တရုတ်-မြန်မာ စီးပွားရေးစြင်္ကံစီမံကိန်းကြီး

မြန်မာနိုင်ငံသည် တံခါးပိတ်ဆွေးနွေးပွဲများဖြင့် ဒေါ်လာဘီလျံများစွာတန်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကံကို သဘောတူညီရန် ပိုမိုနီးကပ်လာသည်။

ကလဲရ် ဟမ်မွန် ရေးသားသည်။

ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းရှိ နိုင်ငံတော်ဧည့်ရိပ်သာသို့ ရောက်ရှိလာပြီး China National Development and Reform Commission ၏ ဒု ဥက္ကဋ္ဌ Mr Ning Jizhe ကို တွေ့ဆုံခဲ့သည်။

ဦးကျော်ဝင်းသည် ကုန်သည်စက်မှုအသင်းချုပ် Union of Myanmar Federation of Chambers of Commerce and Industry မှ စီးပွားရေးလုပ်ငန်းရှင် ၅၆ ဦးနှင့်အတူ တရုတ်နိုင်ငံသို့ သုံးရက်ကြာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုမနက်တွင် သူသည် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ China-Myanmar Economic Corridor CMEC အတွက် နားလည်မှုစာချွန်လွှာမူကြမ်းကို ဆွေးနွေးခဲ့သည်။ ယင်းမှာ ၂၀၁၇ နိုဝင်ဘာလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ Wang Yi က တရားဝင် ကြေညာခဲ့သော အစဦးလုပ်ဆောင်မှုဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံသဘောတူညီချက်တွင် အချက် နှစ်ချက်ပါဝင်သည်။ ပထမ တစ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာလမ်းစဉ်ဖြစ်ပြီး ယင်းသည် ပင်လယ်ထွက်ပေါက်မရှိသော ကုန်းပိတ်ယူနန်ပြည်နယ်မှ မန္တလေးကိုဖြတ်ကာ ကျောက်ဖြူနှင့် ရန်ကုန်သို့ ဆက်သွယ်ပေးသောလမ်းနှင့် မစ္စတာဝမ်က သုံးချောင်းထောက် ပူးပေါင်းဆောင်ရွက်မှုပုံစံဟုခေါ်သည့် မြန်နှုန်းမြင့်ရထားလမ်းတို့ကို ဖောက်လုပ်ရန်ဖြစ်သည်။

ဒုတိယအချက်မှာ သဘောတရားဆိုင်ရာ လမ်းစဉ်ဖြစ်သည်။ ယင်းမှာ စက်မှုဇုန်များ၊ ကုန်သွယ်ရေး အချိုးအစားနှင့် အခွန်ကင်းလွတ်ခွင့်စသည့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ သို့သော် CMEC တွင် စီးပွားရေးနှင့်မသက်ဆိုင်သော နယ်ပယ်များဖြစ်သည့် သဘာဝကပ်ဘေး လျှော့ချရေး၊ အများပြည်သူ ကျန်းမာရေး စသည်တို့အတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည်။

CMEC သဘောတူညီချက်ဖြင့် ဘီလျံများစွာသော ရင်းနှီးမြှုပ်နှံမှုများသည် One Belt, One Road စီမံကိန်းဖြင့် တရုတ်နိုင်ငံရှိ ပုဂ္ဂလိကနှင့်နိုင်ငံပိုင် ကုမ္ပဏီများထံမှ ဝင်ရောက်လာနိုင်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ထိုသဘောတူညီချက်သည် အရေးပါသော်လည်း ထိုဆွေးနွေးမှုကို တံခါးပိတ် ပြုလုပ်ခဲ့သည်။ အများပြည်သူရှေ့တွင် ဆွေးနွေးတိုင်ပင်ခြင်းမရှိပေ။ နိုင်ငံပိုင်မီဒီယာသည် ဦးကျော်ဝင်း၏ ကူမင်ခရီးစဉ်ကို မထုတ်ပြန်ခဲ့ပေ။ ဖေဖော်ဝါရီလ ဆွေးနွေးပွဲ၏အသေးစိတ်ကို အများပြည်သူထံ မကြေညာခဲ့ပေ။

ထိုနားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းကို နောက် လေးလအကြာတွင် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာတိုင်းမ်သတင်းစာတွင် ဆောင်းပါးတစ်ပုဒ် ရေးသည့်အခါကျမှ သိရှိရခဲ့သည်။ ထိုဆောင်းပါးတွင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ၌ပါဝင်သည့် အရေးကြီးစီမံကိန်းများကို ဖော်ပြထားသည်။ ယင်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံများစွာကုန်ကျမည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းလည်း ပါဝင်သည်။

Frontier က ရရှိသော စာရွက်စာတမ်းများအရ CMEC လက်အောက်မှ ပုဂ္ဂလိကကဏ္ဍနှင့် ကျန်သီးခြားပုဂ္ဂလိကကဏ္ဍများက အသုံးပြုမည့်ငွေကြေးသည် ဒေါ်လာ ဘီလျံများစွာ ရှိမည်ဖြစ်သည်။

ထိုသို့သော ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြောင်းလဲပစ်နိုင်သည်။ အလုပ်အကိုင်များ သန်းနှင့်ချီပြီး ရရှိနိုင်မည်။ တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော စားသုံးသူဈေးကွက်နှင့် ကုန်သွယ်နိုင်သည်။ သို့သော် စွန့်စားရမှုများရှိသည်။ ဘင်္ဂါလီအရေးကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ဖိအားပေးနေသဖြင့် ထိရောက်စွာ ညှိနှိုင်းဆွေးနွေးနိုင်ခြင်းမရှိပေ။ ထိုစြင်္ကံစီမံကိန်းသည် ပဋိပက္ခဖြစ်ပွားနေသော နေရာများကို ဖြတ်သွားမည်ဖြစ်ရာ CMEC စီမံကိန်းသည် ကြွေးမြီထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသည်။

စက်တင်ဘာလ ၉ ရက်က မြန်မာနှင့် တရုတ်သည် CMEC နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သောအခါ ပါဝင်သော အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ဆုံးဖြတ်ချက်ချသော လုပ်ငန်းစဉ်၌ လက်မှတ်ရေးထိုးမှုဖြစ်စဉ်သို့ရောက်အောင် ပါဝင်ခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ အရာရှိများနှင့် တွေ့ဆုံမေးမြန်းရာတွင် ခေါင်းဆောင်မှုနှင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ပြောကြားသည်။

စီမံကိန်းသည် အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲဖြစ်၍ ယင်းမှာ စိုးရိမ်ပူပန်ဖွယ်ရာ မဟုတ်သေးကြောင်း ၎င်းတို့ကဆိုသည်။ အရေးကြီးသည့်အချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံ့စီးပွားရေးနှင့် မြန်မာပြည်သူများကို အကျိုးဖြစ်ထွန်းစေမည့် သဘောတူညီချက်မျိုး ရရှိနိုင်မလားဆိုသည့်အချက်ပင်ဖြစ်သည်။

အပြိုင်အဆိုင်ကုန်သွယ်ကြရာနယ်စပ်မြို့

မြန်မာ-တရုတ်နယ်စပ်မြို့မူဆယ်တွင် လူအနည်းငယ်ကသာ ဘီလျံနှင့်ချီသော ထိုစီမံကိန်းနှင့် ပထဝီနိုင်ငံရေးကို စိတ်ဝင်စားကြသည်။ မူဆယ်မြို့သည် နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရာမြို့ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်းလမ်းကုန်သွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်၌ကုန်သွယ်ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၅ ဒသမ ၈၃ ဘီလျံဖိုးရှိသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အကောက်ခွန်ရုံးတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ယင်းထက် ပိုမိုအရေးကြီးသော ပြဿနာများဖြေရှင်းရန် ရှိနေသေးသည်ဟု ဆိုသည်။

“တရုတ်က ကုန်သွယ်ရေးမှာ အသာရနေပါတယ်။ ကျွန်တော်တို့ရဲ့ကုန်သွယ်မှုက တဘက်စောင်းနင်းနဲ့ မညီမျှပါဘူး” ဟု သူက ပြောပြသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အိပ်စရေးရိုက်စစ်ဆေးသည့်ဌာန။ ဓာတ်ပုံ - ကျော်လင်းထွန်း

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အိပ်စရေးရိုက်စစ်ဆေးသည့်ဌာန။ ဓာတ်ပုံ – ကျော်လင်းထွန်း

ဥပမာတစ်ခုအဖြစ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်က ဆန်၊ သကြားနှင့် ပြောင်းများပိတ်ပင်ထားမှုကို သူက ထောက်ပြသည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ အဓိကဝင်ငွေရ ထုတ်ကုန်များဖြစ်ကြသည်။ သို့ဖြင့် ထိုထုတ်ကုန်များသည် မြန်မာနိုင်ငံမှ တရားဝင်ထွက်သွားသော်လည်း တရုတ်နိုင်ငံတွင်းသို့ တရားမဝင်အဖြစ် ဝင်ရောက်နေသည်။ တရုတ်အရာရှိများက ယင်းကိုမသိချင်ယောင်ဆောင်နေကြပြီး တခါတရံတွင်မူ တရုတ်လယ်သမားများကို ကာကွယ်ရန် အရေးယူအပြစ်ပေးခြင်း၊ ကန့်သတ်ခြင်းများ လုပ်လေ့ရှိသည်ဟု ဦးစိုးမြင့်အောင်ကဆိုသည်။

ဒုတိယဥပမာ တစ်ခုကတော့ တရုတ်ကုန်သည်တွေက ကုန်သွယ်မှုကို မြန်မာနိုင်ငံဘက်မှာ လာမလုပ်ကြဘူး။ ဒီတော့ နှစ်နိုင်ငံစလုံးက ထုတ်ကုန်တွေကို တရုတ်ပြည်ဘက်မှာပဲ ရောင်းချကြကြောင်း သူကဆိုသည်။

ထိုသို့မညီမျှမှုကို နယ်စပ်မြို့နှစ်ခု၏သွင်ပြင်ကိုကြည့်လျှင် တွေ့မြင်နိုင်သည်။ မူဆယ်သည် အိုဟောင်းပျက်စီးနေသည့် ကုန်လှောင်ရုံအများအပြားသာရှိပြီး ရွှေလီမြို့Ruili မှာမူ အထပ်မြင့် အဆောက်အအုံများ၊ ဈေးများဖြင့် တိုးတက်နေသည်။ ယင်းမြို့သည် မြန်မာ့ကျောက်စိမ်းများကို အများဆုံး ရောင်းချသောမြို့လည်းဖြစ်သည်။

ထိုကျောက်စိမ်းများကို နယ်စပ်မှ တရားမဝင် ခိုးထုတ်နေကြသည်။ မူဆယ်သွားကားလမ်းသည် တရားမဝင် ကျောက်စိမ်းကုန်သွယ်မှုလမ်းကြောင်း ဖြစ်နေသည်။ သို့သော် ဦးစိုးမြင့်အောင်က ပြောကြားရာတွင် တရုတ်အရာရှိများသည် နယ်စပ်တရားဥပဒေ စိုးမိုးရေးကို ပူးပေါင်းလုပ်ဆောင်ခြင်းမရှိကြကြောင်းဆိုသည်။

“သူတို့က ရည်ရွယ်ချက်ရှိရှိ တမင်လျစ်လျူရှုနေတာပါ။ သူတို့မှာ တင်းကျပ်တဲ့ ဥပဒေတွေရှိပေမဲ့ အရာရှိတွေက အကျင့်ပျက်ခြစားနေပါတယ်” ဟု သူက ပြောပြသည်။ Frontier က တရုတ်အရာထမ်းများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။ မြန်မာနိုင်ငံမှ တရုတ်သံရုံးကလည်း အင်တာဗျူးပေးရန် ငြင်းဆိုခဲ့သည်။

CMEC က မြန်မာနိုင်ငံကို ကောင်းကျိုးရှိစေမည်ဟုထင်သလားဟု မေးမြန်းသောအခါ ဦးစိုးမြင့်အောင်က မြန်မာနိုင်ငံက ဂရုတစိုက် လုပ်ဆောင်သင့်ကြောင်းပြောသည်။ “ကျွန်တော်တို့နိုင်ငံက ဆင်းရဲတော့ ဂရုတစိုက် လုပ်ဆောင်သင့်ပါတယ်” ဟု ဆိုသည်။

သို့သော် အခြေခံအဆောက်အအုံအတွက် အရင်းအနှီးများ လိုအပ်နေသည်။ ထိုနောက် အပြင်ဘက်တွင် ထရပ်ကားများ ရပ်ထားသောနေရာကို ညွှွန်ပြရင်း ပြီးခဲ့တဲ့ ၅ နှစ်ကတည်းက အစိုးရက သွင်းကုန်တွေကို စီမံဖို့ ဇုန်တစ်ခု သီးခြားတည်ဆောက်ဖို့ ရည်ရွယ်နေတာပါ။ မြေနေရာက သတ်မှတ်ပြီးပြီ။ ဒါပေမဲ့ ဘတ်ဂျက်က မရှိဘူး။ လမ်းတစ်ခု ဆောက်ဖို့အတွက်တောင် ဘတ်ဂျက်က မရှိသေးဘူးဟု သူကဆိုသည်။

မူဆယ်မှာ အခြေခံအဆောက်အအုံ တည်ဆောက်မည်ဆိုပါက နည်းလမ်း ၂ ခုသာရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီတွေက တည်ဆောက်ပေးမလား။ ဒါမှမဟုတ် တရုတ်အစိုးရ၏အလှူငွေဖြင့် တည်ဆောက်မလား။ ဒါပဲရှိသည်ဟု သူကပြောသည်။

လမ်းကြောပိတ်ဆို့မှု

သို့ရာတွင် မူဆယ်မြို့၌ အရေးကြီးသော အခြေခံအဆောက်အအုံ တစ်ခုကို တည်ဆောက်နေသည်။ Oriental Highway ဟုခေါ်ဆိုသော ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ချိတ်ဆက်ထားသော နှစ်လမ်းသွားလမ်းကို ကန်ဒေါ်လာ သန်း ၃၀ဝ အကုန်အကျခံကာ ချဲ့ထွင်နေသည်။ ဦးစိုးမြင့်အောင်က ပြောကြားရာတွင် ထိုသို့အဆင်မြှင့်တင်မှုကို လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလမ်းသည် ၆ ဘီးကားများသာ သွားလာနိုင်ရန် စီစဉ်ခဲ့သော်လည်း ယခုလက်ရှိတွင် ၂၂ ဘီးတပ် ယာဉ်များကပါ အသုံးပြုနေသောကြောင့် ဖြစ်သည်ဟုဆိုသည်။

မတော်တဆမှုများ မကြာခဏကြုံရပြီး ရက်နှင့်ချီကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားတတ်သည်။ Frontier က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မူဆယ်သို့ သွားရောက်ခဲ့သောအခါ ၁၀၈ မိုင်ရှိလမ်းကို ၂၁ နာရီကြာ မောင်းနှင်ခဲ့ရသည်။ တပ်မတော်ထောက်ခံသော ပြည်သူ့စစ်ဖြစ်သည့် Kachin Defence Army က လမ်းဘေးတွင် ဝါဆိုလပြည့်နေ့ပွဲ ကျင်းပနေသောကြောင့်ဖြစ်သည်။

လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့်လည်း လမ်းပိတ်ဆို့မှုများ ဖြစ်ပွားသည်။ တပ်မတော်က ရှမ်းပြည်နယ်သို့ ချဲ့ထွင်လာသောကြောင့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုဖြစ်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် အဝေးပြေးလမ်းကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ သို့ဖြင့် အရပ်သားများ ဒါဇင်ချီသေဆုံးရပြီး လုံခြုံရေးတပ်သားများ ကျဆုံးရသည်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ တရုတ်-မြန်မာ အဝေးပြေးလမ်း၌ ယာဉ်ကြောပိတ်ဆို့နေစဉ်။ ဓာတ်ပုံ - ကျော်လင်းထွန်း

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ တရုတ်-မြန်မာ အဝေးပြေးလမ်း၌ ယာဉ်ကြောပိတ်ဆို့နေစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ရှမ်းပြည်နယ်မှ လက်နက်ကိုင်အုပ်စုတိုင်းသည် ထိုကုန်သွယ်ရေးလမ်းကြောင်းကြောင့် တနည်းတဖုံအားဖြင့် အကျိုးအမြတ်ရနေသည်။ တရားဝင်မဟုတ်သော အခွန်များကောက်ခံခြင်း၊ တရားမဝင်ကုန်သွယ်ခြင်း စသည်တို့ဖြင့် အကျိုးဖြစ်ထွန်းနေခြင်းဖြစ်သည်။ ထိုကုန်သွယ်မှု အများစုသည် တရုတ်နှင့် ကုန်သွယ်ခြင်းသာ ဖြစ်သည်။ မူဆယ်မြို့နှင့် လားရှိုးမြို့များမှ ဒေသခံများက တရုတ်နှင့် ကုန်သွယ်မှုသည် နက်ရှိုင်းနေပြီဟု ပြောကြားကြသည်။

တိုင်လူငယ်ကွန်ရက် Tai Youth Network ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်တပ်ဖွဲ့မြောက်ပိုင်း Shan State Army North ၏ တပ်သားဟောင်းဖြစ်သော စိုင်းဟန်က တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် လားရှိုးမြို့တွင် စီးပွားအဖြစ်ဆုံးလုပ်ငန်းများကို ပိုင်ဆိုင်ထားကြကြောင်း၊ ၎င်းတို့မှာ ကာရာအိုကေဘားများ၊ ကာစီနိုဝိုင်းများကို လက်နက်ကိုင်အုပ်စုများ၊ ပြည်သူ့စစ်များ၏ အကူအညီဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟုဆိုသည်။

အမျိုးသား ရင်ကြားစေ့ရေး

အရှေ့အနောက် စီးပွားရေးစြင်္ကံကို ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းများတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက စတင်လုပ်ဆောင်ခဲ့သည်။ ထိုစြင်္ကံကို အကောင်အထည်ဖော်ရန် တာဝန်ယူရသူမှာ ဦးအောင်မင်း ဖြစ်သည်။ သူသည် ၂၀ဝ၃ ခုနှစ်တွင် မီးရထားဝန်ကြီး ဖြစ်လာခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်ခဲ့သည်။

သူသည် ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာဝေးသော ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ Kengtung မြို့သို့ ဆက်သွယ်မည့်ရထားလမ်း တည်ဆောက်ရန် တာဝန်ယူရသည်ဟု Frontier ကို ပြောပြသည်။ သူက နိုင်ငံကိုတည်ဆောက်ရန်မှာ တပ်မတော်က အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတားဖြစ်နေသော တောတောင်များ၊ မြစ်များစသည့် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများအပါအဝင် အရာများကို ဖယ်ရှားရန်ကြိုးစားခဲ့သည်ဟုဆိုသည်။

ယင်းမှာ ခက်ခဲကြီးမားသော တာဝန်ဖြစ်သည်။ မြန်မာနိုင်ငံက သီးခြားဖြစ်နေသည်။ တပ်မတော်တွင် အရင်းအနှီးလည်း မရှိ၊ ခေတ်မီတံတားများ ဆောက်လုပ်နိုင်ရန် နည်းပညာလည်း မရှိပေ။ နိုင်ငံတကာမှ ချေးငွေများနှင့် အထောက်အပံ့များလည်း မရရှိနိုင်ပေ။

ဦးအောင်မင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှွေထံ ကုန်ကျစရိတ်ငွေ ထပ်တိုးတောင်းခံသောအခါ ဗိုလ်ချုပ်မှူးကြီးက အခက်အခဲများကြားမှ အဖြေရှာရန် သူ့ကိုဝန်ကြီးခန့်အပ်ထားခြင်းဖြစ်သည်ဟု ဆူပူကြိမ်းမောင်းခဲ့သည်ဟု ဆိုသည်။ ထိုကြောင့် ဦးအောင်မင်းသည် နိုင်ငံခြားသို့ သွားရောက်ကာ ကိရိယာဟောင်းများကို လှူမည့်နိုင်ငံကို ရှာဖွေခဲ့ရာ တရုတ်နိုင်ငံက အရက်ရောဆုံး အလှူရှင် ဖြစ်လာသည်ဟုဆိုသည်။

တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ပေးမည်ဟု ကမ်းလှမ်းလာသောအခါ ဦးအောင်မင်းက လက်ခံခဲ့သည်။ သို့ဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ကျောက်ဖြူမြို့ရှိ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဆက်သွယ်မည့် ရထားလမ်း တည်ဆောက်ရန် အစီအစဉ်များ ရေးဆွဲခဲ့သည်။ ထိုမှတဆင့် တရုတ်နိုင်ငံသည် ရေနက်ဆိပ်ကမ်း တစ်ခုနှင့် အထူးစီးပွားရေးဇုန်ကိုလည်း တည်ဆောက်ရန် စီစဉ်သွားမည်ဖြစ်သည်။

ဦးအောင်မင်းသည် ထိုအချိန်က ယင်းစြင်္ကံမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်သွားစေရန် အထောက်အကူပြုနိုင်မည်ဟု သူယုံကြည်ခဲ့ကြောင်းဆိုသည်။

“ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေကို စစ်မြေပြင်အဖြစ်ကနေ ဈေးတွေအသွင်ကို ပြောင်းလဲပေးဖို့ တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံထားပါတယ်။ အပြန်အလှန် အကျိုးရှိနိုင်အောင် အဲဒီနေရာမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးကို အားပေးမှာဖြစ်ပါတယ်” ဟု သူကဆိုသည်။

မြန်မာအစိုးရနှင့် တရုတ်တို့အကြား ဆက်ဆံရေးဆိုးရွားလာပါက တရုတ်တို့က တိုင်းရင်းသား လက်နက်ကိုင်များကို အထောက်အပံ့များပေးနိုင်သည့် စွမ်းအင်လည်းရှိသည်။

မြန်မာနှင့်တရုတ်တို့အကြား ဆက်ဆံရေးသည်လည်း ထင်ထားသည်ထက်စောပြီး ပိုမိုဆိုးရွားသွားခဲ့သည်။ အာဏာရပြီး ၆ လခန့်အကြာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်သည် တရုတ်က လုပ်ဆောင်နေသော ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားလိုက်သည်။ ၂၀၁၄ ခုနှစ်တွင် သက်တမ်းတိုးရမည်ဖြစ်သော မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်ရန်စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ဆွေးနွေးနေမှုကိုလည်း ရပ်ဆိုင်းလိုက်သည်။

ထိုအချိန်က အဓိကဦးစားပေး လုပ်ဆောင်နေသောအချက်မှာ အနောက်တိုင်းမှ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်သာ ဖြစ်ခဲ့သည်ဟု ဦးအောင်မင်းကဆိုသည်။ မြန်မာနိုင်ငံက အမေရိကန်နှင့် ဥရောပနိုင်ငံများကြား မျက်နှာပန်းလှအောင် လုပ်ဆောင်နေစဉ် ၂၀၁၃ ခုနှစ်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် One Belt, One Road ရပ်ဝန်းတစ်ခု လမ်းတစ်လမ်း အစီအစဉ်ကို ကြေညာခဲ့သည်။

ယင်းမှာ မြန်မာနိုင်ငံအတွက် မည်သို့အဓိပ္ပာယ်ရှိမည်ကို ရှင်းလင်းစွာ မသိရှိခဲ့ပေ။ သို့သော် ဦးအောင်မင်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန်မှတပါး အခြားရွေးချယ်စရာမရှိကြောင်း သူသိသည်ဟု ပြောကြားသည်။

“တစုံတခုဖြစ်ရင် အနောက်နိုင်ငံတွေကို အားကိုးလို့ရမှာ မဟုတ်ဘူး။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ မီးလောင်ကျွမ်းနေပြီဆိုမှ ရောက်လာမယ့်လူမျိုးတွေပါ” ဟု သူကဆိုသည်။

မြန်မာတို့၏ အကောင်းဆုံးမျှော်လင့်ချက်

CMEC အတွက် ဆွေးနွေးပွဲများသည် ရခိုင်ပြည်နယ် အကျပ်အတည်းကို တရုတ်က နိုင်ငံရေးအရ ထောက်ပံ့ပေးအပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွမ်ကို့ရှန်း Mr Sun Guoxiang သည် ဒုသမ္မတ ဦးမြင့်ဆွေနှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။ ယင်းမှာ ဘင်္ဂါလီစစ်သွေးကြွများက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ရဲစခန်းကို တိုက်ခိုက်အပြီး ၁၀ ရက်အကြာတွင် ဖြစ်သည်။ ဘင်္ဂါလီ ၇၀ဝ,ဝဝဝ ခန့်သည် စစ်တပ်၏ ကြမ်းတမ်းသော လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုများမှ လွတ်မြောက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် United Nations Fact-Finding mission က ယင်းကို လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲခဲ့သည်။

နေပြည်တော်တွင် မစ္စတာ ဆွမ်ကို့ရှန်းက ဘင်္ဂါလီစစ်သွေးကြွများ၏ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဦးမြင့်ဆွေကို ပြောကြားခဲ့သည်ဟု Global New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် ၂ လ အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး CMEC အကောင်အထည်ဖော်ရန် အစီအစဉ်များကို ချပြခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် အရေးကိစ္စကို အဖြေရှာရာတွင် မြန်မာနိုင်ငံကို ထောက်ပံ့ကူညီမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာ ဝေဖန်မှုများနှင့် ကြုံရသောအခါ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ထောက်ပံ့သော အရေးပါသူ ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်က အကာအကွယ်များ ပေးထားသည်။ ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး အတင်ခံရလျှင် တရုတ်က ဗီတိုအာဏာသုံးကာ ကာကွယ်ပေးနိုင်သည်။

ဦးအောင်မင်း(ဝဲ)၊ ၂၀၁၇ တွင် ထိုစဉ်ကသမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့တွေ့ဆုံကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဦးအောင်မင်း(ဝဲ)၊ ၂၀၁၇ တွင် ထိုစဉ်ကသမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့တွေ့ဆုံကြစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုခံရနိုင်ဖွယ် ဝေးကွာနေသေးသော်လည်း ဘင်္ဂါလီအရေးကြောင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ မလာရောက်တော့ဘဲ မြန်မာနိုင်ငံသည် စီးပွားရေးအရ တရုတ်နိုင်ငံကိုသာ ပိုမိုအားကိုးလာရသည်။

ဤဆောင်းပါးအတွက် အင်တာဗျူးခဲ့သူအားလုံးက CMEC သည် မလွဲမသွေ ဖြစ်လာမည့်ကိစ္စရပ်ဖြစ်ပြီး ယင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ဟု ယုံကြည်ကြကြောင်း ပြောကြားကြသည်။

အဓိကအချက်မှာ မြန်မာနိုင်ငံသည် မိမိအတွက် အကျိုးရှိသော သဘောတူညီချက်ကို ရရှိနိုင်မည်လော ဆိုသည့်မေးခွန်းသာဖြစ်သည်။

သို့သော် အဆင့်မြင့်အရာရှိများ၊ အစိုးရအကြံပေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တရုတ်နှင့် ဆွေးနွေးညှိနှိုင်းမှုကို မည်သူက ဦးဆောင်လုပ်ကိုင်နေသည်ကို သူတို့မသိကြောင်း ပြောကြားသည်။ သို့သော် သူတို့သဘောတူကြသည့်အချက်မှာ ဆွေးနွေးမှုများကို တံခါးပိတ်ဆောင်ရွက်ပြီး အချက်အလက် အနည်းငယ်ကိုသာ အများပြည်သူကို အသိပေးသည့်အချက်ဖြစ်သည်။

CMEC နှင့်ပတ်သက်ပြီး တိတ်ဆိတ်နေခြင်းသည် အစိုးရက အဓိကသဘောတူညီမှုများကို မရရှိသေးခင် အများပြည်များအကြား ဆွေးနွေးမှုများ မဖြစ်ပေါ်စေရန် ကန့်သတ်ခြင်းဖြစ်မည်ဟု အချို့ကထင်မြင်ကြသည်။ တရုတ်ဆန့်ကျင်သော စိတ်ဓာတ်ကြောင့် အဓိကအချက်များ သွေဖယ်မသွားစေရန်ဖြစ်သည်။ သဘောတူညီမှုကို အများပြည်သူကို မချပြခင် အရေးကြီးအချက်များဖြစ်သည့် အမျိုးသား လုံခြုံရေးနှင့် ပထဝီနိုင်ငံရေး အနေအထားများကို အစိုးရအတွင်း အဖြေရှာထားရမည်ဟု သူတို့ကဆိုသည်။

အချို့ကမူ ပွင့်လင်းမြင်သာမှု မရှိခြင်းသည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင်များက အများပြည်သူ မသိနိုင်သော အချက်အလက်များကို သိရှိနေခြင်းကြောင့် မူဝါဒများကို လွှမ်းမိုးလာနိုင်ပြီး ယင်းတို့၏ စီးပွားရေးအကျိုးအမြတ် ရရှိစေရန် လုပ်ဆောင်လာနိုင်သည်ဟု မြင်ကြသည်။

“ကျွန်တော်တို့က သူတို့ကို ပုံဖော်နေတာ”

ဆွေးနွေးမှုများကို အစပိုင်းတွင် စီမံဘဏ္ဍာဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သော ဦးကျော်ဝင်းက ဦးဆောင်ခဲ့သည်။ သူသည် ၂၀၁၈ ခုနှစ် မေလတွင် အကျင့်ပျက်ခြစားသည်ဟူသော စွပ်စွဲချက်များထွက်ပေါ်လာပြီး ရာထူးမှနှုတ်ထွက်သွားခဲ့သည်။

သူသည် ယခင်က ရာထူးအဆင့်နိမ့်သော ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိရာထူးအတွက် မသင့်တော်ဟု အများက ယူဆခံရသူ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကမူ သူသည် ပုဂ္ဂလိက ကဏ္ဍထံမှ အကြံဉာဏ်များရယူပြီး ယင်းကို မူဝါဒအဖြစ် ချမှတ်လေ့ရှိသည်ဟု ပြောကြသည်။

ပုဂ္ဂလိကကဏ္ဍက အစိုးရကို အကြံပေးရသော လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီ Private Sector Development Committee နှင့် ကုန်သည်စက်မှုအသင်းချုပ် UMFCCI တို့အကြား သီတင်းပတ် ၂ ပတ်လျှင် တစ်ကြိမ်ကျင်းပသော ဆွေးနွေးပွဲများ၌ အကြံပေးရလေ့ရှိသည်။

UMFCCI သည် ကုမ္ပဏီပေါင်း ၃၀,ဝဝဝ ခန့်၏ အကျိုးစီးပွားကို ကိုယ်စားပြုနေသည်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များကသာ ၅၈ ဦးပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ထိန်းချုပ်ထားသည်။

စက်မှုကုန်သည်အသင်းချုပ်သည် အစိုးရမူဝါဒများ ချမှတ်ရာတွင် လွှမ်းမိုးနိုင်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက်သောအခါ ပထမဆုံး တွေ့ဆုံရသည့် အဖွဲ့အစည်းဖြစ်သည်။ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောကြားရာတွင် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ယင်းသည် ပိုမိုသြဇာရှိလာသည်ဟုဆိုသည်။

ဦးအောင်ကြည်စိုးက ဆက်လက်၍ အစိုးရသည် နိုင်ငံခြားခရီးသွားရတိုင်း စက်မှုကုန်သည်အသင်းချုပ်မှ ကိုယ်စားလှယ်များကို ခေါ်ဆောင်သွားလေ့ရှိသည်ဟုပြောသည်။ ထို့ကြောင့် ဦးကျော်ဝင်းက CMEC ကိစ္စ ဆွေးနွေးရန် ကူမင်းသို့ ဖေဖော်ဝါရီလက သွားရောက်ရာတွင် စက်မှုကုန်သည်အသင်းချုပ်မှ ကိုယ်စားလှယ်အဖွဲ့ကို ခေါ်ဆောင်သွားခဲ့သည်မှာမဆန်းပေ။

စီးပွားရေးလုပ်ငန်းရှင်များက ကူမင်းမှာ အစိုးရဆွေးနွေးပွဲများသို့ မတက်ရောက်ကြောင်း၊ သို့ရာတွင် သူတို့၏ စိတ်ကူးစိတ်သန်းနှင့် စိုးရိမ်မှုများကို ဝန်ကြီးအား ပြောပြထား၍ရကြောင်း ဦးအောင်ကြည်စိုးကဆိုသည်။

စက်မှုကုန်သည်အသင်းချုပ်က အစိုးရကို အကြံပေးနေသလားဟု မေးသောအခါတွင် သူက ရယ်မောပြီး “ကျွန်တော်တို့က သူတို့ကို ပုံဖော်နေတာ၊ စက်မှုကုန်သည်အသင်းချုပ်က အစိုးရကို ပုံသွင်းနေတာပါ”ဟု ပြောပြသည်။

၂၀၁၆ က စက်မှုကုန်သည်အသင်းချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရအပြီး ဦးအောင်ကြည်စိုးကို ဂုဏ်ပြုနုတ်ဆက်ကြစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

၂၀၁၆ က စက်မှုကုန်သည်အသင်းချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရအပြီး ဦးအောင်ကြည်စိုးကို ဂုဏ်ပြုနုတ်ဆက်ကြစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

နားလည်မှုစာချွန်လွှာမူကြမ်းကို သဘောတူညီပြီးသောအခါ ဖေဖော်ဝါရီလ ၂၂ ရက်တွင် စီမံဘဏ္ဍာ ဝန်ကြီးဌာနသည် စက်မှုကုန်သည်အသင်းချုပ် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ ညွှန်ကြားရေးမှူးချုပ်များကို ရုံးခန်းသို့ဖိတ်ခေါ်ပြီး CMEC တွင် ပါဝင်ရမည့် ဦးစားပေးစီမံကိန်းများကို စတင်စာရင်းပြုစုခဲ့သည်။

ပုဂ္ဂလိကကဏ္ဍတွင် စက်မှုကုန်သည်အသင်းချုပ်သည် တံခါးမှူးဖြစ်လာခဲ့သည်။ စြင်္ကံတွင် ပါဝင်လိုသော ကုမ္ပဏီများသည် စက်မှုကုန်သည်အသင်းချုပ်၏ အဖွဲ့ဝင်ဖြစ်ရန်လိုအပ်ပြီး စက်မှုကုန်သည်အသင်းချုပ်သည် CMEC တွင် ရင်းနှီးမြှုပ်နှံမှုများကို ချထားပေးမည့် China Myanmar Business Council ဖွဲ့စည်းခြင်းကို တာဝန်ယူရမည်ဟု ဦးအောင်ကြည်စိုးကဆိုသည်။

စက်မှုကုန်သည်အသင်းချုပ်နှင့် ယင်း၏မိတ်ဖက်အသင်းများအပေါ် အစိုးရက မှီခိုနေရခြင်းက စီးပွားရေးလုပ်ငန်းရှင်အချို့ကို စိတ်ပျက်အားလျော့စေသည်။

ယခင်အစိုးရလက်ထက်၌ အောင်မြင်ခဲ့သော UMG ကုမ္ပဏီစုကြီးမှ မစ္စတာ ကီဝီ အလီဝါဂါ Mr Kiwi Aliwarga က သူသည် CMEC စီမံကိန်းကို ထောက်ခံကြောင်း၊ သို့သော် စီမံကိန်းများကို ရွေးချယ်သည့်စနစ်သည် ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားသည်။

“ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေပဲ စီမံကိန်းကို တင်သွင်းနိုင်ပြီး ရန်ပုံငွေ ရရှိနိုင်တယ်။ တခြားလူတွေ မရနိုင်ဘူး” ဟု သူကဆိုသည်။

ဝန်ကြီးဌာနတွေက အဆိုပြုသော စီမံကိန်းများသည် မြန်မာနိုင်ငံကို အကျိုးဖြစ်ထွန်းစေရန် သေချာစေရမည်။ ထို့ပြင် တာဝန်ခံမှုလည်းရှိရမည်ဟု မစ္စတာ အလီဝါဂါကဆိုသည်။

“စီမံကိန်း တစ်ခုအတွက် တာဝန်ယူရမယ့် ဝန်ကြီးဌာနက တစ်ခုပဲရှိသင့်တယ်။ ဒီလိုမဟုတ်ရင် အလေအလွင့်တွေများပြီး အများပြည်သူရဲ့ငွေတွေ ပေးရလိမ့်မယ်” ဟု သူကပြောပြသည်။

အများပြည်သူနဲ့ ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်သော ပုံစံသည်လည်း အကျိုးအမြတ် ခွဲဝေရာတွင် ပြဿနာ ရှိလာနိုင်သည်ဟု သူကဆိုသည်။ “အစိုးရက စည်းမျဉ်းတွေလိုက်နာကြအောင် စောင့်ကြည့်ပေးရုံပဲ လုပ်ဆောင်ရမယ်။ ပါဝင်သူ မဖြစ်ရဘူး” ဟု မစ္စတာ အလီဝါဂါက ဆိုသည်။

ဦးစားပေးစီမံကိန်းများ

Frontier က ရရှိထားသော ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့က လုပ်ဆောင်မည့် ဦးစားပေးစီမံကိန်းများသည် အစီအစဉ်တကျမရှိဘဲ မြန်မာနိုင်ငံသည် CMEC အတွက် ကောင်းမွန်သော မဟာဗျူဟာမရှိကြောင်း ပြသနေသည်။

စီမံကိန်းအချို့မှာ သေးငယ်နေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အခြားစီမံကိန်းများအပါအဝင် ဒေါ်လာ ၁ သန်းအောက်ကုန်ကျမည့် ရေတံခါး ၂ ခုကို တည်ဆောက်ရန် အဆိုပြုထားသည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဆိုပြုစီမံကိန်းများတွင် အစိုးရက ရန်ပုံငွေချမပေးနိုင်သော မူဆယ်မှ သွင်းကုန်များကြီးကြပ်သည့်ဇုန်အသစ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ယင်းကိုချိတ်ဆက်ထားသော လမ်းမတို့ပါဝင်ကြောင်း ဦးစိုးမြင့်အောင်ကဆိုသည်။

အခြားစီမံကိန်းများတွင် စက်မှုဇုန်များ၊ မြို့သစ်စီမံကိန်းများ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်ပြီး ယင်းတို့သည် ဒေါ်လာ ဘီလျံချီပြီး ကုန်ကျနိုင်မည်ဖြစ်သည်။ ယင်းတို့တွင် ဟောင်ကောင်၌ ဦးအောင်နိုင်ဦး အဆိုပြုသည့် မဟာစီမံကိန်းကြီး ၅ ခုလည်းပါဝင်သည်။ 

CMEC ၏ မဟာစီမံကိန်းကြီးများအနက်မှ တစ်ခုဖြစ်သည့် မူဆယ်ဗဟိုစီးပွားရေးခရိုင်ပုံစံငယ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဗစ်တိုးရီးယားမီလ်ကို

CMEC ၏ မဟာစီမံကိန်းကြီးများအနက်မှ တစ်ခုဖြစ်သည့် မူဆယ်ဗဟိုစီးပွားရေးခရိုင်ပုံစံငယ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – ဗစ်တိုးရီးယားမီလ်ကို

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု လုပ်ဆောင်ချက်များလည်း ပါဝင်သည်။ ယင်းတို့တွင် China Road and Bridge Corporation နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီစုကြီးဖြစ်သော Jewellery Luck Group of Companies တို့က တည်ဆောက်မည့် ဒေါ်လာ ၃ ဘီလျံကုန်ကျမည့် Yangon Sky Train စီမံကိန်းလည်းပါဝင်သည်။

ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကုန်ကျမည့် ရန်ကုန်ဘူတာကြီး ပြန်လည်မွမ်းမံမည့် စီမံကိန်းကို စင်ကာပူနိုင်ငံ အောက်စ်လေဟိုးဒင်း Oxley Holdings က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ မင်းဓမ္မ ကုမ္ပဏီ Min Dhama နှင့် တရုတ်နိုင်ငံမှ စီနိုဂရိတ်ဝေါ Sino Great Wall ကုမ္ပဏီတို့ပါဝင်သော လုပ်ငန်းစုကြီးက ဖေဖော်ဝါရီလတွင် အနှစ်သက်ဆုံး လေလံဆွဲသူအဖြစ် ရွေးချယ်ခံရသည်။

မင်းဓမ္မကုမ္ပဏီသည် မုတ္တမဦးပိုင်ကုမ္ပဏီ၏ လက်အောက်ခံဖြစ်သည်။ မုတ္တမဦးပိုင်ကုမ္ပဏီသည် CMEC စီမံကိန်းစာရင်းတွင် စီမံကိန်း ၄ ခု လုပ်ကိုင်ခွင့် ရရှိထားသူဖြစ်သည်။ ယင်းတို့တွင် ဒေါ်လာ ၂ ဒသမ ၁၈ ဘီလျံ ကုန်ကျမည့် ရန်ကုန်မြို့ပတ်အမြန်လမ်း Yangon Outer Circular Expressway စီမံကိန်းနှင့် စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃၉ ဘီလျံကုန်ကျမည့် စက်မှုဇုန်လည်းပါဝင်သည်။

တရုတ်မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးရန်ဟော်သည် ဝန်ကြီးဦးကျော်ဝင်း အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ နုတ်ထွက်မှုနှင့် ဆက်စပ်ပါဝင်ခဲ့သည်ဟု မေလကသတင်းများတွင် ပေါ်ထွက်လာသည်။ ဝန်ကြီးသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ မုတ္တမကုမ္ပဏီတွင် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ထို့နောက်တွင်မှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီအမတ်အဖြစ် နေရာရလာခဲ့သူဖြစ်သည်။

ထိုဦးစားပေးစီမံကိန်းများ၌ CMEC မူဘောင်၏ပြင်ပမှ မြန်မာနှင့် တရုတ်တို့လုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ မပါဝင်ပေ။ CMEC မူဘောင်ပြင်ပမှ လုပ်ဆောင်နေသော စီမံကိန်းများတွင် ကချင်ပြည်နယ် ကမ်ပိုက်တီး၊ မူဆယ်နှင့် ရှမ်းပြည်နယ် ချင်းရွှေဟော်နှင့် ကျောက်ဖြူမြို့မှ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းတို့ပါဝင်သည်။

ပြည်ထောင်စုအစိုးရရုံး ဝန်ကြီးဦးသောင်းထွန်းက မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို ယခုအခါ ဆက်လက်လုပ်ဆောင်နေပြီဟု ပြောထားပြီး ယင်းစီမံကိန်းသည် CMEC ၏ ကျောရိုးဖြစ်လာမည်ဟု ရင်းမြစ်အများအပြားက ပြောကြားကြသည်။

ယူနန်ပြည်နယ် ဒါလီ Dali ဒေသမှ မြန်မာနယ်စပ်ရှိ ရွှေလီဒေသသို့ ချိတ်ဆက်မည့် ၂၀၅ မိုင် ရှည်လျားသော မီးရထားလမ်းကို ၂၀၁၁ ခုနှစ်ကတည်းက တည်ဆောက်နေခြင်းဖြစ်သည်။ ယင်းသည် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု ရည်မှန်းထားသည်။ ယင်းသည် မူဆယ်မှ ကျောက်ဖြူသို့ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းနှင့်ချိတ်ဆက်မည်ဖြစ်ကာ ထိုမှတဆင့် ရန်ကုန်-မန္တလေးလမ်းနှင့်လည်း ချိတ်ဆက်ဖွယ်ရှိသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းတောင်တန်းများကို ဖြတ်သန်းသွားမည့် ရထားလမ်းနှင့် ကားလမ်းများသည် တည်ဆောက်ရန် ခက်ခဲသောကြောင့် ငွေကြေးအကုန်အကျ များနိုင်သည်။ မီးရထားလမ်းအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ ဘီလျံ ၂၀ ခန့်ရှိနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ ဦးအောင်မင်းက ပြောကြားရာတွင် တရုတ်နိုင်ငံသည် ကုန်ကျစရိတ်၏ ၉၀ ရာခိုင်နှုန်းပေးမည်ဟု ကမ်းလှမ်းထားသော်လည်း မြန်မာနိုင်ငံသည် ကျန် ၁၀ ရာခိုင်နှုန်းကိုပင် မတတ်နိုင်ဟုဆိုသည်။

အဆိုပြုထားသော စီမံကိန်းအားလုံး၏ ကုန်ကျစရိတ်ကို ကြည့်လိုက်သောအခါတွင် မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီသည် နည်းပါးသယောင် ထင်လာရသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကြွေးမြီသည် ဒေါ်လာ ၉ ဒသမ ၆ ဘီလျံရှိသည်။ ယင်းသည် ဂျီဒီပီ၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။

စီမံကိန်းများသည် ကြီးမားသော်လည်း ရေရှည်ကုန်ကျနိုင်သောအရာများနှင့် စီမံကိန်း တစ်ခုချင်းစီ၏ ရရှိနိုင်သောကောင်းကျိုးကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက Frontier ကို ပြောသည်။ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေခြင်းတို့လိုအပ်မည်ဟု သူကဆိုသည်။

စနစ်ကျအောင် ထိန်းသိမ်းလုပ်ကိုင်ခြင်း

အင်န်အယ်လ်ဒီအစိုးရ အာဏာရရှိလာပြီးကတည်းက ပြုပြင်ပြောင်းလဲရေးသမားများသည် မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် Myanmar Sustainable Development Plan ဖြင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာသော စနစ်တစ်ခုကို ဖန်တီးရန် ကြိုးစားလာခဲ့ကြသည်။

ဘဏ္ဍာရေး ဒုဝန်ကြီးဦးဆက်အောင်က MSDP ဖြင့် ဦးစားပေးစီမံကိန်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး လုပ်ဆောင်ရမည့် အချိန်အတိုင်းအတာရော ကုန်ကျစရိတ်ပါ သတ်မှတ်သွားမည်ဟုဆိုသည်။ စစ်ဆေးမှု အောင်မြင်သော စီမံကိန်းများကို စီမံကိန်းစာရင်းတွင် ထည့်သွင်းသွားမည်ဟု ပြောကြားဖူးသည်။

သို့သော် MSDP ကို CMEC နှင့် သီးခြားစီလုပ်ဆောင်နေသည်။ ထိုမူဘောင် ၂ ရပ်သည် တစ်ခုနှင့် တစ်ခု ကိုက်ညီစေရန် လိုအပ်နေသည်ဟု အစိုးရအကြံပေး တစ်ဦးက ပြောသည်။

စီးပွားရေး အကျိုးဖြစ်ထွန်းသော နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီသောစီမံကိန်းကို ရေးဆွဲနေသည့်အခါ အသုံးပြုနေသော မူဘောင်မှအပ အခြားမူဘောင်များမှအချက်များ ပါဝင်နေပါက မသင့်တော်ပေ။

ထိုမူဘောင်သည် နှစ်ချီကြာမြင့်မည်ဖြစ်ပြီး ယင်းဖြင့် စီမံကိန်းများ တသီကြီးထွက်ရှိလာနိုင်သဖြင့် စစ်ဆေးမှုကို အဆင့်တိုင်းတွင် လုပ်ဆောင်ရန်လိုအပ်သည်။ CMEC သည်လည်း တရုတ်ပြည်မှ နိုင်ငံပိုင်လုပ်ငန်းများနှင့် တရုတ်အစိုးရတို့က လိုအပ်သောစီမံကိန်းများဖြစ်သည်။

ယူနန်ပြည်နယ် ရွှေလီနှင့် ရှမ်းပြည်နယ် မူဆယ်အကြား နယ်စပ်ဖြတ်ကျော်ဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ယူနန်ပြည်နယ် ရွှေလီနှင့် ရှမ်းပြည်နယ် မူဆယ်အကြား နယ်စပ်ဖြတ်ကျော်ဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

မကြာသေးမီလများက လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် ကြိုးစားမှုများရှိခဲ့သည်။ မေလတွင် ဦးကျော်ဝင်း ရာထူးမှနုတ်ထွက်လိုက်ရသောကြောင့် နေရာ ၂ ခု လွတ်သွားခဲ့သည်။ Deloitte မြန်မာရုံးခွဲ၏ အကြီးအကဲဟောင်း ဦးစိုးဝင်းကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ဦးသောင်းထွန်းကို MIC ၏ ဥက္ကဋ္ဌအဖြစ် ထားရှိခဲ့သည်။

ဇူလိုင်လတွင် MSDP ကို ဦးဆောင်လုပ်ကိုင်နေသော ဦးဆက်အောင်သည် ကျောက်ဖြူအထူးစီးပွာရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းနှင့်အတူ ခန့်အပ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကုန်ကျစရိတ်ကို ဒေါ်လာ ၇ ဒသမ ၃ ဘီလျံမှ ၁ ဒသမ ၃ ဘီလျံအထိ လျှော့ချခဲ့သည်ဟု ရိုက်တာသတင်းဌာနက သြဂုတ်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။ ဦးဆက်အောင်က သတင်းဌာနများကို ပြောကြားရာတွင် စီမံကိန်းအတွက် ထောက်ပံ့နေသော ချေးငွေများအတွက် မြန်မာနိုင်ငံက အာမခံမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ကြွေးယူရမည့်ကိစ္စရပ်ကို ရှောင်လွဲသွားမည်ဟုဆိုသည်။

စက်တင်ဘာလ ၉ ရက်တွင် ဦးစိုးဝင်း လက်မှတ်ရေးထိုးခဲ့သော CMEC နားလည်မှုစာချွန်လွှာကို သိရှိသူများက မြန်မာနိုင်ငံသည် ကြွေးတင်နိုင်ခြေများသော စီမံကိန်းများကိုဖယ်ရှားရန် ဆွေးနွေးနိုင်ခဲ့ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူများကို အလွန်အကျွံ အခွင့်အရေးပေးထားသော အခြေအနေများကိုလည်း ဖယ်ရှားခဲ့သည်ဟု ပြောကြားကြသည်။

မြန်မာနှင့် တရုတ်တို့သည် နယ်ပယ် ၁၂ ခုတွင် လုပ်ဆောင်ရန် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းမည်ဖြစ်သည်။ ယင်းနယ်ပယ်များတွင် ဖွံ့ဖြိုးရေးစီစဉ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်နှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တို့ဖြစ်ကြကြောင်း Global Times သတင်းစာက ဖော်ပြသည်။

ဦးစိုးဝင်းသည် CMEC က မြန်မာနိုင်ငံ၏ ဦးစားပေးအချက်များနှင့် ကိုက်ညီစေရန်၊ ဘဏ္ဍာရေးအရ သင့်တော်စေရန်၊ ၂ နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေရန် အကောင်းဆုံးဆောင်ရွက်မည်ဟု ယုံကြည်ရသည်။ သို့သော် Frontier က အင်တာဗျူးသောလူများကမူ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူ ဆွေးနွေးနိုင်မှုတို့သည် မရှိမဖြစ်လိုအပ်သည်ဟု ပြောဆိုဝေဖန်ကြသည်။

ဦးသန့်နေအိမ်နှင့် မြန်မာ့အရေးလေ့လာသည့် ယူနန်တက္ကသိုလ် Yunnan University Institute of Myanmar Studies တို့ မေလတွင်ပြုလုပ်သော CMEC နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတွင် ဦးသန့်မြင့်ဦးက အခြေခံအဆောက်အအုံ အကြီးစားစီမံကိန်းများသည် နိုင်ငံတဝန်း လူ့အဖွဲ့အစည်းအပေါ် များစွာ အကျိုးသက်ရောက်နိုင်သည်ဟု ဖော်ပြခဲ့သည်။

“အနာဂတ်မှာပြုလုပ်မယ့် စီမံကိန်းတွေမှာ မြန်မာနိုင်ငံရဲ့ ထွန်းသစ်စ ဒီမိုကရေစီယဉ်ကျေးမှုကို မထိခိုက်စေအောင် အကောင်းဆုံး ဆွေးနွေးလုပ်ဆောင်ဖို့ စဉ်းစားရပါမယ်” ဟု သူကဆိုသည်။

ယင်းမှာ မြန်မာနိုင်ငံက အရယူရမယ့် အခွင့်အလမ်းကောင်း တစ်ခုလည်းဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက အရေးကြီးပါတယ်။ ဒါ့ပြင် ဒါဟာ ကစားပွဲကို ပြောင်းလဲစေမယ့်အရာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် တခြားပြဿနာတွေပါ ပြေလည်သွားနိုင်ပါတယ်” ဟု သူကဆိုသည်။

ကျော်လင်းထွန်းနှင့် သောမတ် ကင်းန်တို့ အားဖြည့်ရေးသားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မန္တလေးမှ ရှမ်းပြည်နယ် လားရှိုးသွားလမ်းမပေါ်က ဂုတ်ထိပ်တံတား။ ဓာတ်ပုံ – ကျော်လင်းထွန်း

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar