တရုတ်အစိုးရက ကျောက်ဖြူ- မူဆယ်ရထားလမ်းဖောက်လုပ်ဖို့ အစဉ်တစိုက် တိုက်တွန်းနေချိန်မှာပဲ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ကွက် အလားအလာကောင်းတွေ၊ အထူးသဖြင့် ကားဈေးကွက်နဲ့ ကျွဲနွားမွေးမြူတင်ပို့မယ့်ဈေးကွက်ကို ဖော်ဆောင်လုပ်ကိုင်ဖို့ တရုတ်စီးပွားရေးသမားတွေက မျှော်မှန်းကြိုးပမ်းလာနေကြပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်သွယ်မှုပြပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ် ပြုလုပ်တဲ့ ပွဲဖြစ်ပြီး တရုတ်ဘက်မှာ တစ်ကြိမ်၊ မြန်မာဘက်မှာ တစ်ကြိမ် နှစ်စဉ် အလှည့်ကျ ကျင်းပနေကျပါ။
အခုနှစ် ကုန်သွယ်မှုပြပွဲကို မြန်မာနိုင်ငံဘက်က စီးပွား-ကူးသန်းဒုဝန်ကြီး ဦးအောင်ထူးနဲ့ အစိုးရတာဝန်ရှိသူတွေ တက်ကြပါတယ်။ ပွဲအတွင်းမှာ တစ်ဘက် တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဒုဝန်ကြီးဟာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မြန်မာ့သတင်းစဉ် အပါအဝင် သတင်းမီဒီယာ တချို့ကို အင်တာဗျူးပေး၊ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေထဲမှာ တရုတ်နိုင်ငံဘက်က စီးပွားရေးဆိုင်ရာ ခြေလှမ်းတွေနဲ့ မြန်မာဘက်က အကြမ်းဖျဉ်းသဘောထားတွေ ပါတာမို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီကိစ္စတွေအကြောင်း သုံးသပ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ဒုဝန်ကြီး ဦးအောင်ထူးနဲ့ တွေ့ဆုံချိန် တရုတ်ဘက်က ထူးထူးခြားခြား တောင်းဆိုတာ တစ်ခုက သူတို့ နိုင်ငံထုတ် ကားတွေကို နယ်စပ်ကုန်သွယ်ရေးကနေ တဆင့် တင်သွင်းခွင့် ပေးဖို့ပါ။ လက်ရှိ မြန်မာနိုင်ငံ အစိုးရရဲ့ ပေါ်လစီမှာ လယ်ယာသုံး ထွန်စက်၊ စက်ယန္တရားတွေ၊ ဆိုင်ကယ်တွေကို နယ်စပ်ကုန်သွယ်ရေးကနေ တင်သွင်းခွင့် ပြုထားပေမဲ့ အိမ်စီးကားတွေကိုတော့ ပင်လယ်ရေကြောင်း တစ်ခုကနေပဲ တင်သွင်းခွင့် ပြုထားတာပါ။
တရုတ်ဘက်က အခုလို တောင်းဆိုလာရတာကလည်း အကြောင်းရှိပါတယ်။ မြန်မာအစိုးရဟာ ၂၀၁၈ ဇန်နဝါရီ တစ်ရက်နေ့ကစပြီး ကားတင်သွင်းခွင့် စည်းကမ်းသတ်မှတ်ချက် ပြောင်းလိုက်ပြီ ဖြစ်လို့ပါပဲ။ နဂိုက အိမ်စီးကား တင်သွင်းခွင့်မှာ ဘယ်မောင်း၊ ညာမောင်း ကန့်သတ်ချက် မထားဘဲ တင်သွင်းခွင့် ပြုထားတော့ ကုန်သည်တွေ အဓိက တင်သွင်းကြတာက ဂျပန် တစ်ပတ်ရစ် ညာဂိုင်း ကားတွေကိုပါ။ ဒီကားတွေဟာ မြန်မာနိုင်ငံရဲ့ လကျ်ာကပ်မောင်း စနစ်နဲ့ လုံးဝ မကိုက်ညီပေမဲ့ အစိုးရအဆက်ဆက်က တင်သွင်းခွင့်ပြုထားခဲ့တဲ့ ပြဿနာကြီးတစ်ခုပါ။ အခု အဲဒီ စည်းကမ်းသတ်မှတ်ချက် ရုတ်တရက် ပြောင်းလဲလိုက်တဲ့အတွက် မြန်မာနိုင်ငံထဲက ဂျပန်တစ်ပတ်ရစ် ကားတင်သွင်းတဲ့ လုပ်ငန်းကြီး ရပ်ဆိုင်းတော့မယ့် အနေအထားအထိ ရောက်လာပါတယ်။
အခြားတစ်ဘက်မှာတော့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာ၊ ပြည်ပကနေ တင်သွင်းပြီး Showroom တွေမှာ တဆင့်ပြန်လည် ရောင်းချတာ လုပ်နေတဲ့ ဘယ်ဂိုင်း ကားအသစ် ဈေးကွက်ကလည်း အတော်လေးကို သေးငယ်နေသေးတဲ့ အချိန်ပါ။ ဂျပန်တစ်ပတ်ရစ်ကားတွေ တစ်နှစ် ပျမ်းမျှ အစီးရေ တစ်သိန်းသုံးသောင်းကျော် သွင်းနေချိန် ကားအသစ်ဈေးကွက်က တစ်နှစ် ၅,၀၀၀-၆,၀၀၀ ထက် ပိုမရောင်းရပါဘူး။
ဒါတွေကိုကြည့်ရင် တရုတ်ဘက်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရှေ့လှမ်းမယ့် ခြေလှမ်းတွေကို မြင်တွေ့နိုင်ပါတယ်။ မြန်မာအစိုးရရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၉ လတာ နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းတွေကြည့်ရင် ကုန်သွယ်မှု စုစုပေါင်း ၅ ဒသမ ၆ ဘီလျံ တန်ဖိုးရှိပြီး အဲဒီအထဲကမှ မူဆယ် နယ်စပ် တစ်ခုတည်းကနေပဲ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံဖိုးလောက် ကုန်သွယ်ခဲ့တာ တွေ့နိုင်ပါတယ်။
လက်ရှိ ဂျပန်တစ်ပတ်ရစ် ကားတင်သွင်းတာကို ပိတ်လိုက်သလို ဖြစ်တဲ့အတွက် မြန်မာနိုင်ငံထဲကို တင်သွင်းနေတဲ့ တစ်နှစ် ကားအစီးရေ ၁၃၀,၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၆၀၀ ကျော်ကနေ တစ်ဘီလျံလောက် ပမာဏ ရှိတဲ့ ဈေးကွက်ကြီးတစ်ခု လစ်ဟာသွားတဲ့ သဘောလည်း ဖြစ်နေပါတယ်။ ဒီနေရာကို တရုတ်က ဝင်ပြီး ရယူဖို့ ကြိုးစားနေတဲ့ သဘောပါ။
တစ်ဘက်မှာလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံလို လကျ်ာကပ်မောင်း လမ်းစနစ်တူတဲ့နိုင်ငံ ဖြစ်ပြီး ဘယ်ဂိုင်းကားတွေကိုချည်း အသုံးပြုနေတာ၊ ဂျပန်၊ ဥရောပက နာမည်ကြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ တရုတ်နိုင်ငံထဲမှာ အခြေစိုက်ပြီး ဖြစ်နေတာ၊ တရုတ်ပြည်မှာ လက်ရှိလူစီးများတဲ့ တန်ဖိုးနည်းကားတွေထဲမှာ မြန်မာနိုင်ငံ လိုအပ်ချက် ဖြစ်လာနိုင်တဲ့ ဒေါ်လာ တစ်သောင်းဝန်းကျင် ကားတွေ ထုတ်လုပ်နိုင်တာ စတဲ့ အချက်တွေကို တွက်ဆရင် မြန်မာ့ကားဈေးကွက်မှာ တရုတ်ကားတွေ လွှမ်းမိုးသွားနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ဒုဝန်ကြီး ဦးအောင်ထူးကတော့ ဒီနယ်စပ်ကနေ ကားတင်သွင်းခွင့် တောင်းတဲ့ ကိစ္စ၊ ပထမ တဆင့် တရုတ်ဘက်က မြန်မာနိုင်ငံထဲမှာ တရုတ်ကား အရောင်းပြခန်း Showroom တွေ လာဖွင့်ပါ။ ဈေးကွက်က လက်ခံလာရင် နယ်စပ်ကနေ တင်သွင်းခွင့် စဉ်းစားပေးနိုင်တယ် ဆိုပြီး ဖြစ်ပါတယ်။
တရုတ်ဘက်က နောက်ထပ်ဆွေးနွေးတဲ့ ကိစ္စကြီး တစ်ခုကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ အဆိုပြုခဲ့တဲ့ မြန်မာ-တရုတ် စီးပွားရေး စြင်္ကန်အတွက် မူဆယ်- မန္တလေး- ကျောက်ဖြူ ရထားလမ်း ဖောက်လုပ်ချင်နေတာပါ။ လက်ရှိတရုတ်နိုင်ငံ အစိုးရဟာ ယူနန်ပြည်နယ် ခွင်းမင်နဲ့ မြန်မာနယ်စပ်က ရွှေလီမြို့ကို ရထားလမ်းအပါအဝင် ဘက်စုံလမ်းမကြီးတစ်ခု ဖောက်လုပ်နေတာ ပြီးကာနီးပါပြီ။
လမ်းကြောင်းတလျှောက်မှာ အမြန်ကားလမ်း၊ ရထားလမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ထပ်ဆင့် စက်ရုံတွေ၊ ဘူတာလို ကြားခံစခန်းကြီးတွေပါဝင်တဲ့ ဘက်စုံလမ်းမကြီးပါ။ မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တွေပါတဲ့ စီမံကိန်းကြီးတစ်ခု တရုတ်ဘက်က အကောင်အထည်ဖော်ခွင့် ရထားပြီးပါပြီ။
ဒီရေနက်ဆိပ်ကမ်းနဲ့ စက်မှုန်ဇုန်ကြီးဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အနေနဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး ကုန်စည်ကူးသန်းဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် ယူနန်ပြည်နယ်နဲ့ ဆက်မိစေဖို့ မူဆယ်- မန္တလေး- ကျောက်ဖြူ ရထားလမ်း၊ ကားလမ်းမကြီးကို ဖောက်ချင်နေတာပါ။ စီမံကိန်းကို မြန်မာဘက်က လက်ခံမယ်ဆိုရင် မြန်မာဘက်ကပဲ ဖောက်ရမှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က ချေးငွေ၊ ဒါမှမဟုတ် ထောက်ပံ့ငွေတွေ ရနိုင်တယ်၊ မြန်မာနိုင်ငံဘက်က လက်ခံနိုင်ဖွယ်ရှိတယ်လို့လည်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုပါတယ်။
တရုတ်ဘက်က နောက်ထပ် တစ်ခု တောင်းဆိုတာက မြန်မာနိုင်ငံဘက်က ကျွဲနွား အရှင်တွေကို ဝယ်ယူလိုတယ်၊ အဲလို ဝယ်ယူတဲ့ နေရာမှာ ပိုးမွှားကင်းစင်ပြီး အရည်အသွေးမြင့်တဲ့ ကျွဲနွားတွေ ဖြစ်အောင် သူတို့ စီစဉ်ပေးနိုင်တယ်ဆိုတာပါပဲ။ သဘောကတော့ မြန်မာ့ရေမြေကို အသုံးချပြီး ငှက်ပျောသီး၊ ဖရဲသီးတွေ စိုက်ပြီး တရုတ်ပြည်ထဲ ပြန်တင်ပို့သလို၊ မြန်မာ့ရေမြေကို အသုံးချပြီး မွေးမြူရေးခြံကြီးတွေ တည်ထောင်၊ အဲဒီက ကျွဲနွားတွေကို တရုတ်ပြည်ဘက် ပြန်တင်ပို့ဆိုတဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ လက်ရှိ မြန်မာအစိုးရကလည်း ကျွဲနွားအရှင်တွေ နိုင်ငံခြား တင်ပို့ခွင့် ပြုထားပြီးပါပြီ။
ဒါတွေကိုကြည့်ရင် တရုတ်ဘက်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရှေ့လှမ်းမယ့် ခြေလှမ်းတွေကို မြင်တွေ့နိုင်ပါတယ်။ မြန်မာအစိုးရရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၉ လတာ နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းတွေကြည့်ရင် ကုန်သွယ်မှု စုစုပေါင်း ၅ ဒသမ ၆ ဘီလျံ တန်ဖိုးရှိပြီး အဲဒီအထဲကမှ မူဆယ် နယ်စပ် တစ်ခုတည်းကနေပဲ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံဖိုးလောက် ကုန်သွယ်ခဲ့တာ တွေ့နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရအနေနဲ့ တရုတ်ရဲ့ လိုအပ်ချက်၊ တရုတ်ကနေ မြန်မာနိုင်ငံထဲ ဘာတွေ လုပ်ချင်နေတယ်ဆိုတာလောက် ကြည့်မနေဘဲ၊ တရုတ်နဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေ အကောင်အထည်ဖော်သင့်သလဲဆိုတဲ့ ဦးဆောင် စီမံကိန်းမျိုး ချမှတ် အကောင်အထည်ဖော်သင့်နေပြီ ဖြစ်ကြောင်းပါ။