တပ်မတော်ကဆင်နွှဲနေသော တိုက်ပွဲများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တရားသောစစ်ပွဲသာဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပြီး တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း အစွန်းရောက်သူများအဖြစ် စွပ်စွဲလိုက်သည်။
ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲဖြစ်သည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတချို့မှ ခေါင်းဆောင်လုပ်သူများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာ ဆောင်ရွက်ရမည့်အစား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိပါးမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အဖျက်လုပ်ငန်းနှင့် ထိပါးလာမှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုစိတ် အားနည်းနေခြင်းကြောင့် မလွှဲမရှောင်သာဘဲ စစ်ရေးအရရင်ဆိုင်ဖြေရှင်းရမှုများ ရှိနေဆဲဖြစ်သည်ဟု ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပခဲ့သည့် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်တွင် ၎င်းကပြောကြားခဲ့သည်။
အစိုးရနှင့် တပ်မတော်ကအကြိမ်ကြိမ် လိုက်လျောမှုများ၊ သဘောထားကြီးကြီးဖြင့်သည်းခံ ညှိနှိုင်းမှုများကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်း အချို့သည် ပဋိပက္ခများကို စတင်ဖန်တီးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအရ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်များကို မျက်ကွယ်ပြုပြီး နိုင်ငံရေး အမြတ်ထုတ်လိုမှုနှင့် ပုဂ္ဂလိက အကျိုးစီးပွားများကို ရှေ့တန်းတင်ကာ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက် နေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်းသာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီရပိုင်ခွင့်နှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်နေခြင်းလည်းဖြစ်သည်ဟု ကာကွယ်ရေးဦးစိးချုပ်က ပြောကြားခဲ့သည်။
“ယင်းကဲ့သို့အစွန်းရောက်သူများ ဦးဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များကို ကာကွယ်တားဆီး တိုက်ပွဲဝင်နေသည့် မိမိတို့တပ်မတော်က ဆင်နွှဲနေသော တိုက်ပွဲများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တရားသောစစ်ပွဲသာဖြစ်ကြောင်း” ၎င်းကပြောကြားခဲ့သည်။