A street in Tachileik is blocked off after being linked to a COVID-19 cluster. (Nyan Linn Htet | Frontier)
တာချီလိတ်မြို့၊ နေအိမ်တစ်ခုတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာတွေ့ရှိပြီးနောက် အာဏာပိုင်များက လမ်းကို ခေတ္တပိတ်ပင်ထားစဉ်။ (ဉာဏ်လင်းထက် | ဖရွန်းတီးယားမြန်မာ)

ဟိုတယ်၊ ကေတီဗီအဆိုရှင်၊ လက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်အရှေ့ပိုင်းက ကိုဗစ်ပြဿနာ

တာချီလိတ်မြို့က ကိုဗစ်-၁၉ကူးစက်မှုသည် အင်အားကြီးမားသည့် လက်နက်ကိုင်တပ်ဖွဲ့ပါဝင်နေသော နယ်စပ်မျဉ်းတစ်လျှောက်က ဟိုတယ်များ၊ ကေတီဗီများ၊ လောင်းကစားရုံများနှင့် ဆက်စပ်မှုရှိနေသည်။ ကပ်ရောဂါဆိုင်ရာတားမြစ်မှုများကို ချိုးဖောက်ကာ ဟိုတယ်၊ ကေတီဗီနှင့် လောင်းကစားရုံ ဖွင့်လှစ်မှုများက မြန်မာရော ထိုင်းကိုပါ ဒုက္ခရောက်စေခဲ့သည်။

ဉာဏ်လင်းထက် ရေးသားသည်။

အသက်၁၈နှစ်သာရှိသေးသည့် မနန်းတစ်ယောက် နိုဝင်ဘာ၂၅ရက်တွင် အနံ့ပျောက်သည့် လက္ခဏာကို စတင်ခံစားလာခဲ့ရသည်။

အနံ့ပျောက်ခြင်းသည် ကိုဗစ်-၁၉၏ အဓိက ရောဂါလက္ခဏာတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရောဂါဖြစ်ပွားမှုများသည့် နေရာများတွင် လူထောင်ပေါင်းများစွာမှာ အနံ့မရတော့သည့် လက္ခဏာကို ခံစားရပြီးနောက် ဆေးစစ်ရာတွင် ကိုဗစ်-၁၉ကူးစက်ခံထားရကြောင်း ရလဒ်ထွက်ပေါ်လာသည်။

မနန်းသည် ကိုဗစ်-၁၉ကူးစက်မှုများပြားသည့် ဒေသတွင် နေထိုင်သူမဟုတ်သလို အဆိုပါနေရာများသို့ ခရီးသွားလာခြင်းမရှိပေ။ ရောဂါကူးစက်ခံရသူများနှင့်လည်း ထိတွေ့မှုမရှိပေ။

၎င်းသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၏ အခြားတဘက်ကမ်းရှိ တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး 1G1-7ဟိုတယ်ရှိ ကေတီဗီတွင် အဆိုရှင်တစ်ဦးအဖြစ် နိုဝင်ဘာ၁၆ရက်အထိ အလုပ်လုပ်ခဲ့သူဖြစ်သည်။ နိုဝင်ဘာ၁၇ရက်မှ စတင်ကာအလုပ်ထွက်ခဲ့ပြီး နောက်ပိုင်းရက်အနည်းငယ်တွင် ကျိုင်းတုံသို့ သူငယ်ချင်းများနှင့် သွားရောက်လည်ပတ်ခဲ့သည်။ ယင်းခရီးမှ ပြန်လာပြီးနောက် ရောဂါလက္ခဏာအချို့စတင် ခံစားလာရခြင်း ဖြစ်သည်။

“Fever Clinic (ဖျားနာဆေးခန်း)မှာ သွားပြီးအစစ်ခံခဲ့ပေမဲ့ စိုးရိမ်တာမရှိပါဘူး။ တာချီလိတ်မှာလည်း ပိုးတွေ့သူ(ဒေသတွင်းကူးစက်)က မရှိဘူးလေ။ စစ်လိုက်တော့ Positiveဆိုတော့ လန့်သွားတယ်”ဟု မနန်းက ပြောသည်။

မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ထိစပ်ရာ နာမည်ကျော် ရွှေတြိဂံဒေသ၏မြို့တော်အဖြစ် တင်စားလေ့ရှိသည့် တာချီလိတ်မြို့တွင် မနန်းမတိုင်မီ ဒေသတွင်းကူးစက်သူမရှိပေ။ တစ်နည်အားဖြင့် ယင်းဒေသသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ဒုတိယလှိုင်းမှ လွတ်မြောက်နေသည်ဟု ဆိုနိုင်သည်။ ရောဂါကူးစက်ခံရသူ အနည်းဆုံးဖြစ်သည့် ကယားပြည်နယ်ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းသည် ကိုဗစ်-၁၉ကူးစက်ခံရသူ အရေအတွက် ဒုတိယအနည်းဆုံးဖြစ်သည်။ ပထမလှိုင်းဖြစ်စဉ်က တာချီလိတ်မြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာ နှစ်ဦးသာရှိခဲ့ပြီး ဒုတိယလှိုင်းတွင်လည်း နိုဝင်ဘာ၁၇ရက်မတိုင်မီအထိ တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ မရှိခဲ့ပေ။

နိုဝင်ဘာ၁၇ရက်တွင် ရန်ကုန်မှသင်တန်းတက်ပြီး ပြန်လာသည့် ရဲအရာရှိတစ်ဦးတွင် ကိုဗစ်-၁၉စတင်တွေ့ရှိခဲ့သည်။ ၎င်းမှာ ရန်ကုန်တွင်သင်တန်းတက်စဉ်ကလည်း ကိုဗစ်-၁၉ကူးစက်ခံရသဖြင့် ကုသမှုခံယူခဲ့ပြီးသူဖြစ်သည်။ နိုဝင်ဘာ၂၂ရက်တွင်လည်း ပဲခူးတိုင်းမှလာသည့် လမ်းလုပ်သားများအနက်က တစ်ဦးတွင် ရောဂါကူးစက်ထားကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ နိုဝင်ဘာ၂၅ရက် နံနက်ပိုင်းတွင် အဆိုပါလမ်းလုပ်သားအုပ်စုထဲမှပင် နောက်ထပ်တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မနန်းကို ကိုဗစ်-၁၉ရောဂါကူးစက်ထားကြောင်း မတွေ့မီအထိ တာချီလိတ်တွင် ဒေသတွင်းကူးစက်မှုများရှိသည်ဟု ထင်မှတ်စရာ အကြောင်းအချက် မရှိပေ။ ၎င်းတွင် ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိပြီးနောက် တာချီလိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှနေအိမ်တွင်းနေထိုင်ရန်၊ ညမထွက်ရအမိန့်ကို လိုက်နာရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ကိုဗစ်-၁၉ကူးစက်ခံထားရသည်ဟု သံသယရှိသူများအနေဖြင့် ဖျားနာဆေးခန်း (Fever Clinic)သို့ သွားရောက်၍ စစ်ဆေးမှုခံယူရန်တို့ ပါဝင်သည်။

ဒေသခံများအကြားတွင်လည်း စိုးရိမ်မှုရှိခဲ့ပြီး တာချီလိတ်မြို့တွင် ရက်သတ္တနှစ်ပတ်ခန့် လမ်းမများပေါ်တွင် လူသွားလူလာ နည်းပါးသွားသည်။

“တကယ်တော့ ရောဂါပိုးကူးစက်မှာ စိုးရိမ်တာပေါ့။ အဲဒါကြောင့် ဆိုင်ကိုပါဆယ်တောင်မရောင်းတော့ဘဲ အပြီးပိတ်ထားလိုက်တာ”ဟု ဟက်ပီးစားသောက်ဆိုင်ပိုင်ရှင် ဦးစံရွှေမြင့်က ပြောသည်။

ဒီဇင်ဘာလလယ်ခန့်အရောက်တွင် ရောဂါကူးစက်ခံရသူ အနည်းငယ်သာရှိတော့ပြီး ရောဂါဖြစ်ပွားမှုကို အတော်ပင်ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ခဲ့သည်။ သို့သော် ရှမ်းအရှေ့ကို ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမြောက်အမြားကူးစက်လာမှုနှင့် ပတ်သက်ပြီး အစိုးရ၏ ထိန်းချုပ်ကန့်သတ်မှုများ ထိရောက်မှုရှိ၊ မရှိ၊ ကူးစက်နိုင်ခြေမြင့်သည့် ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်မှု၊ ပြည်တွင်းခရီးသွားများအပေါ် စောင့်ကြည့်နိုင်မှုနှင့် နယ်စပ်အဝင်အထွက်တို့ကို အစိုးရက ထိန်းချုပ်နိုင်မှုတို့အပေါ် မေးခွန်းများစွာ ထွက်ပေါ်ခဲ့သည်။

ဧည့်သည်လာလျှင် တန်းစီ၍ထွက်ကြိုရသည့် 1G1-7 ဟိုတယ်၊ ကေတီဗီမှ အဆိုရှင်အမျိုးသမီးငယ်များကို တွေ့ရစဉ်။ (ဉာဏ်လင်းထက် | ဖရွန်းတီးယားမြန်မာ)

ဘယ်တော့မှ ပါတီပွဲမရပ်ခဲ့တဲ့နေရာ

မနန်းသည် ဒေသတွင်းပထမဆုံးကူးစက်ခံရသူဖြစ်ခဲ့သည်။ ၎င်း၏ကူးစက်ခံရမှုသည် တာချီလိတ်မြို့ရှိ 1G1-7 ဟိုတယ်က ကူးစက်မှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ယူဆသည်။ ကိုဗစ်-၁၉ပိုးတွေ့လူနာများ များလာသဖြင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များက မြို့ကို အဝင်အထွက်၊ အသွားအလာ ကန့်သတ်ပိတ်ပင်ခဲ့သည်။ နယ်ခြားတစ်ဘက်တွင်လည်း ထိုင်းအာဏာပိုင်များက ကိုဗစ်-၁၉ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းခဲ့ရသည်။

မနန်းတွင် ကိုဗစ်-၁၉ကူးစက်ခံထားရကြောင်း အဖြေထွက်ပြီးနောက် ဟိုတယ်မှ ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၊ ဟိုတယ် ကေတီဗီသို့ လာက်ရောက်လည်ပတ်သူများနှင့် ကျိုင်းတုံသို့ အတူတူသွားခဲ့သူများကို အသွားအလာကန့်သတ်၍ ကိုဗစ်-၁၉ပိုး ရှိ၊ မရှိ စစ်ဆေးစေခဲ့သည်။

ဒီဇင်ဘာ၈ရက်အထိ 1G1-7ဟိုတယ်နှင့် ဆက်စပ်သူ၄၂၀ဦးကို ကျန်းမာရေးတာဝန်ရှိသူများက ဗိုင်းရပ်စ်ပိုးစစ်ဆေးခဲ့ရာ ၆၈ဦးတွင် ကိုဗစ်-၁၉ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ ယင်းအနက်မှရှစ်ဦးမှာ ဟိုတယ်ဝန်ထမ်းများဖြစ်ပြီး ၁၈ဦးမှာ ဟိုတယ်ကေတီဗီသို့ လာရောက်လည်ပတ်ခဲ့သူများ ဖြစ်သည်။ တစ်ပတ်ကြာပြီးနောက် တာချီလိတ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇ဦးအထိ ရှိလာသည်။

“ကိုယ့်ကိုကိုယ်တောင်ပြန်မေးတယ်။ တခါတလေဘဏ်သွားတာရှိတယ်။ ဈေးသွားတာရှိတယ်။ 1G1 မှာလည်း အလုပ်လုပ်တယ်ဆိုတော့ ဘယ်နားကကူးလာလည်းမသိဘူး။ ဒါပေမဲ့ ပုံမှန်ကတော့ အလုပ်နဲ့အိမ်နဲ့ပဲ အသွားအလာများတယ်”ဟု မနန်းက ပြောသည်။

ယင်းမေးခွန်းမှာ တာချီလိတ်ရှိ ကျန်းမာရေးနှင့်အုပ်ချုပ်ရေးအာဏာပိုင်များ အဖြေရှာနေသည့် မေးခွန်းလည်းဖြစ်သည်။ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်ကမူ တာချီလိတ်တွင် ဖြစ်ပွားသည့် ဒေသတွင်းကူးစက်မှုများ အားလုံးသည် 1G1-7ကေတီဗီနှင့် တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်ကောင်း ဆက်စပ်နေသည်ဟုဆိုသည်။ သို့သော် ကေတီဗီသို့ ကိုဗစ်-၁၉ပိုး မည်သို့ရောက်ရှိလာသည်ကိုမူ ရှင်းလင်းစွာ မသိရကြောင်းလည်း သူကဆိုသည်။

အခြားမေးခွန်းတစ်ခုကလည်း ရှိနေသေးသည်။ မည်သည့်အတွက်ကြောင့် ကိုဗစ်-၁၉ကာလအတွင်း ကေတီဗီဖွင့်ထားသနည်းဆိုသည့် မေးခွန်းဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့မှုအန္တရာယ်ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကေတီဗီခန်းမများ (အချို့ကေတီဗီများမှာ လိင်လုပ်ငန်းအပါအဝင် အခြားဥပဒေမဲ့ကိစ္စများနှင့်လည်း ဆက်စပ်မှု ရှိနေသည်)ကို ပိတ်ထားရန် ညွှန်ကြားထားခဲ့ပြီးဖြစ်သည်။

ထိုသို့ ညွှန်ကြားချက်ရှိသော်လည်း 1G1-7 အပါအဝင် အခြားကေတီဗီများမှာ တစ်နှစ်ပတ်လုံးနီးပါး ဖွင့်လှစ်ထားခဲ့သည်။ ဒေသခံများကမူ ၎င်းတို့သည် အာဏာပိုင်အဖွဲ့အစည်းများကို လာဘ်ငွေပေးကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 1G1-7ဟိုတယ်ကေတီဗီမှ ရောဂါပြန့်ပွားချိန် နိုဝင်ဘာတွင်မူ ကေတီဗီအားလုံး ပိတ်ထားပြီးဖြစ်သည်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလမ်းညွှန်ချက်များကို ဖောက်ဖျက်မှုဖြင့် 1G1-7ဟိုတယ် မန်နေဂျာ ဦးကျော်ဆန်းဆိုသူ တစ်ဦးတည်းကိုသာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုခဲ့သည်။

မနန်း အတည်ပြုလူနာဖြစ်ပြီး ငါးရက်မြောက်နေ့တွင် 1G1-7 Hotel အမည်ဖြင့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ထွက်ပေါ်လာပြီး အသွားအလာကန့်သတ်ရာနေရာများ (Quarantine Center) များသို့ နေ့စဉ်အစားအသောက်လှူဒါန်းသည့် ပို့စ်များတင်ခဲ့သည်။

မြန်မာ-တရုတ်ကပြား “Arr Fu၊ Arr Phu၊ အောင်နိုင်” စသည့် အမည်များဖြင့် လူသိများသည့် 1G1-7 ဟိုတယ်ပိုင်ရှင်ကိုမူ အာဏာပိုင်များက မည်သည့်အရေးယူဆောင်ရွက်မှုမျှ မပြုခဲ့ချေ။

တာချီလိတ်တွင် အောင်နိုင်ကို ၎င်း၏ တရုတ်အဆက်အသွယ်ကောင်းမှုဖြင့် လူသိများသည်။ သူသည် တာချီလိတ်တွင် ဟိုတယ်၊ ကာစီနိုနှင့် ကေတီဗီလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသည့် တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ဆောင်လာပြီး ဒေသခံစီးပွားဘက်များဖြင့် ချိတ်ဆက်ပေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးဇာတိဖွား အောင်နိုင်သည် 1G1ကို ကေတီဗီအသေးလေးမှ နာမည်ကြီး DJ များ၊ ထိုင်းတီးဝိုင်းများနှင့် ချောမောလှပသည့် အမျိုးသမီးများပါဝင်ပြီး လူစည်ကားသည့် ပါတီပွဲများကျင်းပရာ မီးရောင်စုံထွန်းတောက်သည့် ဖျော်ဖြေရေးနယ်မြေအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းတစ်ဖက်ကမ်းရှိ ယင်းနေရာတွင် ကေတီဗီ၊ နိုက်ကလပ်နှင့် ဘားများဖွင့်လှစ်သည့် 1G1-7ဟိုတယ်နှင့် အလားတူ ဟိုတယ်နှင့်ကာစီနိုလုပ်ငန်းများလုပ်ကိုင်သည့် 1G1-11ဟိုတယ် တည်ရှိသည်။ 1G1-7ဟိုတယ်ကို လွန်ခဲ့သည့် ငါးနှစ်ခန့်က ဖွင့်လှစ်ခဲ့ပြီး 1G1-11ကိုမူ ၂၀၁၉တွင် ဖွင့်လှစ်ခဲ့သည်။ 1G1-11၏ မူလအမည်မှာ 1G1-8ဖြစ်သည်။

1G1-7 ဟိုတယ်သည် တာချီလိတ်မြို့ရှိ DAT Club၊ ဟောလီးဝုဒ် ကလပ်၊ ရွှေဘူးသီးဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ J My King ဟိုတယ်များကဲ့သို့ နာမည်ကြီး ဖျော်ဖြေရေးလုပ်ငန်း ၁၅ခုခန့်အနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနေရာအများစုတွင် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ပါဝင်ပတ်သက်နေပြီး အချို့မှာ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်တွဲ၍ စီးပွားရေးလုပ်ကြသည်။

မတ်လအတွင်းက ထိုင်းနိုင်ငံနယ်စပ်ပိတ်လိုက်ပြီးနောက်ပိုင်း ထိုင်းဘက်မှ ဧည့်သည်များ မလာတော့သော်လည်း တရုတ်နိုင်ငံသားဧည့်သည်များက ဖျော်ဖြေရေးခန်းမများဆီ လာရောက်နေဆဲ ဖြစ်သည်။

တရုတ်ဧည့်သည်များသည် King Romans ကာစီနိုရုံကြီးတည်ရှိရာ လာအိုနိုင်ငံဘက်အခြမ်းမှ တစ်ဆင့် ဒေသခံပြည်သူ့စစ်များရှိသည့် မြန်မာနိုင်ငံဘက်အခြမ်းကို ဝင်ရောက်လေ့ရှိသည်။ တာချီလိတ်တွင် နေထိုင်သည့် ထိုင်းတရားခံပြေးများသည်လည်း 1G1-7ဟိုတယ်သို့ မကြာခဏ လာရောက်လေ့ရှိသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တာချီလိတ်သည် နိုင်ငံခြားသားများပါဝင်သည့် မှုခင်းဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့သည်။ ၂၀၁၉၊ ဖေဖော်ဝါရီတွင် ယင်းဟိုတယ်အနီးလမ်းကြား၌ ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရပြီး ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံသားတစ်ဦးက ဟိုတယ်ခြံဝင်းအတွင်း သေနတ်ပစ်ဖောက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံသားများပါဝင်သည့် ဧည့်သည်လေးဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်

၂၀၁၅တွင် စတင်ဖွင့်လှစ်ခဲ့သည့် 1G1-7 ဟိုတယ်သည် တာချီလိတ်မြို့နယ်တွင် နာမည်ကြီးအပန်းဖြေလုပ်ငန်း ၁၅ခုအနက် တစ်ခုဖြစ်သည်။ (ဉာဏ်လင်းထက် | ဖရွန်းတီးယားမြန်မာ)

‘ဝ’အဖွဲ့နှင့် ဆက်နွယ်မှု

ဒေသခံ သတင်းအရင်းအမြစ်များက ဖရွန်းတီးယားမြန်မာသို့ ပြောဆိုပြချက်အရ 1G1-7၏ နောက်ကွယ်တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA အဖွဲ့) ရှိနေသည်ဟု ဆိုသည်။ UWSAအဖွဲ့သည် လက်နက်ကိုင်တပ်သား အနည်းဆုံး ၂၀,၀၀၀ဝန်းကျင်ခန့်ရှိပြီး မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ မြောက်ပိုင်းပန်ဆန်းတွင် အခြေချသည့် UWSAအဖွဲ့တွင် ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် အခြေစိုက်သည့် တောင်ပိုင်းတပ်ဖွဲ့လည်း ရှိနေပြီး ယင်းတပ်များသည် တာချီလိတ်မြို့မှ အနောက်ဘက် ၄၅ကီလိုမီတာခန့် (၂၈မိုင်ခန့်)တွင် လှုပ်ရှားကြသည်။

1G1ဆိုသည့် အမည်မှာ ‘၁၇၁ စစ်ဒေသ’ ဟုလူသိများသည့် UWSAအဖွဲ့၏ တောင်ပိုင်းတပ်ဖွဲ့ကို ညွှန်းဆိုဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက သုံးသပ်ကြသည်။ (အဘယ်ကြောင့်ဆိုသော် G သည် အင်္ဂလိပ်အက္ခရာစဉ်တွင် ခုနှစ်ခုမြောက် အက္ခရာဖြစ်သောကြောင့် ဖြစ်သည်။)

သို့သော် UWSAအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကမူ 1G1-7ဟိုတယ်လုပ်ငန်းစုတွင် ‘ဝ’တပ်ဖွဲ့ က ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်သည်ဆိုသည့် ပြောဆိုမှုများကို ငြင်းဆိုထားသည်။

“ဟိုတယ်နဲ့ ‘ဝ’တပ်ဖွဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေ ကျွန်တော်တို့လည်း ကြားနေရပါတယ်။ ကျွန်တော်ပြောချင်တာက ‘ဝ’စီးပွားရေးလုပ်ငန်းရှင်နဲ့ UWSAနဲ့ကို ခွဲခြားမြင်ဖို့တော့ လိုတယ်ပေါ့နော်။ ‘ဝ’လူမျိုးပါတာနဲ့ ‘ဝ’တပ်ဖွဲ့ပါတယ်ဆိုတာတော့ မဆိုင်ပါဘူး။ ကျွန်တော်သိသလောက်တော့ ‘ဝ’တပ်ဖွဲ့နဲ့ သက်ဆိုင်တာ ဘာမှမရှိပါဘူး။ ‘ဝ’လူမျိုးလုပ်ငန်းရှင် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်”ဟု ဦးညီရမ်းက ဖရွန်းတီးယားမြန်မာကို ဒီဇင်ဘာ၁၉ရက်က ပြောသည်။

သို့သော် ဒေသခံသတင်းရင်းမြစ်များကမူ UWSAအဖွဲ့နှင့် ‘ဝ’စီးပွားရေးလုပ်ငန်းရှင်များမှာ ကွဲပြားမှု မရှိလှကြောင်းဆိုသည်။

ထိလွယ်ရှလွယ်ကိစ္စဖြစ်သဖြင့် အမည်မဖော်လိုသည့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကမူ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ပါဝင်သည့် တာချီလိတ်မြို့က စီးပွားရေးလုပ်ငန်းအများအပြားမှာ UWSAအဖွဲ့၊ ‘ဝ’စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်စပ်မှုရှိနေကြောင်း ပြောသည်။ UWSAအဖွဲ့သည် တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် မီးလင်းရေးကော်မတီတစ်ခုတွင်လည်း ပါဝင်လုပ်ကိုင်နေသည်။

“ဟိုတယ်တော်တော်များများက ‘ဝ’လုပ်ငန်းရှင်တွေရယ်၊ UWSAရယ်၊ တရုတ်တွေရယ် ပါနေတယ်။ ဒါပေမဲ့ ‘ဝ’တပ်ဖွဲ့နဲ့ ‘ဝ’လုပ်ငန်းရှင်ဆိုတာ သိပ်ပြီးတော့မထူးပါဘူး။ UWSA က တိုက်ရိုက်မလုပ်ဘဲ တဆင့်ခံအနေနဲ့ လုပ်တယ်။ ရလာတဲ့အကျိုးအမြတ်ကျတော့လည်း အများစု ပြန်ပေးရတယ်။ ‘ဝ’လုပ်ငန်းရှင်ဆိုတာလည်း ဒီလိုလုပ်ငန်း(1G1-7 ကဲ့သို့)တွေမှာ UWSA ခွင့်ပြုချက်မရဘဲ ဘယ်လုပ်ရဲမှာလဲ”ဟု ၎င်းက ပြောသည်။

ဖရွန်းတီးယားမြန်မာအနေဖြင့် 1G1-7 ဟိုတယ်ပိုင်ရှင် ဦးအောင်နိုင်ကို တွေ့ဆုံမေးမြန်းရန် ၎င်းနှင့်နီးစပ်သူတစ်ဦးထံကတဆင့် ချဉ်းကပ်ခဲ့သေးသည်။ ယင်းနီးစပ်သူက ဟိုတယ်လုပ်ငန်းတွင် ထိုင်းနှင့်တရုတ် ရင်းနှီးမြုပ်နှံသူများ အပါအဝင် ရှယ်ယာရှင်အများအပြားပါကြောင်း အတည်ပြုသည်။ သို့သော် UWSAအဖွဲ့ အပါအဝင် ပြည်သူ့စစ်များပါဝင်မှုကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ မှတ်တမ်းများအရ One G One Seven Hotel Company Limited ၏ ရှယ်ယာရှင်များစာရင်းတွင် ယင်းထိုင်းနှင့်တရုတ် နိုင်ငံခြားသားလုပ်ငန်းရှင်များ မပါဝင်ပေ။ ယင်းအချက်မှာ အစိုးရသို့ တင်ပြသည့် တရားဝင်စာရွက်စာတမ်းများ၏ မှန်ကန်တိကျမှုအပေါ် သံသယများထွက်ပေါ်လာစေသည်။

DICA၏ အချက်အလက်များအရ ၂၀၁၄တွင် မှတ်ပုံတင်ခဲ့သည့် ယင်းကုမ္ပဏီ၏ ရှယ်ယာရှင်စာရင်းတွင် လူသုံးဦး ပါဝင်သည်။ အသက် ၄၁နှစ်အရွယ် အောင်နိုင်က ၂၅ရာခိုင်နှုန်း၊ ကျိုင်းတုံမှ အသက် ၃၀နှစ်အရွယ် အားဖွမ်းရွှေ နှင့် ၃၈နှစ်အရွယ် အားရင်တို့က ၂၅နှင့် ၅၀ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။

အောင်နိုင်သည် ဆောက်လုပ်ရေးလုပ်ငန်းများကို အဓိကထားသည့် One G One Company Limited ပိုင်ရှင်လည်းဖြစ်သည်။

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေသည့် ထိုင်းနိုင်ငံသားများကို ဒီဇင်ဘာလဆန်းပိုင်းက မြင်တွေ့ခဲ့ရစဉ်။ (ဉာဏ်လင်းထက် | ဖရွန်းတီးယားမြန်မာ)

ထိုင်းနိုင်ငံအတွင်းက စိုးရိမ်ထိတ်လန့်မှု

တာချီလိတ်မှ ကိုဗစ်-၁၉ဖြစ်ပွားမှုက အိမ်နီးချင်းထိုင်းနိုင်ငံကိုပါ လှုပ်နိုးလိုက်သည်။ မနန်း အတည်ပြုလူနာဖြစ်ပြီး 1G1-7ကို ပိတ်လိုက်ပြီးနောက် ဟိုတယ်တွင်အလုပ်လုပ်သည့် ထိုင်းအမျိုးသမီး အများအပြားသည် အသွားအလာကန့်သတ်၍ ဆေးစစ်ရမည်ကို ရှောင်ရှားရန် မှောင်ခိုနယ်စပ်လမ်းကြောင်းများကတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်သွားကြသည်။ ယင်းနောက် ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ကူးစက်မှုများ အလျင်အမြန်ထွက်ပေါ်လာခဲ့သည်။

တာချီလိတ်မှပြန်လာသည့် အမျိုးသမီး၂၀ဦးတွင် ကိုဗစ်-၁၉ပိုး ကူးစက်ခံထားရပြီး ယင်းကူးစက်မှုများသည် အစုအဖွဲ့လိုက်ကူးစက်သည့် ဟိုတယ် (1G1-7)နှင့် ဆက်စပ်သည့် ဒေသတွင်းကူးစက်မှုများလည်းပါဝင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ၁၆ရက်တွင် ဘန်ကောက်ပို့စ်သတင်းဌာန၏ဖော်ပြချက်အရ ထိုင်းနယ်စပ်ခရိုင်များ၌ ၁၀ရက်ခန့်အကြာတွင် ဒေသတွင်းကူးစက်မှုမရှိတော့ကြောင်း ဆိုသည်။ သို့သော်လည်း ကူးစက်ပြန့်ပွားမှုမှာ ထိန်းချုပ်နိုင်သည်ဟု ပြောမရသေးကြောင်း ထောက်ပြထားသည်။

မြန်မာပြန်ထိုင်းအမျိုးသမီးများထံက ကိုဗစ်-၁၉ပြန့်ပွားမှုတွေ့ရှိပြီးနောက်ပိုင်းတွင် ထိုင်းအာဏာပိုင်များသည် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ဖွင့်လှစ်ထားသော 1G1-7ဟိုတယ်ကဲ့သို့ ထိုင်းအမျိုးသမီးများကို ကေတီဗီလုပ်ငန်းတွင်လုပ်ကိုင်ရန် ငှားရမ်းသည့်ဟိုတယ်များအား စိစစ်ကြပ်မတ်မှု တင်းကျပ်ခဲ့သည်

1G1-7ဟိုတယ် ကေတီဗီတွင် အလုပ်လုပ်သည့်အဆိုရှင်အမျိုးသမီးအများစုမှာ ထိုင်းနိုင်ငံသူများဖြစ်ပြီး ဧည့်သည်နှင့်အတူ သီဆိုဖျော်ဖြေခအဖြစ် တစ်နာရီလျှင် ဘတ်၃၀၀မှ ၇၀၀ (မြန်မာငွေ ၁၃,၀၀၀ကျပ်မှ ကျပ် ၃၀,၀၀၀ဝန်းကျင်)အထိ ရရှိကြသည်။ ယင်းမှာ ဒေသလုပ်အားခ ပေါက်ဈေးအရ မြင့်မားသည့်နှုန်းထားလည်းဖြစ်သည်။ ဧည့်သည်များတွင် ထိုင်းလူမျိုးများသာမက ဒေသခံများနှင့် တရုတ်လူမျိုးများလည်း ပါဝင်သည်။

ယင်းကေတီဗီသို့ သွားရောက်လည်ပတ်ဖူးသူများ၏ပြောကြားချက်အရ အဆိုရှင်အမျိုးသမီး ၁၀၀ဦးခန့်ရှိပြီး ၎င်းတို့အနက် ၇၀ခန့်မှာ ထိုင်းအမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။ ဧည့်သည်များမှာ ထိုင်းအမျိုးသမီများကို ပိုမိုနှစ်သက်လေ့ရှိပြီး အာခါနှင့် ရှမ်းအမျိုးသမီးများလည်း တစ်နာရီလျှင် ဧည့်ခံခ ဘတ်၁၀၀၊ ဘတ် ၂၀၀ခန့်ဖြင့် ဟိုတယ်တွင်လုပ်ကိုင်ကြောင်း သွားရောက်ဖူးသူများက ဆိုသည်။

ကေတီဗီတွင်လုပ်ကိုင်သူအများစုမှာ လိင်ဖျော်ဖြေရေးအတွက် ညှိနှိုင်းရရှိနိုင်ပြီး ဈေးနှုန်းမှာ အနည်းဆုံး ဘတ် ၅,၀၀၀ (ကျပ် ၂၂၀,၀၀၀ဝန်းကျင်ခန့်)အပြင် အခန်းခကိုလည်း ကျခံရကြောင်း ကြုံတွေ့ဖူးသူများက ဆိုသည်။

ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုမဖြစ်ခင်အထိ တာချီလိတ်တွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၄၀၀ခန့် ရှိနိုင်သည်ဟု ထိုင်းအာဏာပိုင်များက ခန့်မှန်းထားပြီး အများစုမှာ ညပိုင်းဖျော်ဖြေရေး လုပ်ငန်းများတွင်လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ တရားမဝင်လာရောက်ကြသူများဖြစ်သည်ဟု ဆိုသည်။

နှစ်နိုင်ငံအကြားကုန်သွယ်မှုက ပုံမှန်ရှိနေသော်လည်း ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူအဝင်အထွက်ကို မတ်ကတည်းက ကန့်သက်ချက်အမျိုးမျိုးဖြင့် ပိတ်ပင်ခဲ့သည်။ တာချီလိတ်အပါအဝင် မြန်မာနိုင်ငံနယ်စပ်ဝင်ပေါက်များမှ ထိုင်းနိုင်ငံသားများ ဝင်ထွက်သွားလာခြင်းကိုလည်း နှစ်နိုင်ငံအာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့သည်။ နယ်စပ်တစ်လျှောက် အစိုးရမဟုတ်သည့် လက်နက်ကိုင်များထိန်းချုပ်သော တရားမဝင်နယ်စပ်လမ်းကြောင်းများကိုလည်း ပိတ်လိုက်ပြီး ထိုင်းကနယ်စပ်တစ်လျှောက် ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့သည်။

သို့သော် တာချီလိတ်သို့ မြန်မာနိုင်ငံ၏ ကိုဗစ်ဒုတိယလှိုင်းမရိုက်ခတ်မီအထိ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။ 1G1-7 ဟိုတယ်အနီးအနားရှိ မယ်ဆိုင်ချောင်းမှာ တစ်နှစ်ပတ်လုံး မိုးတွင်းကာလမှလွဲ၍ ရေတိမ်လေ့ရှိပြီး နှစ်ဘက်နိုင်ငံတာဝန်ကျ လုံခြုံရေးအရာရှိများကို ဘတ်ထောင်ဂဏန်းလာဘ်ထိုးကာ ဖြတ်သန်းသွားလာနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းစတင်သည့် ဩဂုတ်မှစတင်ကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့များက တရားမဝင်လမ်းကြောင်းများကတစ်ဆင့် နယ်စပ်ကျော်ဖြတ်မှုကို သတိကြီးကြီး စောင့်ကြပ်တားဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်တွင် ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများကို မြန်မာနိုင်ငံဥပဒေများအရ ဒဏ်ငွေဆောင်စေကာ ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင်ရောက်စေခဲ့သည်။

၎င်းတို့ကို တရားဝင်လက်ခံပြီးနောက် အသွားအလာကန့်သတ်ထားရှိ၍ ကိုဗစ်-၁၉ရှိ၊ မရှိ စစ်ဆေးခဲ့သည်။ ဒီဇင်ဘာ၁၄ရက်အထိ ထိုင်းနိုင်ငံသား၂၆၀ခန့် ယင်းနည်းလမ်းအတိုင်း ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး အနည်းဆုံး၁၁ဦးခန့်တွင် ကိုဗစ်-၁၉ကူးစက်ခံရထားသည်ကို တွေ့ရှိခဲ့သည်။

ကိုဗစ်-၁၉ အစစ်ဆေးမခံဘဲ 1G1-7တွင်အလုပ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးပြန်သွားသည့် ထိုင်းအမျိုးသမီးသုံးဦးကိုမူ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

တာချီလိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉စစ်ဆေးနေသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့ရစဉ်။ (ဉာဏ်လင်းထက် | ဖရွန်းတီးယားမြန်မာ)

အိပ်ပေါက်ဖြင့် ဖားကောက်ခြင်း

တားမြစ်မှုများရှိနေသည့်ကြားမှပင် နယ်စပ်ကျော်ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လူဝင်၊ လူထွက်မှုများ ကြီးကြီးမားမားရှိနေသော်လည်း ယင်းအချက်မှာ တာချီလိတ်တွင်ရောဂါပြန့်ပွားမှု၏အစဟု ယူဆဖွယ်ရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် တာချီလိတ်နယ်စပ်ရှိ မြန်မာ့အိမ်နီးချင်း နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့်မားသည့် နိုင်ငံမရှိ၍ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀၊ မေကတည်းက ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ထားနိုင်သလို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံတို့တွင်လည်း ကိုဗစ်-၁၉ကူးစက်မှုအနည်းငယ်သာရှိခဲ့သည်။

ရှမ်းပြည်နယ်သည်လည်း ကိုဗစ်-၁၉အများအပြားကူးစက်ခံရမှုမှ လွတ်မြောက်နေပြီး တရားဝင်ကိန်းဂဏန်းများအရ ရောဂါကူးစက်ခံရသူ ၆၄၀ဦးသာရှိသည်။ ယင်းတို့အနက်မှ ထက်ဝက်ခန့်မှာ ရှမ်းပြည်နယ်၊ တောင်ပိုင်းမှဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းစတင်သည့် ဩဂုတ်လနှောင်းပိုင်းမှစတင်၍ တာချီလိတ်သို့ လာသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်နားသွားသလို ကားလမ်းဖြင့်ဝင်ရောက်လာသူများကိုလည်း စစ်ဆေးကြပ်မတ်ခဲ့ကြောင်း တာချီလိတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက ပြောသည်။

ထိုင်းနယ်စပ်နှင့် ရှမ်းပြည်နယ်ကြား အဓိကလမ်းကြောင်းဖြစ်သည့် ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ မယ်ယန်းဂိတ်တွင် ဩဂုတ်၂၈ရက်က စေတနာ့ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးဂိတ် ဖွင့်လှစ်ခဲ့သည်။ စက်တင်ဘာ၃၀ရက်တွင် တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ တာဆီးရေး အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယင်းစစ်ဆေးရေးဂိတ်ကို အစိုးရဝန်ထမ်းများပါဝင်သည့် တရားဝင်ဂိတ်အဖြစ် သတ်မှတ်၍ စစ်ဆေးမှုများစတင်ခဲ့သည်။

အောက်တိုဘာ၁၅ရက်တွင်မူ တာချီလိတ်သို့ မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖုန်း(က)၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုများမှလာသည့် လမ်းကြောင်းများတွင် စစ်ဆေးရေးဂိတ်သုံးခု ထပ်မံဖွင့်လှစ်ခဲ့သည်။

ယင်းဂိတ်များတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ တာချီလိတ်မြို့သို့ လာရောက်သူများကို ခရီးသွားရာဇဝင်စစ်ဆေး၍ ကိုယ်အပူချိန်တိုင်းတာခဲ့သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်တွင်သာနေထိုင်စေရေးအမိန့်ချမှတ်ထားသည့်မြို့များမှ လာရောက်သူများကို သတ်မှတ်ထားသည့်နေရာများတွင် အသွားအလာကန့်သတ်ခဲ့သည်။ အောက်တိုဘာ၈ရက်မှစတင်ကာ ကုန်တင်ယာဉ်မောင်းနှင့် ကုန်တင်ယာဉ်နောက်လိုက်များကို RDT Test Kitဖြင့် စတင်စစ်ဆေးပေးခဲ့သည်။

မယ်ယန်းဂိတ်ကိုဖြတ်သန်းပြီး တာချီလိတ်သို့ ဝင်ရောက်သည့်မော်တော်ယာဉ်နှင့် လူအရေအတွက်မှာလည်း ရွေးကောက်ပွဲနေ့ နိုဝင်ဘာ၈ရက်နောက်ပိုင်းတွင် နှစ်ဆခန့်တိုးလာကြောင်း မယ်ယန်းဂိတ်စစ်ဆေးရေးဂိတ် မှတ်တမ်းများက ဆိုသည်။ ဩဂုတ်၂၈ရက်မှ စက်တင်ဘာလကုန်အထိ မယ်ယန်းဂိတ်ကို ဖြတ်သန်းဝင်ရောက်သူ ၉,၁၅၆ဦး၊ ကားအစီးရေ ၃,၅၄၅စီးရှိခဲ့သည်။ အောက်တိုဘာလတွင်မူ လူဦးရေ ၁၁,၂၉၀ဦး၊ ကားအစီးရေ ၄,၁၅၄စီးရှိခဲ့ရာမှ နိုဝင်ဘာတွင် လူဦးရေ ၁၉,၀၂၂နှင့် ကားအစီးရေ ၅,၁၈၄စီးအထိ များလာခဲ့သည်။

တင်းကြပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ယင်းစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားလာနိုင်သည့် လမ်းကြောင်းများရှိနေသေးကြောင်း ကိုဗစ်တားဆီးထိန်းချုပ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြို့နယ်အဆင့်အရာရှိတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“မယ်ယန်းဂိတ်မှာ စစ်တယ်ဆိုပေမဲ့ အဲဒီဂိတ်ကို ရှောင်သွားလို့ရတဲ့လမ်းရှိတယ်။ အဲဒီလမ်းမှာလည်း သေသေချာချာစစ်ဆေးဖို့ အစည်းအဝေးမှာ ကျနော်ပြောခဲ့တယ်။ ဒါပေမဲ့ မလုပ်ခဲ့ကြဘူး”ဟု အမည်မဖော်လိုသည့် အဆိုပါအရာရှိကပြောသည်။

မယ်ယန်းဂိတ် စတင်ဖွင့်လှစ်ကတည်းက တက်ကြွစွာလုပ်အားပေးခဲ့သူ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင့်ဆွေက နိုင်ငံတစ်ဝန်းမှလာသူများကို အဓိကစစ်ဆေးရာ မယ်ယန်းဂိတ်ကို ရှောင်ကွင်းသွားသူများရှိသလို မယ်ယန်းဂိတ် စစ်ဆေးမှုရပ်နားသည့် ည၁၂နာရီမှ နံနက်၆နာရီအတွင်း ခိုးဝင်သူများလည်းရှိကြောင်းဆိုသည်။

ရပ်ဝေးမှလာသူများကို နေထိုင်ကြောင်း ခရီးသွားထောက်ခံစာပြခိုင်းသော်လည်း တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာလေမြို့နှင့် မိုင်းကိုးကျေးရွာအုပ်စုများဘက်မှ လာသူများအနေဖြင့် ခရီးသွားထောက်ခံစာ မပြရသည့်အတွက် မိုင်းကိုးဘက်မှလာသည်ဟု လိမ်လည်ပြောဆိုမှုများလည်းရှိကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာ၂၅ရက်တွင် ဒုတိယအကြိမ်၊ တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးတွင် မိုင်းကိုးနှင့် တာလေမှလာသူများလည်း ခရီးသွားထောက်ခံစာတင်ပြရမည်ဟု ဆုံးဖြတ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း ဦးတင့်ဆွေကဆိုသည်။

ဒေသခံများသည်သာ စစ်ဆေးရေးဂိတ်ရှောင်ကွင်းသည့် လမ်းကြောင်းများကို သေသေချာချာသိသဖြင့် တာချီလိတ်မြို့သို့ ပထမဆုံးရောဂါပိုးသယ်ဆောင်လာသူမှာလည်း ပြည်မဘက်မှလာသည့် ဒေသခံတစ်ဦးပင်ဖြစ်နိုင်ကြောင်း ဦးတင့်ဆွေကခန့်မှန်းသည်။

တာချီလိတ်မြို့သို့ ကိုဗေစ်-၁၉ဗိုင်းရပ်စ် စတင်သယ်ဆောင်လာသူ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းပြောဆိုမှုများ ဆက်လက်ရှိနေသည်။ သို့သော် အဓိကတရားခံကို သိရှိရန်မှာ အလွန်ခက်ခဲလှသည်။ တာချီလိတ်မြို့သည် နောက်ထပ်ကူးစက်ပျံ့နှံ့မှုများအတွက် ထိလွယ်ခိုက်လွယ် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

တာချီလိတ်မြို့၏ လက်ရှိအခြေအနေမှာ ဂိုးအသွင်းမခံရအောင် အသေအလဲကာကွယ်၍ ကစားနေသည့် ဘောလုံးသမားများနှင့်တူနေကြောင်း ဦးတင့်ဆွေက တာချီလိတ်ရှိ ကိုဗစ်-၁၉ကာကွယ်တားဆီးရေးကြိုးပမ်းချက်များကို ခိုင်းနှိုင်းပြောဆိုလိုက်သည်။

“ဂိုးစောင့်တာကို ကွင်းလယ်ကနေ တက်စောင့်ရသလို ဖြစ်နေတယ်။ ဂိုးပေါက်ဝမှာ စောင့်ရင်တောင်မှ ဂိုးဝင်နိုင်သေးတာ။ အခုက ကွင်းလယ်က တက်စောင့်နေရတော့ သွားပြီပေါ့”

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar