ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် လူထောင်ပေါင်းများစွာ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်ဟု ကချင်အရေး တက်ကြွလှုပ်ရှားသူများက ဇန်နဝါရီ ၁၁ ရက်နေ့က ပြောကြားသည်။ ထိုအချိန်မှာပင် ကုလသမဂ္ဂထိပ်တန်းအရာရှိတစ်ဦး ထိုဒေသသို့ သွားရောက်မည့် အစီအစဉ်ကို အစိုးရက တားမြစ်လိုက်သည်။
ပြီးခဲ့သည့်လများအတွင်း အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများမှာ နယ်စပ်ဒေသများတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ပြီးခဲ့သည့်မတ်လတွင် နိုင်ငံအာဏာ စတင်ရယူပြီးနောက် တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရယူပေးရန် ကတိပြုထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးစားမှုများကို ထိုတိုက်ပွဲများက အနှောက်အယှက်ပြုသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ရှမ်းနှင့် ကချင်ပြည်နယ်များတွင် မငြိမ်သက်မှုများ ပေါ်ပေါက်နေခြင်းက ဖေဖော်ဝါရီလတွင် ထပ်မံ ကျင်းပရန် စီစဉ်ထားသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခြိမ်းခြောက်နေသည်။
နယ်စပ်မြို့တစ်ခုဖြစ်သည့် လိုင်ဇာမြို့အနီးကို တပ်မတော်က ဇန်နဝါရီ ၁၀ ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကချင်ကွန်ယက် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ ဒါရှီနော်လောင်းက ပြောကြားသည်။
“မနေ့က တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်။ လိုင်ဇာ ပတ်ဝန်းကျင်ကို အစိုးရတပ်က လေယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။
“တိုက်ပွဲတွေက ပိုပိုဆိုးလာတယ်” ဟု ၎င်းကပြောကြားသည်။
တိုက်ပွဲများမှ လွှတ်မြောက်ရန်အတွက် နေရပ်စွန်ခွာသူများ နေထိုင်နေကြသည့် စခန်းနှစ်ခုမှ လူပေါင်း ၃,၆၀၀ ခန့်မှာ ညတွင်းချင်း ထွက်ပြေးခဲ့ကြရသည်ဟု ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောကြားသည်။
ထွက်ပြေးကြသူ သုံးပုံတစ်ပုံခန့်မှာ မြစ်ကိုဖြတ်ပြီး တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်သွားကြသော်လည်း ကျန်ရှိသူများမှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေဆဲဖြစ်သည်ဟု ထွက်ပြေးသွားသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်းကပြောကြားသည်။
နေရပ်စွန့်ခွာခဲ့ရသူ ၂,၇၀၀ ဦးမှာ တိုက်ပွဲများကြောင့် စခန်းသစ်များသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီက ပြောကြားသည်။ ရာသီဥတု ချမ်းအေးလာမှုမှ ကာကွယ်ရန်အတွက် ၎င်းတို့ထံတွင် လုံလောက်သည့် အမိုးအကာများမရှိဟုလည်း သတိပေးထားသည်။
ပြီးခဲ့သည်ရက်သတ္တပတ်ကုန်အတွင်း ကေအိုင်အေတပ်ဖွဲ့ဝင် ခုနစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး စခန်းအချို့ကိုလည်း သိမ်းယူနိုင်ခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်း ပိုမိုဖြစ်ပွားလာသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းရန်အတွက် ၁၂ ရက်ကြာ လာရောက်သည့် ကုလသမဂ္ဂ အထူးအစီရင်ခံရေးသားသူ ယန်ဟီလီကိုလည်း အဆိုပါဒေသသို့ မသွားရောက်ရန် အစိုးရက တားမြစ်ထားသည်။
“ဖားကန့်နဲ့ လိုင်ဇာကို သွားခွင့်မပေးခဲ့ပါဘူး” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြားသည်။
လာမည့်သောကြာနေ့တွင် ယန်ဟီလီသည် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ရိုဟင်ဂျာ မူဆလင်များအပေါ် အစိုးရတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟူသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းသွားမည်ဖြစ်သည်။