အေအက်ဖ်ပီ
မြန်မာနိုင်ငံမြောက်ပိုင်းမှ အားနွဲ့သော အမျိုးသမီးနှင့် မိန်းကလေးငယ် ထောင်ပေါင်းများစွာမှာ တရုတ်ပြည်သို့ ကုန်ကူးခံရပြီး အတင်းအကြပ် လက်ထပ်ခြင်း ခံနေရသည်ဟု ဒီဇင်ဘာ ၇ ရက်နေ့က အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။ ပဋိပက္ခများဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ရှားရှားပါးပါး ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
ဆယ်စုနှစ်နှင့်ချီကာ ကျင့်သုံးခဲ့သည့် ကလေးတစ်ယောက် မူဝါဒကြောင့် တရုတ်နိုင်ငံတွင် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေ ၃၃ သန်း ပိုမိုများပြားနေသည်။
ထိုသို့ ကွာဟနေမှုကို ဖြည့်ဆည်းရန်အတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆင်းရဲသည့် အမျိုးသမီးထောင်ပေါင်းများစွာမှာ သတို့သမီးများအဖြစ် ရောင်းချခြင်းကို နှစ်စဉ်ခံနေကြရသည်။ အချို့သော အမျိုးသမီးများက ၎င်းတို့ သဘောဆန္ဒအလျောက်ဖြစ်ကာ အချို့မှာမူ လှည့်ဖျားခံရခြင်း၊ သို့မဟုတ် လူကုန်ကူးခြင်းများကို ခံနေရသည်။
ထိုကိစ္စကို ပထမဆုံးသော သုတေသနပြုလုပ်မှုဖြစ်သည့် ဂျွန်ဟော့ကင်းဘလွန်းဘတ် ပြည်သူ့ကျန်းမာရေးကျောင်းက ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ ခန့်မှန်းခြေအမျိုးသမီး ၇,၅၀၀ မှာ တရုတ်ပြည်တွင် အတင်းအကြပ် လက်ထပ်ခိုင်းရန်အတွက် သားကောင်များဖြစ်နေကြသည်ဟု ဖော်ပြထားသည်။
လွတ်မြောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာကြသူများနှင့် တရုတ်နိုင်ငံတွင်း၌ပင် ရှိနေကြသူများအား မေးမြန်းထားမှုများအား အခြေခံထားသည့် လေ့လာမှုအရ လူကုန်ကူးခံရသူအများစုမှာ ၎င်းတို့ခင်ပွန်းများအတွက် ကလေးမေးရန် အတင်းအကြပ် ခိုင်းစေခြင်းခံသည်ဟု တွေ့ရှိရသည်။
“ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာရမှုများနှင့် ဆင်းရဲမှုများ”ကြောင့် အမျိုးသမီးများမှာ မြန်မာနိုင်ငံကို စွန့်ခွာခဲ့ကြသည်ဟု အစီရင်ခံရေးသားသူ W. Courtland Robinson က ပြောကြားသည်။ တချိန်တည်းမှာပင် “တရုတ်နိုင်ငံ၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျားမဦးရေ မညီမျှမှု”က သတို့သမီး လိုအပ်မှုကို မြင့်တက်လာစေသည်ဟုဆိုသည်။
သုတေသနပြုလုပ်သူများကို ဖြေကြားခဲ့သည့် အမျိုးသမီးတစ်ဦးက ၎င်းမှာ တရုတ်နိုင်ငံသို့ သုံးကြိမ်တိုင်အောင် လူကုန်ကူးခြင်းကို ခံခဲ့ရပြီး အကြိမ်တိုင်းတွင် “အတင်းအကြပ် ကလေးမွေးခိုင်းကြသည်” ဟု ပြောကြားကြောင်း ထိုင်းနိုင်ငံ ကချင်အမျိုးသမီးများအသင်းမှ မွန်းနေလီက ပြောကြားသည်။ ၎င်းသည် ကချင်နှင့် ရှမ်းပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် ကွင်းဆင်း သုတေသန ပြုလုပ်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။
“နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခတွေနဲ့ မြေယာသိမ်းဆည်းမှုတွေကြောင့် အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုကြီး ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းကပြောသည်။
တခါတရံတွင် လက်ထပ်မှုများကို အမျိုးသမီးများ၏ မိသားစုများနှင့် ကျေးရွာလူကြီးသူမများက ချိတ်ဆက် စီစဉ်ကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ အောက်ဆုံးအဆင့်တွင်ရှိနေသည့် သတို့သမီးလောင်းများမှာ ငြင်းဆန်နိုင်ခြင်း မရှိကြပေ။
အသက်အငယ်ဆုံးဖြစ်သည့် အမျိုးသမီးများမှာ ဈေးအမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ တစ်သောင်းမှ တစ်သောင်းခွဲကျော်အထိ ရရှိတတ်ကြသည်။
၎င်းတို့အတွက် တရုတ်နိုင်ငံရှိ လက်တွဲဖော်မှာ ကျေးလက်ဒေသများမှ အသက် ပိုကြီးသော၊ နေမကောင်းသော၊ သို့မဟုတ် မသန်စွမ်းသော အမျိုးသားများ ဖြစ်ကြသည်။ တရုတ် “ဟန်” လူမျိုးများက ထိုကဲ့သို့ အမျိုးသားများကို လိုလားဖွယ်မရှိသူများအဖြစ် မှတ်ယူထားကြသည်။ တချိန်တည်းမှာပင် အမျိုးသမီးများမှာလည်း စာရွက်စာတမ်းများ မရှိသောကြောင့် တရားဥပဒေအရ သောင်တင်ရေမကျ အဖြစ်သို့ သက်ဆင်းကြရသည်။
တခါတရံတွင် အမျိုးသမီးများမှာ ၎င်းတို့ခင်ပွန်းများအတွက် ကလေးယူပေးရန် “ငှားရမ်းခြင်း” ခံကြရပြီးနောက် ငွေကြေးပြန်လည်ရရှိရန် ခင်ပွန်းအသစ်များထံ အတင်းအကြပ် ပြန်လည်ရောင်းချခြင်း ခံကြရသည်ဟု လေ့လာမှုတွင် တွေ့ရှိရသည်။
အမျိုးသမီးအချို့မှာမူ အောင်မြင်သည့် အိမ်ထောင်ရေး ရရှိကြသည်ဟုဆိုသည်။ သို့သော အမျိုးသမီးများ၏ သဘောတူခွင့်ပြုချက်မှာ ရှုပ်ထွေးပြီး ကိစ္စတစ်ခုချင်းစီမှာလည်း ကွဲပြားနေသည်ဟု Robinson က ပြောသည်။
သို့သော် ပေါင်းစည်းမှုများအားလုံးမှာ “ခြိမ်းခြောက်မှု၊ အန္တရာယ်ဖြစ်စေမှု၊ သို့မဟုတ် ပြစ်ဒဏ်ပေးမှု” မပါဝင်ဘဲ ဖြစ်ပေါ်သင့်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တခါတရံတွင် သမီးမိန်းကလေးများမှာ “မိဘတွေကို ငြင်းဆန်ပြောကြားနိုင်ခြင်းမရှိပါဘူး” ဟု မွန်းနေလီက ပြောသည်။ “လူကုန်ကူးသူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့မိဘများထံ ငွေကြေးများ ပေးပြီးနောက်” လက်ထပ်ရေးအတွက် အတင်းအကြပ်ပြုလုပ်မှုကို ခံစားကြရသည်ဟုဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် အမျိုးသမီးထောင်ပေါင်းများစွာအား အိုးအိမ်စွန့်ခွာသွားစေသည့် ပဋိပက္ခများ ရပ်တန့်ရန် သုတေသနပြုလုပ်သူမျာက မြန်မာနိုင်ငံကို တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ဥပဒေစိုးမိုးစေရန်နှင့် အမျိုးသမီးများအား ခေါင်းပုံဖြတ်ခံရသူများအဖြစ် အသိအမှတ်ပြုစေရေးအတွက် လူကုန်ကူးမှုတားဆီးရေးအရာရှိများကို လေ့ကျင့်ပေးရန်လည်း တိုက်တွန်းထားသည်။