ဆီမှာ ဘာတွေ လိုချင်သေးလို့လဲ။ ကျွန်တော်တို့ ဘာတွေ ထပ်ပေးရဦးမလဲ” လို့ ခူဦးရယ်က ပြောပါတယ်။
“ကျွန်တော်တို့ နားလည်တာက ဒီတိုင်းပြည်ကြီးကို အတူတကွ ပိုင်ဆိုင်တယ်။ အားလုံး အားလုံးဟာ ဒီတိုင်းပြည်ကြီးရဲ့ ပိုင်ရှင်တွေဖြစ်တယ်။ ကျွန်တော်တို့ ပြောနေတဲ့ တန်းတူရည်တူ အခွင့်အရေးဆိုတာ ဒါပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့မှာ တောင်းစရာမရှိသလို ပေးစရာလဲ မရှိဘူး။ ဒီတိုင်းပြည်ကြီးကို ငြိမ်းချမ်းသာယာအောင်၊ တိုးတက်အောင် အတူတကွ လုပ်ကြမယ်။ လူတိုင်း လူတိုင်း တာဝန်ရှိတယ်။ ကျွန်တော်တို့ လိုချင်တာ ဒါပါပဲ” လို့ သူကပြောကြားခဲ့ပါတယ်။
မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ပွဲကတော့ မိသားစုသဖွယ် တွေ့ဆုံပွဲသာ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ သဘောတူခဲ့ခြင်းနဲ့ ဆုံးဖြတ်ခြင်းတွေ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲမှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးသော မိသားစုဝင်များအဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံမှာ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာတွေကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို အစိုးဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ UNFC ဘက်ကတော့ UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လနဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးနိုင်ထောမွန်၊ ဦးခွန်းအေဘယ်တွိဒ်၊ ဦးဆေထင်နဲ့ ခူဦးရယ် အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြားမှာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (Political Frame Work) ကို သဘောတူညီထားပြီး ဖြစ်ပေးမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်ဖို့အတွက် ဒီ Frame Work ကို ပြန်လည် ဆွေးနွေး (Review) လုပ်ရမှာ ဖြစ်ပါတယ်။
“ဒီနိုင်ငံရေးဆွေးနွေးပွဲ မူဘောင် Political Frame Work ကို ရေးဆွဲ အတည်ပြုတုန်းက ကျွန်တော်တို့ မပါခဲ့ဘူး။ ဒီနိုင်ငံရေး ဆွေးနွေးပွဲမူဘောင်က နိုင်ငံရေးလမ်းပြမြေပုံ ခုနစ်ချက်အရ ဖြစ်ပေါ်လာတဲ့အရာ။ ဒီတော့ ဒီ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို Review လုပ်ဖို့ ကျွန်တော်တို့နဲ့ အစိုးရကြား သဘောတူထားတယ်။ ဒါကြောင့် နားလည်မှုတစ်ခုခု ယူထားဖို့လိုပါတယ်။ ၂၁ ရာစုပင်လုံညီလာခံ ဖြစ်၊ မဖြစ်က ဒီ Frame Work ပေါ် မူတည်နေတယ်။ အားလုံးသဘောတူတဲ့ Frame Work ဖြစ်ဖို့လိုပါတယ်။ အားလုံး တန်းတူညီမျှ ပါဝင်ခွင့်မရတဲ့ Frame Work ဖြစ်လာရင် ၂၁ ရာစု ပင်လုံက အခက်အခဲတွေ အများကြီး ကြုံရနိုင်ပါတယ်” လို့ ခူဦးရယ်က ပြောပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ သံဓိဌာန်ချထားပြီးသားပါ။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး မရရအောင် ရှာပါမယ်။ ဖြစ်သမ ျှ အခက်အခဲပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ အဖြေရှာမှာပါ” လို့ ခူးဦးရယ်ကပြောပါတယ်။
သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မချုပ်ဆိုရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ပါဝင်ဆွေးနွေးခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က မူဝါဒ ချမှတ်ပေးထားပါတယ်။