အေအက်ဖ်ပီ
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျှော့ချပေးဖို့ ကြိုးပမ်းမှုအနေနဲ့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးပေါင်းလေ့ကျင့်မှုကို အောက်တိုဘာ ၂၂ ရက်နေ့က စတင်လိုက်ပါတယ်။
စစ်သင်္ဘော ရှစ်စင်းဟာ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ဂျန်းဆိပ်ကမ်းကနေ ထွက်ခွာသွားပြီး အဲဒီလှုပ်ရှားမှုမှာ စစ်သည် ၁,၂၀၀ ပါဝင်ဆင်နွှဲမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အရေးဟာ တရုတ်နဲ့ အရှေ့တောင်အာရှ ပြိုင်ဘက်နိုင်ငံတွေအကြား တင်းမာမှုရဲ့အဓိက အကြောင်းအချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ရေတပ်အင်အား ကြီးစိုးထားတဲ့ အမေရိကန်နဲ့လည်း တောင်တရုတ်ပင်လယ်အရေးကြောင့် တင်းမာမှုကို ဖြစ်စေပါတယ်။
အငြင်းပွားနေတဲ့ပင်လယ်ပြင်မှာ တင်းမာမှုတွေ လျော့ကျစေပြီး တည်ငြိမ်မှုဖြစ်ထွန်းလာစေဖို့အတွက် ကြိုးစားမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရက်သတ္တပတ် တစ်ပတ်ကြာ လေ့ကျင့်မှုဆောင်ရွက်ကြဖို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ ရေတပ်တွေက သဘောတူညီခဲ့ကြပါတယ်။
လေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဒီလှုပ်ရှားမှုကို ပူးတွဲစီစဉ်ပေးတဲ့ စင်ကာပူအပါအဝင် ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က သင်္ဘောတွေ စေလွှတ်ခဲ့ကြတယ်လို့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာတို့ကတော့ လေ့လာသူတွေ စေလွှတ်ခဲ့ကြတယ်လို့ စီစီတီဗီက ပြောပါတယ်။
ဒီလေ့ကျင့်မှုမှာတော့ အုပ်စုဖွဲ့ထားချိန် ပူးပေါင်းရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တာအပြင် ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်မှုတွေ ပါဝင်မယ်လို့ မျှော်လင့်ရကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
စားပွဲပေါ် ကြိုတင်လေ့ကျင့်မှုကို တရုတ်နဲ့ အာဆီယံတို့ ပြီးခဲ့တဲ့သြဂုတ်လက စင်ကာပူမှာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ရေတပ်ပူးပေါင်းလေ့ကျင့်မှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကနေ လုံခြုံရေးအတွက် အကျိုးကျေးဇူးတွေအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ပေါ်စေမယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ စင်ကာပူ ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Lew Chuen Hong ကပြောပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလေ့ကျင့်မှုဟာ “အပြန်အလှန်ယုံကြည်မှု တိုးတက်စေမည်” ဖြစ်သလို “တရုတ်နဲ့ အာဆီယံနိုင်ငံများအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု တိုးတက်ရေးအတွက် အထောက်အကူပြုကာ ပင်လယ်ပြင်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ပူးပေါင်း တုန့်ပြန်နိုင်စွမ်းကို မြင့်တက်စေမည်”လို့ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကတော့ ဒီလေ့ကျင့်မှုဟာ အမေရိကန်အကျိုးစီးပွားနဲ့ “ဆန့်ကျင်” နေမယ်လို့ သူ မယုံကြည်ကြောင်း ဒီစစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့တဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးကို အောက်တိုဘာ ၁၉ ရက်နေ့က တက်ရောက်ခဲ့စဉ် ပြောကြားပါတယ်။