ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများက မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများအထိ ရောက်ရှိလာပြီဟု ဒေသခံများက အေအက်ဖ်ပီကို ပြောကြားသည်။ မြောက်ဦးသည် ရခိုင်မင်းတို့၏ ရှေးဟောင်းမြို့တော်ဟောင်းဖြစ်ပြီး ထင်ရှားသည့်ခရီးသွားနေရာတစ်ခုလည်းဖြစ်သည်။
“ည ၇ နာရီခွဲလောက်ကတည်းက သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေကို ကျွန်မတို့ ကြားနေရတာ” ဟု ဒေသခံသမိုင်းသုတေသီ ဒေါ်ခင်သန်းက မတ် ၁၈ ရက်နေ့ ညပိုင်းတွင် အေအက်ဖ်ပီသို့ တယ်လီဖုန်းမှတဆင့် ပြောကြားသည်။ မြို့တွင်း၌ မောင်းနှင်သွားသည့် မော်တော်ယာဉ် ၁၀ စီးခန့်ပေါ်မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်နေသည်ကိုလည်း တွေ့မြင်ခဲ့သည်ဟု ၎င်းက ပြောသည်။
“အပြင်မထွက်ရဲဘူး။ အိမ်ထဲမှာပဲ ပုန်းနေရတယ်” ဟု ၎င်းကပြောသည်။ “တိုက်ပွဲတွေကြောင့် ကျွန်မတို့ရဲ့ ရှေးဟောင်းအမွေအနှစ်ရတနာတွေ မပျက်စီးစေချင်ဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
တပ်မတော်နှင့် အေအေတို့အကြား တိုက်ပွဲများ နေရာအနှံ့တွင် ဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေအနီးသို့ပင် နီးကပ်လာနေပြီဖြစ်ပြီး လူထောင်ပေါင်းများစွာမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြောက်ဦး-ကျောက်တော်ကားလမ်းပေါ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို မြောက်ဦးမြို့အနီးတွင်လည်း တပ်မတော်စစ်ကြောင်းနှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။