မြန်မာနိုင်ငံတွင် တရားမျှတခြင်းနှင့် လူ့အခွင့်အရေးကို လေးစားမှုရှိရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပြီး မည်သူ့ကိုမှ ချန်လှပ်မထားသည့် ဒီမိုကရေစနစ် ဖော်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့် အမျိုးသားပြန်လည် ကျေအေး သင့်မြတ်ခြင်းဟူသည့် ခက်ခဲကြမ်းတမ်းသည့် လုပ်ငန်းစဉ်သည် တရားမျှတခြင်းနှင့် လူ့အခွင့်အရေးကို လေးစားမှသာလျှင် ရှေ့ဆက်နိုင်မည်ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက နေပြည်တော်တွင် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် သံတမန်များအား ယနေ့ ညနေပိုင်းက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တရားမျှတခြင်းဟူသည်မှာ “လူသားတိုင်းအား ၎င်းတို့ရသင့်ရထိုက်သည်ကို ပေးခြင်းဖြစ်သည်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးနေကြရသည့် ရိုဟင်ဂျာများအတွက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တစ်စုံတစ်ရာ ပြောကြားခြင်း ရှိမရှိကို နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေသော်လည်း ပုပ်ရဟန်းမင်းကြီးက ၎င်း၏ မိန့်ခွန်းတွင် ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။
သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသော ဒဏ်ရာဒဏ်ချက်များကို ကျေအေးခြင်းနှင့် ကုသခြင်းမှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံသားများသည် ကာလရှည်ကြာစွာ ဖြစ်ပွားနေ၍ နက်နက်ရှိုင်းရှိုင်းကွဲပြားမှုများ ဖြစ်စေသော ပြည်တွင်းပဋိပက္ခများနှင့် ရန်လိုမုန်းတီးမှုများကြောင့် ကြီးမားစွာ ဝေဒနာခံစားကြရသကဲ့သို့ ဆက်လက် ခံစားနေရဆဲလည်း ဖြစ်ပါသည်” ဟု ၎င်းကပြောကြားသည်။
“မတူညီသည့် ဘာသာရေးယုံကြည်ချက်များသည် စိတ်ဝမ်းကွဲမှုများနှင့် အယုံအကြည် ကင်းမဲ့မှုများကို ဖန်တီးသည့် အရင်းအမြစ် မဖြစ်စေပဲ စည်းလုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် အသိပညာပြည့်ဝသည့် နိုင်ငံတော် တည်ဆောက်ရေးအတွက် ခွန်အားတစ်ခု ဖြစ်ရပါမည်” ဟုလည်း ၎င်းကပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ငြိမ်းချမ်းရေးက အရေးကြီးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ၏ အနာဂတ်သည့် ငြိမ်းချမ်းရေးဖြစ်ရမည်။ ထိုငြိမ်းချမ်းရေးသည် လူသားတိုင်း၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တရားဥပဒေအား လေးစားလိုက်နာမှု၊ မည်သူ့ကိုမှ ချန်လှပ်ထားခြင်းမရှိပဲ အများအကျိုးအတွက် ပံ့ပိုးပေးနိုင်ရန် လူတစ်ဦးချင်းစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင်ပေးသည့် ဒီမိုကရေစီစနစ်ကို လေးစားမှု စသည်တို့အပေါ် အခြေခံသည်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
ထို့ပြင် ပုပ်ရဟန်းမင်းကြီးက လူငယ်များအား ပြုစုပျိုးထောင်ရန်နှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်လည်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း တိုက်တွန်းသွားသည်။
“မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးမှုအပေါ်တွင် မူတည်ပါသည်” ဟု ၎င်းကပြောကြားပြီး “လူ့လောဘနှင့် အတ္တတို့ဖြင့် ဖျက်စီးခြင်းကင်းသော ပတ်ဝန်းကျင်တစ်ခုကို အနာဂတ် မျိုးဆက်သစ်များအတွက် အမွေပေးရန် တောင်းဆိုပါသည်” ဟုလည်း ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရှိနေသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအား ၎င်းအနေဖြင့် နှစ်သက်အားရကြောင်း မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားသွားသည်။
ပုပ်ရဟန်းမင်းကြီး ထိုမိန့်ခွန်းမပြောကြားမီ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံခဲ့သည်။