တရုတ်၊ ရခိုင်တပ်တော် နှင့် မြန်မာအစိုးရ၏ အဖြေ

အေအေသည် ရခိုင်ပြည်နယ်၌ လူထုထောက်ခံမှုရရှိခြင်းကြောင့် တိုက်ပွဲရလဒ်ကိုပြောင်းလဲသွားနိုင်စွမ်းရှိလာရာ တရုတ်နိုင်ငံ၏ဩဇာကို နာခံလိုမှုတဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။

ယွန်ဆန် ရေးသားသည်။

ရခိုင်တပ်တော် ပေါ်ပေါက်လာခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကြန့်ကြာနေရပြီး ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်များအဆုံးသတ်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကြီးစွာသော ပြဿနာတစ်ရပ် ဖြစ်ပေါ်လာစေသည်။

၂၀၁၉ ဇန်နဝါရီလကတည်းက ရခိုင်နှင့် ချင်းပြည်နယ်တွင် အေအေနှင့် တပ်မတော်တို့ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ပြည်နယ်တွင်း မငြိမ်သက်ခြင်းများ၊ လုံခြုံမှုမရှိခြင်းများ၊ စစ်အတွင်း သေကြေပျက်စီးရခြင်းများကို ဖြစ်ပေါ်စေသည်။ ထိုသို့တိုက်ခိုက်နေရမှုကြောင့် သက်ဆိုင်ရာအင်အားစုတို့မှာ အချိန်၊ ငွေနှင့် ရှိသမျှရင်းမြစ်တို့ကို စေ့စပ်ဆွေးနွေးမှု ညှိနှိုင်းပြောဆို အဖြေရှာမှုတို့တွင် ပုံသြ၍ မသုံးနိုင်တော့ဘဲ ပဋိပက္ခများတွင်သာ ကုန်ခမ်းသွားရတော့သည်။

အေအေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဖြစ်သည့်ပဋိပက္ခများကြောင့် ယခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတော်အဆင့်မှာ ရှုပ်ထွေးမှုများဖြစ်စေပြီး ဒေသတွင်းမဲပေးမှုများတွင်လည်း အဟန့်အတားများ ဖြစ်ပေါ်စေသည်။

တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပဋိပက္ခဖြစ်နေသည့် ဒေသတွင်းသို့ ဒုက္ခသည်များ ပြန်လည်ခေါ်ယူဖို့ အဆင်မပြေဖြစ်နေပြီး ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့်နေရာမှာလည်း တိုးတက်မှု နှေးကွေးနေရသည်။

အခြေခံကျသည့် မေးခွန်းတစ်ခု

အေအေနှင့်ပတ်သက်ပြီး လူမေးနေသည့် မေးခွန်းတစ်ခုကတော့ -တရုတ်က အေအေကို တိုက်ပွဲတွေရပ်တန့်ဖို့ ဘယ်တော့ဝင်စွက်မလဲ

ဒီမေးခွန်းက သင့်တော်ပြီး လက်ခံနိုင်စရာတော့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ အေအေဆိုပြီး ဖြစ်လာရတာက တရုတ်နှင့်အချိတ်အဆက် ခိုင်ခိုင်မာမာရှိနေသော လက်နက်ကိုင်အင်အားစုများနှင့် ထဲထဲဝင်ဝင်ကို ပတ်သက်နေသောကြောင့်ဖြစ်သည်။

အေအေဆိုတာ တရုတ်မြန်မာနယ်စပ်က လိုင်ဇာမှာ ဌာနချုပ်ရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကနေဖြစ်ပေါ်လာတာဖြစ်ပြီး ကေအိုင်အေအထောက်အပံ့ဖြင့် ကြီးထွားလာ၍ဖြစ်သည်။ မကြာမီကမှ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပို၍ထိတွေ့ဆက်ဆံမှုများရှိလာသည်။ ယင်းနှစ်ဖွဲ့စလုံးက တရုတ်မြန်မာနယ်စပ်တလျှောက်မှာ အခြေစိုက်သော အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည်။ ကေအိုင်အေရော၊ ဝ တပ်ဖွဲ့ပါ တရုတ်၏သြဇာလွှမ်းမိုးခံရပြီး အနေအထားချင်းသာ ကွဲပြားစေကာမူ တရုတ်အကြိုက် လိုက်နေရသည်။

နိုင်ငံရေးနည်းအရဆိုလျှင် အေအေသည် ဝ တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAOs ခုနစ်ဖွဲဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည်။ စစ်ရေးနည်းအရဆိုလျှင် ကေအိုင်အေ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့မှဖြစ်သည်။

အေအေရဲ့တိုက်စစ်တွေကို တရုတ်ကတားနိုင်တယ်ဆိုတဲ့ အပြောအဆိုတွေက အေအေသည် တရုတ်သြဇာခံ (အထူးသဖြင့် UWSA) ၏ သြဇာခံဖြစ်နေလို့ ဆိုသည့်ကောက်ချက်များမှလာခြင်းဖြစ်သည်၊ ယင်းတို့ကြောင့် တရုတ်က အေအေကို တိုက်ရိုက်သော်လည်းကောင်း၊ ဝ တပ်ဖွဲ့ကတဆင့်သော်လည်းကောင်း သူ့သဘောထားကို အတိအလင်း ဖော်ပြနိုင်သည့်အခွင့်အရေးရှိသည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်။

အေအေသည် လက်နက်နှင့်ဆေးဝါးများ တရားမဝင် ရောင်းဝယ်ခြင်းကဲ့သို့ သီးခြားဝင်ငွေအရင်းအမြစ်များကို တည်ဆောက်ထားခြင်းကြောင့် ငွေရေးကြေးရေးအရ ဝ တပ်ဖွဲ့နှင့် ကေအိုင်အေကို အပြည့်အဝ မှီခိုနေစရာမလိုသော်လည်း ဝ တပ်ဖွဲ့သည် အေအေကို လက်နက်ထောက်ပံ့ခြင်းကြောင့် လွှမ်းမိုးမှုနိုင်မှုရှိပြီး ချယ်လှယ်နိုင်သည့် သဘောဆောင်နေသည်။ သဘောတရားကတော့ ရိုးရိုးလေးပင်ဖြစ်သည်။ တရုတ်က အေအေ၏တိုက်ခိုက်စွမ်းရည်ကို ပိတ်ပစ်ချင်ရင် ဝ တပ်ဖွဲ့ကို အေအေထံ လက်နက်ရောင်းမပေးဖို့ ပြောလိုက်ရုံသာဖြစ်သည်။

ဒုတိယမေးခွန်း

ဒါဆိုရင် နောက်မေးခွန်းတစ်ခု မေးစရာရှိလာပြီ။ ဘာကြောင့် တရုတ်က အေအေနဲ့ ရခိုင်ကတိုက်ပွဲတွေကို မတားတာလဲ။

ယင်းသည်လည်း ကျိုးကြောင်းသင့် မေးခွန်းတစ်ခုဖြစ်ပါသည်။ အေအေ၏ထိုးစစ်တို့က တရုတ်အတွက် အကျိုးစီးပွားဖြစ်သည်တော့ မဟုတ်ပေ။ တရုတ်သည်လည်း ပဋိပက္ခများ၊ မငြိမ်မသက်မှုများကြောင့် သဘောမတွေ့ဖြစ်နေရသည့်အပြင် အေအေ၏စစ်ဆင်ရေးများသည် တရုတ်အတွက် တကယ့်ပြဿနာများကို ဖြစ်ပေါ်စေသည်။ တရုတ်၏အနောက်တောင်ပိုင်း ယူနယ်ပြည်နယ်မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်သွားလာနိုင်မည့် မဟာဗျူဟာစင်္ကြံလမ်းရှိရာ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တို့က ထိုးစစ်များဆင်နွှဲနေပြီး ရခိုင်တွင်လည်း အေအေက ထိုးစစ်ဆင်နေသည်။

ထိုနေရာတို့မှာ တရုတ်စီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးစေခြင်းထက် တရုတ်နယ်စပ်မှ ကုန်သွယ်မြို့ဖြစ်သော မူဆယ်နှင့်မန္တလေးကိုသွားသည့် အဓိကအဝေးပြေးလမ်းပေါ်မှာ တိုက်ပွဲများကြောင့် လမ်းများပိတ်ခဲ့ရသည်။ ယင်းအဝေးပြေးလမ်းသည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးကြီးသော အသက်သွေးကြောဖြစ်ပြီး အလွယ်တကူ ထိခိုက်နိုင်သည့်လမ်းကြောင်းလည်းဖြစ်သည်။ လွန်ခဲ့သည့် သြဂုတ်က အေအေ၊ တအာင်းနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့က ပြင်ဦးလွင်မှ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရဲစခန်းများ၊ ရှမ်းပြည်အနီးတဝိုက်က နေရာအချို့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းကြောင့် အဆိုပါအဝေးပြေးလမ်းကို ရက်အတော်ကြာ ပိတ်ထားခဲ့ရသည်။

အေအေကရော ရပ်သွားမှာလား

သြဂုတ်က တိုက်ခိုက်မှုအပြီး တရုတ်က သူ့စိုးရိမ်မှုတွေကို အတိအလင်းဖော်ပြပြီး အေအေကို ဖိအားပေးဖို့ ကြိုးစားလာပေမဲ့ အကြောင်းထူးခဲ့ပုံမရဘူးဟု ဆိုကြသည်။ ယင်းက အေအေကိုထိန်းချုပ်ဖို့ တကယ်တော့ တရုတ်မှာ အကန့်အသတ်များရှိနေသည်ဟူသော အထောက်အထားကို တွေ့လာရခြင်းပင်ဖြစ်သည်။ နောက်အကြောင်းတစ်ခုကလည်း ဝတပ်ဖွဲ့က တရုတ်သြဇာ အပြည့်အဝသက်ရောက်ခံ မဟုတ်ဘူးဟု ဆိုနိုင်သကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သူ့ဒေသထဲမှာ လက်နက်များထုတ်ပြီး အေအေကို ရောင်းနေနိုင်သည်။ အခြားအကြောင်းတစ်ခုကလည်း ဝ တပ်ဖွဲ့သည် အေအေကို လက်နက်ရောင်းရာမှာ တစ်ဦးတည်း လက်ဝါးကြီးအုပ်ထား၍မရ ဟုဆိုနိုင်သည်။ အေအေသည် စီးပွားရေး တောင့်တင်းလာသည်နှင့်အမျှ လက်နက်များကို အခြားနိုင်ငံ မှောင်ခိုဈေးကွက်များကနေ ဝယ်ယူနိုင်လာသည်။

အေအေသည် အစောပိုင်းက အင်အားတောင့်တင်းမှု သိပ်မရှိခဲ့သော်လည်း စွမ်းဆောင်ရည်မြင့်မားလာမှု၊ စစ်ရေး အောင်မြင်မှု၊ ဒေသတွင်း အင်အားတောင့်တင်းလာမှုတို့ကြောင့် သူ့ကို လျစ်လျူရှုထား၍မရ ဖြစ်လာသည်။ ၎င်းသည် တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း၊ မြန်မာပြည်တွင်းနှင့်ပြည်ပရှိ အားပေးထောက်ခံကြသူများ၏ လှူဒါန်းမှုများစသော တရားမဝင်နည်းလမ်းများဖြင့် အရာရောက်သော ဘဏ္ဍာရေးအင်အားများ ရရှိကာ စီးပွားရေးတောင့်တင်း ခိုင်မာလာသည်။

အေအေသည် စီးပွားရေးနှင့် နိုင်ငံရေးအရ တောင့်တင်းလာသည့်အတွက် တပ်သားသစ်များကို တိုးချဲ့စုဆောင်းရန် ပိုမိုဆွဲဆောင်လာနိုင်သည်။ ထို့ကြောင့် ရှင်သန်ရပ်တည်ဖို့အတွက် ရုန်းကန်နေရသော သေးငယ်ပြီး အင်အားချည့်နဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု မဟုတ်တော့ပေ။

ရခိုင်လူထုသည် အေအေ၏ တရားဝင်ဖြစ်တည်လာခြင်း၊ အင်အားတောင့်တင်းလာခြင်း၊ ကိုယ်ပိုင်ရပ်တည်နိုင်လာခြင်းတို့၏ အခြေခံအင်အားဖြစ်သည်။ သို့ဖြစ်၍ ရခိုင်လူမျိုးများကြားတွင် တဖြည်းဖြည်း ရေပန်းစားလူကြိုက်များလာခြင်းသည် အေအေတိုးတက်လာခြင်း၏ အဓိကကျသည့် အကြောင်းရင်းပင် ဖြစ်သည်။ ရခိုင်လူမျိုးတို့သည် သူတို့၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များ ငြင်းပယ်ခံနေရသည်ဟု ယူဆပြီး စိတ်ပျက်နေကြသည့်အပြင် ဒီမိုကရေစီနည်းအရ လုပ်ငန်းစဉ်များကိုလည်း ယုံကြည်မှု နည်းလာခဲ့ကြသည်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက ရခိုင်လွှတ်တော် ၄၇ နေရာထဲက ရွေးကောက်ခံ ၃၅ နေရာတွင် ရခိုင်အမျိုးသားပါတီက ၂၂ နေရာ အနိုင်ရခဲ့သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ကိုး နေရာသာ အနိုင်ရခဲ့သည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးကို အင်န်အယ်လ်ဒီထဲမှ လူကိုသာ ခန့်အပ်ခဲ့ခြင်းက အေအေကို ပိုမိုအင်အားတောင့်တင်းသော လက်နက်ကိုင်အင်အားစုအဖြစ် ဖြစ်ပေါ်လာစေခဲ့သည်။

အေအေကို လူထုထောက်ခံလာမှုသည် ကစားပွဲကို တမျိုးတဖုံပြောင်းလဲသွားစေသည်။ အေအေသည် အခြားအဖွဲ့ကြီးများ၏ လက်ဝေခံအဖြစ် မှီခိုအသက်ရှင်နေရသူ မဟုတ်တော့ပေ။ ဒါ့ပြင် ပြည်နယ်လူထု အများစုပါဝင်သော ရခိုင်လူမျိုးများ၏သဘောထားကို ထင်ဟပ်စေသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ပေါ်လွင်လွင် ရပ်တည်လာနိုင်သည်။ ယင်းသည် ကချင်ပြည်နယ်တွင် ကေအိုင်အေကိုထောက်ခံသော ကချင်လူမျိုးပမာဏထက် ပိုလေသည်။ ပြည်နယ်လူထုအများစု ပါဝင်သော လူထုထောက်ခံမှုသည် အေအေအတွက် ရပ်တည်နိုင်စွမ်းနှင့် တွန်းအားများဖြစ်စေသည့် အကြောင်းရင်းခံများဖြစ်သည်။

ရခိုင်လူထုထောက်ခံမှုသည် အေအေအပေါ်တွင်ရှိသော တရုတ်၏သဘောထားကို သိသာထင်ရှားစွာ သက်ရောက်စေသည်။ ပြည်သူ့စစ်ကို ဖန်တီးခဲ့သော မြှင့်တင်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီသည် လူထုထောက်ခံအားပေးမှု၏ အရေးပါပုံ၊ အင်အားကြီးမားပုံကို နက်နက်နဲနဲ သဘောပေါက်သူဖြစ်သည်။ ထို့ကြောင့် အေအေအပေါ်လူထုထောက်ခံမှုများရှိခြင်းကြောင့် ၎င်း၏စစ်ဆင်ရေးများသည် ရေတိုတွင် တရုတ်အတွက် ဆုံးရှုံးမှုများရှိနေနိုင်ငြားလည်း ရခိုင်ပြည်နယ်တွင်းတွင် အရေးပါသော စီးပွားရေး အကျိုးစီးပွားများ ရှိနေသည့်အတွက် ရခိုင်လူထု၏ မလိုလားမနှစ်မြို့မှုများမှ ရှောင်ရှားရန် အေအေကို ဆန့်ကျင်မှုလုပ်လိမ့်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။

အခြေခံကျသော မေးခွန်း

မြန်မာအစိုးရနှင့် တပ်မတော်သည် အေအေ၏ တရားဝင်ဖြစ်တည်လာခြင်းနှင့် အသိအမှတ်ပြုခံလာရခြင်းကို ငြင်းဆန်ရန်ဆန္ဒနှင့် ဘယ်လိုအကြောင်းပြချက်များရှိရှိ ယင်းအဖွဲ့အစည်း၏ နိုင်ငံရေးအရ တရားဝင် ဖြစ်တည်လာမှုနှင့် စစ်ရေးစွမ်းရည်တို့သည် သူတို့ထိန်းချုပ်နိုင်မှုမှ ကျော်လွန်လာနေသည်ဟူသော အမှန်တရားကိုတော့ ရင်ဆိုင်နေရပါသည်။

စစ်ရေးအရ အဆုံးအဖြတ်ပေးနိုင်သော အောင်ပွဲမရခဲ့ဘူးဆိုပါလျှင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် စေ့စပ်ညှိနှိုင်းခြင်းတို့ပါဝင်သော နိုင်ငံရေးနည်းနှင့် အဖြေရှာရန်သာ ရွေးချယ်စရာရှိတော့သည်။ ရှည်လျားသော စစ်ပွဲတို့ကြောင့် ခြေကုန်လက်ပန်းကျပြီးနောက် နောင်မှာဖြစ်လာမည့် မည်သည့်အရာမဆို မြန်မာအစိုးရ ရွေးချယ်ရမည်သာ ဖြစ်ပါသည်။ သို့သော် ရခိုင်မှာဖြစ်သည့်အခြေအနေများမှာ တရုတ်တွင် တာဝန်ရှိသည်ဟု စွဲကိုင်ထားမည်ဆိုရင်တော့ ပြဿနာများ ဖြေရှင်းနိုင်ရန် အလားအလာမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အေအေ၏ စစ်ခင်းနိုင်သည့်စွမ်းရည်သည် တရုတ်ပေါ်တွင် တည်မှီမနေပေ။

နောက်ဆုံးတော့ ပဋိပက္ခများ ဖြေရှင်းနိုင်ဖို့ဆိုသည်မှာ မြန်မာအစိုးရကသာ အဖြေရှာရမည် ဖြစ်ပေသည်။

ဦးကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar