တာဝန်ကို အကောင်းဆုံး ကြိုးစားပြီး အကောင်အထည် ဖော်သွားပါမယ် – ဦးဟန်နရီဗန်ထီးယူ

ဓာတ်ပုံ- အန်းဝမ်

ဓာတ်ပုံ- အန်းဝမ်

အစိုးရသစ်ဖွဲ့စည်းရန် သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ် တင်မြှောက်ရတော့မည်ဖြစ်သဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် ဒုတိယသမ္မတလောင်းများကို ယနေ့ (မတ် ၁၀ ရက်) ရွေးချယ် အဆိုပြုခဲ့ကြသည်။ အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည့် ချင်းပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူအား Frontier ၏ အကြီးတန်းသတင်းထောက် မြတ်ကျော်သူက နေပြည်တော်တွင် ယနေ့ တွေ့ဆုံမေးမြန်းထားသည်။

ဒုသမ္မတရာထူး စာရင်းသွင်းမယ်ဆိုတာ ဘယ်ရက်ကတည်းက စ သိတာလဲ။

လွန်ခဲ့တဲ့ လေး၊ ငါးရက်လောက်က စသိပါတယ်။ အတိအကျတော့ မပြောတော့ဘူး။ (ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ။)

ဒီလိုသိတော့ ဘယ်လိုခံစားရလဲ။

အဲဒီအချိန်မှာ ကျနော်တကယ် အံ့သြမိတယ်။ ကျနော့မှာ အဲ့လောက်ထိ မျှော်မှန်း ရည်ရွယ်ထားတာ မရှိပါဘူး။ ရိုးရိုးသာမန်အမတ်အဆင့်နဲ့ပဲ ဒီမှာလာပြီး ကိုယ့်ဒေသအတွက်ပေါ့နော်။ ဒီမှာလာပြီး ပြည်သူလူထု ကိုယ်စားပေါ့။ ဒီမှာလာပြီး ပြောပေးမယ်ပေါ့။ ကျနော့်ကို ခေါ်ပြီး ဆန္ဒ သဘောထားလေး မေးမြန်းကြည့်တဲ့အခါမှာ ကျနော် မထင်မှတ်တဲ့၊ ကျနော် very excited (အရမ်းစိတ်လှုပ်ရှား) သွားတာပေါ့။

မိသားစုရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ 

ကျနော့် မိသားစုက ဒီလိုတာဝန်နဲ့ ပတ်သက်ပြီးတော့ ကျနော် အမတ် စ ဖြစ်လာကတည်းက အများကြီး ဂုဏ်ယူပါတယ်။ အားလည်း ပေးပါတယ်။ ဘာပဲ ပြောပြောပေါ့နော်၊ ကိုယ့်ဒေသအတွက်၊ ကျနော်တို့ ချင်းပြည်နယ်က အင်မတန်မှကို သူများ တခြားတိုင်းနဲ့ ပြည်နယ်တွေထက် နောက်ကျတာပေါ့။ ကိုယ့်ဒေသအတွက် တတ်စွမ်းသမျှ ပါဝင်ခွင့်ရမှာဆိုတော့ (သူတို့) ဂုဏ်ယူကြတာပေါ့။ အားလည်းပေးကြတယ်။ ဝမ်းလည်း သာပါတယ်။

ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ယုံကြည်ချက် ရှိသလား။

ကျနော့်မှာ ယုံကြည်ချက် ရှိပါတယ်။ ယုံကြည်ချက်က တာဝန်တစ်ခု ပေးအပ်လာတဲ့အခါမှာ အဲဒီတာဝန်ကို အကောင်းဆုံး ကြိုးစားပြီး အကောင်အထည်ဖေါ်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။

တိုင်းရင်းသားတွေ အများကြီးထဲက ချင်း တိုင်းရင်းသားဖြစ်တဲ့ ဦးဟင်နရီကိုမှ ရွေးချယ်တဲ့အတွက် ဘာပြောချင်ပါသလဲ။

ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအားလုံးပါပဲ။ ကျနော်တို့ ချင်းချည်းပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူ လုံးဝ ရှုမထားဘူး။ အတတ်နိုင်ဆုံး လက်တွဲခေါ်ပြီးတော့ တိုင်းပြည်မှာ ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ကြမယ်ဆိုတဲ့ အနေအထားမျိုးပေါ့နော်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်ထားတယ် ဆိုတာမျိုးပေါ့။ ကျနော် အဲ့လိုပဲ ခံယူထားတယ်။ 

ဖွဲ့စည်းပုံအရဆိုရင် ဒုသမ္မတတွေရဲ့ လုပ်ပိုင်ခွင့်က ပြောပလောက်အောင် မရှိဘူးပေါ့။ ဦးဟင်နရီအနေနဲ့ ဘယ်အတိုင်းအတာထိ လုပ်နိုင်မယ် ထင်ပါသလဲ။

ဘယ်လောက်အတိုင်းအတာထိလဲ ဆိုရင် လက်တွေ့ လုပ်ကြည့်မှပဲ သိရမယ်ခင်ဗျ။ မလုပ်သေးခင်တော့ မလုပ်ဖူးသေးဘူး ဆိုတော့ ကျနော် ဘယ်လိုမှ ပြောလို့ မရသေးဘူး။ လုပ်နေရင်းနဲ့ပဲ အတိုင်းအတာဆိုတာ ပေါ်မှာပေါ့။

ဦးဟန်နရီဗန်ထီးယူ၏ ကိုယ်ရေးအကျဉ်း

အသက် ၅၈ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ချင်းတိုင်းရင်းသား၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူဖြစ်ကာ B.A(Dip in Law) ရရှိထားသည်ဟု အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ နှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့နောက်အမှတ် (၁) စစ်မှုဝန်ကြီးဌာနသို့  ညွှန်ကြားရေးမှူးအဆင့်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် မန္တလေးတွင် ဗာဂျီးနီးယား စက်ရုံမှူး၊ ဒုတိယအထွေထွေမန်နေဂျာနှင့် ဘီးလင်းအရက်ချက်စက်ရုံ စက်ရုံမှူးတို့အဖြစ် စက်မှု (၁) တွင် ကိုးနှစ် လုပ်ကိုင်ခဲ့သည်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar