ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မူဆယ်တွင် ပြုလုပ်ခဲ့သည့်တိုက်ခိုက်မှုမှာ တရုတ်နိုင်ငံသားများကို ငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေသည့် လောင်းကစားရုံအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု တအာင်းအဖွဲ့က ပြောကြားသည်။
မေ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) က မူဆယ်မြို့အနီးသို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူ့စစ်များနှင့် TNLA တို့ နှစ်နာရီကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် အရပ်သားအများစုအပါဝင် ၁၉ ဦးသေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
သို့သော် TNLA ကမူ အစိုးရဘက်မှ ၃၂ ဦးအထိ သေဆုံးခဲ့ပြီး အများစုမှာ ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်မူ “တအန်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တပ်အင်အား အဆမတန်ဖြည့်တင်းမှုနှင့် ကချင်ပြည်နယ်အတွင်း မဟာမိတ် KIA နှင့် တိုက်ပွဲ ပြင်းထန်မှုကြောင့် ယခုကဲ့သို့ အသေးစား စစ်ဆင်ရေး ပြုလုပ်ရခြင်းဖြစ်သည်” ဟု TNLA က ပြောကြားခဲ့သည်။
သို့သော် မေ ၁၃ ရက်နေ့တွင် ထပ်မံပေါ်ထွက်လာသည့် ကြေညာချက်တွင်မူ တရုတ်နိုင်ငံသား ရာပေါင်းများစွာ ပြန်ပေးဆွဲခံရခြင်း၊ လောင်းကစားကြောင့် ငွေညစ်ခံရခြင်း၊ တောင်းသည့်ငွေ မပေးနိုင်သဖြင့် သတ်ဖြတ်ခံရခြင်းများရှိခဲ့သည့် ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံအား TNLA က ဝင်ရောက် ရှင်းလင်း တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုလောင်းကစားဝိုင်းအတွင်းတွင် တရုတ်နိုင်ငံသားများ ရာဂဏန်းနီးပါး သတ်ဖြတ် အစဖျောက်ခံရသည်ဟုလည်း ဖော်ပြထားသည်။
ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံသည် မူဆယ်-နမ့်ခမ်း ကားလမ်မ၊ မူဆယ်မြို့အဝင် နမ့်ပေါ်ပန်ခမ်း တံတားအနီးတွင် တည်ရှိပြီး မြန်မာစစ်တပ် ကျောထောက်နောက်ခံဖြင့် ဖွင့်လှစ်ထားသည်ဟု TNLA က ပြောကြားထားသည်။
“ထိုလောင်းကစားရုံသည် အကြီးစား (casino) ဒိုင်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသည့် မြန်မာစစ်တပ် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များက ကာကွယ်လုံခြုံရေး ပေးထားသည်” ဟုဖော်ပြထားသည်။
အဆိုပါ လောင်းကစားရုံသည် လောင်းကစားမှု မျိုးစုံပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မျိုးစုံ ရောင်းဝယ်သုံးစွဲသည့် နေရာတစ်ခုဖြစ်သလို ဝင်ရောက်ကစားပြီး အနိုင်ရရှိသူများအား ထိုလုံခြုံရေးတပ်ဖွဲ့၏ ငွေညှစ် အသက်ဖျောက်မှုများလည်း များစွာရှိခဲ့သည်ဟု ဖော်ပြထားသည်။
လောင်းကစားရုံကြောင့် ဒေသခံပြည်သူများမှာ လုယက်မှုများကို မကြာခဏခံနေရသလို မူးယစ်ဆေးဝါးကို လောင်းကစားရုံ၌ အချိန်မရွေး သုံးစွဲနိုင်မှုကြောင့် မူးယစ်သားကောင်ဘဝ ရောက်ခဲ့ရသည်ဟုလည်း ဆိုသည်။
“လောင်းကစားဝိုင်းသည် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်း၊ တရုတ်နိုင်ငံသားများအား လောင်းကစားများ အတင်းအဓမ္မ ကစားစေပြီး ငွေညစ်ခြင်း၊ ငွေမပေးနိုင်သူများကို သတ်ဖြတ်ခြင်းများ ယခုနှစ်ပိုင်းအတွင်း ပိုမို ပြုလုပ်လာသည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လောင်းကစားရုံက မြန်မာစစ်တပ်နှင့် အာဏာပိုင်များထံ အကျိုးအမြတ် ပုံမှန်ခွဲဝေပေးနေသည်ဟုလည်း စွပ်စွဲထားသည်။
မူဆယ်တွင် TNLA က ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို တရုတ်အစိုးရ ရှုံ့ချထားပြီး အရပ်သားများ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့သည်။