ချင်းပြည်နယ်၊ ဟားခါးမြို့မှ မြို့မိမြို့ဖများ ဦးဆောင်သော ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီက လူအင်အား ၈၅၀ ခန့်ဖြင့် ကျင်းပခဲ့သည်။
ဆန္ဒပြပွဲကို ဦးဆောင်သော မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဆလိုင်းရာခမ်းက ဆန္ဒပြပွဲ၌ အရပ်ဘက်နှင့် ဘာသာရေး အဖွဲ့အစည်းများမှ ပြည်သူများ ပါဝင်ကာ၊ တိုင်းရင်းသားဒေသများ၌ လတ်တလော ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပေးရန်၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရှိရေး ဆောင်ရွက်ပေးရန်၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးစကားဝိုင်းဖြင့်သာ ဖြေရှင်းရန် တောင်းဆိုပြီး ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ဒို့အရေးဟု ကြွေးကြော်ကာ ဆောင်ပုဒ်များ ကိုင်ဆောင်လျက် သုံးနာရီကြာ မြို့ကိုလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ပြောကြားသည်။
“အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ထူထောင်ကြရအောင်လို့ ကျွန်တော်တို့ ဆန္ဒပြခဲ့ကြပါတယ်”ဟု ၎င်းက ဆိုသည်။
ဦးဆောင်သူတစ်ဦးဖြစ်သူ ဆလိုင်းလျှန်ဘန်းကလည်း“ကျွန်တော်တို့ လိုချင်တာကတော့ ဘာပဲဖြစ်ဖြစ် တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ပါ၊ ဒါ့ပြင် ဗမာတိုင်းရင်းသားများနဲ့ ကျွန်တော်တို့ဟာ ညီအစ်ကိုများဖြစ်ပြီး အေးအတူ ပူအမျှ နေထိုင်နေကြတာမို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဒီဆန္ဒပြပွဲတွေကို ထည့်သွင်းစဉ်းစားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
“တိုက်ပွဲတွေက ၂၁ ရာစု ပင်လုံညီလာခံ လုပ်ပြီးတာနဲ့ မကြာခင်မှာပဲ ဖြစ်ပါတယ်။ အဲဒါက တိုက်ပွဲအကြီးကြီးပုံစံ ပေါ်ပါတယ်။ ဒီတိုက်ပွဲတွေက ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်”ဟု ချင်းလူငယ်အဖွဲ့အစည်းက ဒုဥက္ကဋ္ဌ ဆလိုင်း ဘန်ကျင်းထန်က ပြောသည်။
သတင်း – ဆုမြတ်မွန်