တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ထူထောင်သည့် နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပမည့် နိုင်ငံစုံရေတပ်ပြပွဲသို့ ပါဝင်တက်ရောက်မည့် မြန်မာနိုင်ငံမှ ရေတပ်သင်္ဘောတစ်စီးလည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။
တပ်မတော်(ရေ)မှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၁၇၄ ဦး လိုက်ပါသွားသည့် စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ဧပြီ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ဧပြီ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ချင်းတောင် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
“စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ရန်ကုန်ဆိပ်ကမ်းမှ ချင်းတောင်ဆိပ်ကမ်းသို့ ရေမိုင်ပေါင်း ၃,၈ဝဝ ကျော်အား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံရေပြင်များနှင့် အက်ဒမန်ပင်လယ်၊ မလက္ကာရေလက်ကြား၊ တောင်တရုတ် ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါတို့အား ဖြတ်သန်း မောင်းနှင်ခဲ့ပြီး လမ်းခရီးတစ်လျှောက် ရေယာဉ်ပေါ် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်” ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ ၂၂ ရက်နေ့က စတင်ကာ လေးရက်ကြာပြုလုပ်မည့် အဆိုပါအထိမ်းအမှတ် ရေတပ်ပြပွဲ၌ ပါဝင်ရန် နိုင်ငံပေါင်း ၆၀ ကျော်မှ ရေတပ်ကိုယ်စားလှယ်များနှင့် နိုင်ငံ ၁၀ ခုကျော်မှ သင်္ဘောများအား ဖိတ်ကြားထားသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ဆင်ဖြူရှင်သင်္ဘောသည် ချင်းတောင်မြို့အနီး ပင်လယ်ပြင်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်နှင့် အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့်အတူ China-ASEAN Joint Maritime Exercise ပြုလုပ်ခြင်းတွင်လည်း ပါဝင် ဆောင်ရွက်သွားမည်ဟု တပ်မတော်က ပြောကြားသည်။
အဆိုပါလေ့ကျင့်မှုတွင် ပုံပြုမောင်းနှင်ခြင်း လေ့ကျင့်ခန်းများ၊ ရေယာဉ်ပေါ် တက်ရောက်ရှာဖွေ စီးနင်းသိမ်းပိုက်ခြင်း လေ့ကျင့်ခန်းများ၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ၊ ရဟတ်ယာဉ်များ အပြန်အလှန် ဆင်းသက်ခြင်း လေ့ကျင့်ခန်းများ၊ ဆက်သွယ်ရေး လေ့ကျင့်ခန်းများနှင့် ဒဏ်ရာရလူနာများ သယ်ယူရွှေ့ပြောင်းခြင်းနှင့် ကုသမှုလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။