တရုတ်တွေ ကြီးစိုးလာတဲ့ မူဆယ်

Photo by Ann Wang

Photo by Ann Wang

အန်းဝမ် ရေးသားသည်။

ဓာတ်ပုံ- အန်းဝမ်

“ကျွန်တော့်အထင်ကို ပြောရရင် မူဆယ်က မြန်မာတစ်နိုင်ငံလုံးမှာ စီးပွားရေးလုပ်ဖို့ စိတ်အချရဆုံး နေရာပဲ” လို့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တရုတ်စီးပွားရေးသမား ချန်မူခန်းက ပြောပါတယ်။  ရှမ်းပြည်နယ် တောင်ပိုင်းက တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ သူက မိုဘိုင်းဖုန်းဟန်းဆက် အရောင်းဆိုင် လေးဆိုင်ပိုင်ဆိုင်ထားပါတယ်။

“မူဆယ်က မြန်မာနိုင်ငံက စီးပွားရေးအချက်အချာနေရာတွေထဲက တစ်ခုပဲ” လို့ သူက ပြောပါတယ်။ ဒီစည်ကားလှတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့လေးမှာ သူ နေထိုင်နေတာ လေးနှစ်ရှိနေပြီဖြစ်ပါတယ်။ “ဒီမှာ မတည်ငြိမ်မှု တစ်ခုခုဖြစ်ခဲ့ရင် မြန်မာပြည်ရဲ့ စီးပွားရေးလဲ ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် မူဆယ်က မြန်မာတစ်နိုင်ငံလုံးမှာ အလုံခြုံဆုံးနေရာလို့ ကျွန်တော်ယူဆထားတာ။ ဒါကြောင့်လဲ ကျွန်တော့်စီးပွားရေး စတင်ဖို့ မူဆယ်ကို ရွေးချယ်ခဲ့တာပဲ” လို့ မစ္စတာချန်က ပြောပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ မူဆယ်ကိုဖြတ်ပြီး တရုတ်နိုင်ငံနဲ့ တရားဝင် ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈ ဘီလျံဖိုး ရှိခဲ့တယ်လို့ The Nikkei Asian Review က ရေးသားထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကျော်လောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတော့ မူဆယ်ကတစ်ဆင့် သွင်းကုန်၊ ထုတ်ကုန် ကုန်သွယ်မှု စုစုပေါင်း တန်ဖိုးက ဒေါ်လာ တစ်ဘီလျံဖိုးလောက်ပဲ ရှိခဲ့တာပါ။

မူဆယ်မြို့ တစ်ဖက်ကမ်းက တရုတ်မြို့ဖြစ်တဲ့ ကြယ်ခေါင်မှာ မိုဘိုင်းဖုန်း လက်ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်ကတည်းက မြန်မာနိုင်ငံရဲ့ ဈေးကွက်အနေအထားကို မစ္စတာချန် သတိထားမိခဲ့ပါတယ်။

“မြန်မာပြည်တွင်းမှာ ပြန်ရောင်းဖို့အတွက် မြန်မာတွေ အပြန်မှာ ဝယ်သွားကြတဲ့ ဖုန်းဟန်းဆက်အရေအတွက်က တဟုန်ထိုး များပြားလာပါတယ်” လို့ သူကပြောပါတယ်။

ဒါပေမယ့် မြန်မာစီးပွားရေးသမားတွေထံ ဖုန်းတွေ လက်ကားရောင်းချရင်းနဲ့ သင်ခန်းစာတွေလဲ ရခဲ့ပါတယ်။

“သူတို့ ဖုန်းတွေ ရောင်းပြီးတဲ့အချိန်ကျမှ ပြန်ပေးနိုင်အောင် အကြွေးပေးလိုက်ပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော့ ပိုက်ဆံတွေ ပြန်မရပါဘူး။ အဲဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ မြန်မာနိုင်ငံထဲမှာ ကိုယ်ပိုင်ဆိုင် ဘာလို့ မဖွင့်နိုင်ရမလဲဆိုပြီးတော့ပေါ့” လို့ မစ္စတာချန်က ပြောပါတယ်။

ဒါက သူ့မူဆယ်ကို ရောက်လာခဲ့တဲ့ ခရီးအစဖြစ်ပါတယ်။

နံရံတစ်ခုလုံး မိုဘိုင်းဖုန်းဟန်းဆက်တွေနဲ့ ပြည့်နှက်နေတဲ့ သူ့ဆိုင်ထဲမှာထိုင်ရင်း သူက ပြောပြတာက ဝယ်သူအများစုဟာ မူဆယ်ဒေသခံတွေနဲ့ ရန်ကုန်၊ မန္တလေးလို မြို့တွေက အလည်လာကြသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာကျပ်ငွေ ဒါမှမဟုတ် တရုတ်ယွမ်ငွေ ကြိုက်တာနဲ့ ငွေပေးချေ ဝယ်ယူလို့ရပါတယ်။

ဒါပေမယ့် ငွေကြေးနှစ်မျိုးရဲ့ ငွေလဲနှုန်းတွေက မတည်ငြိမ်တာကြောင့် အမြတ်သိပ်မကျန်ဘူးလို့ သူကပြောပါတယ်။ ဈေးပေါပေါပစ္စည်းတွေကို အရေအတွက်များများ ရောင်းချခြင်းက သူအတွက် အမြတ်ရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

ဒေသခံ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးအိုက်ထွန်းကတော့ တရုတ် စီးပွားရေးသမားတွေကို မနာလိုဖြစ်မိတယ်လို့ ဆိုပါတယ်။

“ဒါပေမယ့် မူဆယ်အတွက်တော့ မဆိုးပါဘူး။ သူတို့က စီးပွားရေး လုပ်ငန်းမျိုးစုံ ယူလာကြတယ်။ တစ်ခါတစ်လေမှာ သူတို့ မိသားစုပါ ပါလာပြီး အခြေချနေထိုင်ကြတယ်။ သူတို့ကြောင့် ကျွန်တော့် စီးပွားရေးက ပိုကောင်းလာတယ်လေ။ ဒါကြောင့် သူတို့နဲ့ မပြိုင်ဆိုင်ချင်တော့ပါဘူး” လို့သူကပြောပါတယ်။

ဒါပေမယ့် မူဆယ်ဒေသခံတိုင်းက ဒီလိုသဘောထားမျိုး ရှိကြတာမဟုတ်ပါဘူး။

အလားအလာရှိတဲ့ မြန်မာလူငယ် စီးပွားရေးသမားတွေအတွက်ကတော့ အရင်းအနှီးမရှိတာကြောင့် ကိုယ်ပိုင်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

“တရုတ်ကုန်သည်တွေက ငွေထုတ်ပိုက်ပြီး ရောက်လာကြတာ” လို့ တရုတ်နိုင်ငံက ရူလီမြို့မှာ ပရိဘောဂ အရောင်းသမားအဖြစ် သုံးနှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် မူဆယ်ပြန်လာပြီး ကားမောင်းနေတဲ့ အသက် ၃၀ အရွယ် သန်းနိုင်ဦးကပြောပါတယ်။

“သူတို့က ငါးနှစ်စာ အခန်းငှားခကို ချက်ချက် ပေးနိုင်ကြတယ်” လို့သူကဆိုပါတယ်။

တရုတ်ပြည်မကြီးက ကုန်သည်တွေက ဝန်ထမ်းတွေကို မြန်မာလုပ်ငန်းရှင်တွေထက် ပိုပေးပြီး ငှားရမ်းနိုင်ကြတာကြောင့် မြန်မာလုပ်ငန်းတွေအတွက် ဝန်ထမ်းရရှိဖို့ အခက်အခဲတွေ တစ်စထက် တစ်စ ပိုပြီး တွေ့ကြုံလာရပါတယ်။ 

typeof=

“ကျွန်တော်ကတော့ တရုတ်ပိုင် ဆိုင်တွေမှာ ပိုပြီး လုပ်ချင်တယ်” လို့ ကိုဟန်ဝေေ၀ထွန်းက ပြုံးပြီး ပြောပါတယ်။ သူက မကြာသေးမီကမှ အထက်တန်းအောင်မြင်ထားတာဖြစ်ပြီး မစ္စတာချန်ရဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။

“ဒီမှာ တစ်လကို ကျပ် ၃၀၀၀၀၀ လောက်ရပြီး ရောင်းရရင် ကော်မရှင်ခလဲ ထပ်ရပါတယ်။ မြန်မာပိုင်ဆိုင်တစ်ဆိုင်မှာ လုပ်ရင် ဒီလောက်ပမာဏ ဘယ်တော့မှ ရမှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။

သူ့ရဲ့စီးပွားရေး အောင်မြင်မှုကြောင့် ဒေသခံတွေက မနာလိုဖြစ်ကြမှာ မကြောက်ဘူးလားလို့ မေးတဲ့အခါမှာ မစ္စတာချန်က မကြောက်ဘူးလို့ ဖြေပါတယ်။

“ဒီမြို့မှာရှိတဲ့ တခြားသူတွေလိုပဲ ကျွန်တော်လဲ ကျွန်တော့ ဘဝရပ်တည်ဖို့အတွက် လုပ်နေတာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့နဲ့ နေထိုင်ဖို့အတွက် လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းတွေလဲ ကျွန်တော့မှာ ရှိပါတယ်။ တစ်ခုခုဖြစ်ရင် ရဲတပ်ဖွဲ့က ကျွန်တော့ကို ကာကွယ်ပေးမယ်လို့ ယုံကြည်ပါတယ်” လို့သူကပြောပါတယ်။

တရုတ်နိုင်ငံ၊ အန်ဟွားဒေသခံဖြစ်တဲ့ မစ္စတာချန်က သူ့ဒေသကလူအတော်များများကို မူဆယ်ကိုလာပြီး ဘဝသစ်စကြဖို့အတွက် စည်းရုံးပြောကြားခဲ့ပါသေးတယ်။

“လမ်းမတစ်လျောက် လမ်းလျောက်ကြည့်လိုက်ပါ။ မိုဘိုင်းဖုန်းဆိုင်အတော်များများကို အန်ဟွားက ကျွန်တော်တို့ လူတွေ ပိုင်ဆိုင်ကြတာ တွေ့ရလိမ့်မယ်ဆိုတာ ကျွန်တော်အာမခံ ပြောရဲပါတယ်” လို့ သူက ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

မစ္စတာချန်းနဲ့ သူမိသားစု စိတ်ဝင်စားတာက စီးပွားရေးပါ။ နိုင်ငံရေးမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလိုက်တာက သူတို့ စီးပွားရေးနဲ့ မြန်မာတစ်နိုင်ငံလုံးအတွက် တစ်စုံတစ်ခု ထူးခြားမှုဖြစ်စေနိုင်မယ်လို့ ထင်သလားလို့မေးတဲ့အခါမှာ မစ္စတာချန်းရဲ့ ယောက်ဖဖြစ်သူက ခေါင်းခါပါတယ်။

“ကျွန်တော်တို့နိုင်ငံရေးကိစ္စ မပြောပါဘူး။ နိုင်ငံရေးကနေ ဝေးဝေးနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ စပြီး ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ စီးပွားရေးကဏ္ဍမှာ အာရုံစိုက်ဖို့ အချိန်ရောက်နေပြီလို့တော့ ကျွန်တော်တို့ ထင်တယ်” လို့ သူကပြောပါတယ်။

မစ္စတာချန်ရဲ့ယောက်ဖဟာ မူဆယ်ရောက်နေတာ တစ်နှစ်ရှိနေပြီဖြစ်တာကြာင့် မြန်မာနိုင်ငံအတွက် ရှေ့လျောက် တောက်ပတဲ့ အနာဂတ်ရှိနိုင်တယ်ဆိုတာ သူက မြင်တွေ့နေပါတယ်။

“မြန်မာနိုင်ငံက အလားအလာကောင်းတွေရှိတယ်ဆိုတာ့ တစ်ကမ္ဘာလုံးက သိကြပါတယ်။ ဒါပေမယ့် အဓိကက ဒီနိုင်ငံက ခေါင်းဆောင်က ဆုံးဖြတ်ချက် ခိုင်မာဖို့ လိုအပ်တယ်။ တစ်နေမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် ဟောင်ကောင်လို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘယ်လိုလဲဆိုတော့ တရုတ်နိုင်ငံသားတွေအတွက် သူတို့ပိုက်ဆံတွေ လာသုံးဖြုန်းကြရမယ့် နေရာတစ်ခုဖြစ်လာမှာပါ” လို့သူကပြောပါတယ်။

ဆန်းဦး ဘာသာပြန်သည်။

 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar