စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် Lady Justice သဖွယ် ဝတ်စားဆင်ယင်၍ လက်သုံးချောင်းထောင်ကာ ဆန္ဒပြနေသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ၁၁ရက်တွင် ရန်ကုန်မြို့၌ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- အေအက်ဖ်ပီ)

တရားမျှတမှုကို မျက်မှောက်အခြေအနေမှာ ဘယ်လိုရှာဖွေနိုင်မလဲ

အတွေးအမြင်

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးတရားမျှတမှုအပေါ် ဆွေးနွေးချက်တွေက ဒိုင်ယာလောခ့်လုပ်ဖို့၊ အရင်းခံအထိ ဆန်းစစ်ဖို့၊ စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ထက် အနာဂတ်ကာလ အပြစ်ပေးအရေးယူရေးကိုသာ ဦးစားပေးလွန်းနေတယ်။ 

ရဲထက် |  Frontier 

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေကြောင့် အဆိုပါမှားယွင်းမှုတွေကိုတည့်မတ်ဖို့နဲ့ အနာဂတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အသွင်ကူးပြောင်းရေးတရားမျှတမှုအပေါ် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မိတ်ဖက်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေဟာ “TJ” လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးတရားမျှတမှု (Transitional Justice)ကို နွေဦးတော်လှန်ရေး၏ ပင်မရည်မှန်းချက်တွေထဲက တခုအဖြစ် သဘောထားကြပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)ကလည်း ၂၀၂၃ ဒီဇင်ဘာမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒကို ထုတ်ပြန်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေကလည်း TJ ဆိုင်ရာ သင်တန်းတွေ၊ ပညာပေးရေးအစီအစဉ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ 

TJ နဲ့ပတ်သက်ပြီး အခုလိုမျိုး ကြိုးပမ်းဆောင်ရွက်ချက်တွေဟာ ရည်ရွယ်ချက်ကောင်းတွေရှိတယ်ဆိုတာ သေချာပေမဲ့ လက်ရှိလုပ်ဆောင်တဲ့ပုံစံမှာ ပြန်လည်ဆန်းစစ်သင့်တဲ့အပိုင်းတွေရှိနေပါတယ်။ အထူးသဖြင့် အပြစ်ပေးရေးကို အထူးအလေးပေးတဲ့အပိုင်းပါ။ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ အရေးကြီးပေမဲ့ အပြစ်ပေးရေးကိုပဲ ဇောင်းတင်လွန်းတာက ကုစားဖို့နဲ့ လူ့အဖွဲ့အစည်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီးတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသွင်ကူးပြောင်းရေးတရားမျှတမှုရဲ့ တခြားသောမဏ္ဍိုင်တွေဖြစ်တဲ့ အမှန်တရားရှာဖွေခြင်း၊ ပြန်လည်ကုစားပေးလျော်ခြင်း၊ အင်စတီးကျူးရှင်း ပြောင်းလဲတည်ဆောက်ခြင်းတို့ကို အာရုံမရောက်ဘဲ အပြစ်ပေးဖို့အတွက်မှာပဲ လမ်းဆုံးသွားနိုင်ပါတယ်။ 

မျှော်ကိုးမှု ထောက်ချောက် (Passivity Trap) 

NUCC ရဲ့ TJ မူဝါဒမှာ အချိန်ကာလသုံးပိုင်းပါပါတယ်။ တော်လှန်ရေးဆင်နွှဲနေတဲ့ ကြားကာလ၊ စစ်ကောင်စီကို အနိုင်ယူပြီးနောက် အသွင်ကူးပြောင်းရေးကာလနဲ့ နောက်ပိုင်း ဖက်ဒရယ်ဒီမိုကရေစီကာလတို့ ဖြစ်ပါတယ်။ ကြားကာလမှာ မူဝါဒရေးဆွဲဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းအချက်အလက်သိမ်းဆည်းဖို့ကို အဓိကလုပ်ဆောင်ရမယ့် အရာတွေအဖြစ် ဖော်ပြထားပါတယ်။ အဲဒီမှတ်တမ်းတင်ထားတဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူဖို့ကတော့ တော်လှန်ရေးအလွန်အချိန်မှပဲ ဖြစ်ပါတယ်။ 

ဒီမူဝါဒက တရားမျှတမှုကို ပြည်တွင်း၊ ပြည်ပတရားရုံးတွေကနေ ရရှိစေမယ်လို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဏာသိမ်းမှု မတိုင်ခင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ သတ်ဖြတ်မှုဖြစ်စဉ်တချို့ကို ပြည်ပတရားရုံးတွေဆီ တင်ပြထားပြီး တချို့ကတော့ အောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကနေ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ မကြာသေးခင်က ဖေဖော်ဝါရီလမှာလည်း အာဂျင်တီးနားတရားရုံးကနေ အာဏာသိမ်းစစ်ခေါင်းဆောင် အပါအဝင် မြန်မာစစ်တပ်အရာရှိနဲ့ အရပ်ဘက်ခေါင်းဆောင် နှစ်ဆယ်ကျော်ကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သုံးပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီတရားရုံးတွေအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေ နေပြည်တော်မှာ အာဏာဆုပ်ကိုင်ထားသရွေ့ တရားရုံးရှေ့ရောက်အောင် မစွမ်းနိုင်ပါဘူး။ ပြည်တွင်းကတရားရုံးတွေလိုပဲ သူတို့ကို အပြစ်ပေးအရေးယူဖို့ဆိုတာက စစ်တပ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး အသွင်ကူးပြောင်းရေးကာလ တခုရောက်မှသာ ဖြစ်နိုင်မှာပါ။ 

ဒီတော့ အခုချိန်မှာ TJ ကိုအကောင်အထည်ဖော်မယ့်သူတွေအနေနဲ့ မှတ်တမ်းစုဆောင်းခြင်းသာ လုပ်နိုင်ပါတယ်။ ဒါကလည်း အရေးကြီးတဲ့အလုပ်မှန်ပေမဲ့ မြန်မာ့နိုင်ငံရေးမှာရော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာပါ မရေရာမှုတွေများနေတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီ ဘယ်အချိန်မှာပြိုကျမှာလဲ ဒါမှမဟုတ် တကယ်ပဲ ပြိုကျသွားမလားဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ 

သို့ပေသိ လူပြောများနေတဲ့ TJ စဉ်းစားချက်တွေမှာတော့ ဒီလိုမျိုး တခြားဖြစ်နိုင်ခြေတွေအတွက် စဉ်းစားထားတာမရှိပါဘူး။ သူ့ရဲ့တခုတည်းသောရွေးချယ်စရာက အခုချိန်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ပဲဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်တခုလုံးဟာ မျှော်ကိုးမှုထောင်ချောက်ထဲ ပိတ်မိနေပါတော့တယ်။ အချိန်ကြာလာတာနဲ့အမျှ နစ်နာသူတွေအပါအဝင် လူ့အဖွဲ့အစည်းအတွင်းမှာ တရားမျှတမှုအပေါ် မယုံကြည်မှုတွေ တိုးပွားလာနေပါတယ်။ တရားမျှတမှုရှာဖွေဖို့ သူတို့တွေပါဝင်နိုင်တဲ့ နည်းလမ်းတွေ အခုချိန်မှာ ရှိမနေရင် ကိုယ့်နည်းကိုယ့်ဟန် လက်တုံ့ပြန်တာတွေ၊ အကြမ်းဖက်မှုတွေကို ပိုပြီးရွေးချယ်သွားပါလိမ့်မယ်။ အခုတောင် ဒီလိုမျိုး အကြမ်းဖက်မှုသံသရာတွေ စတင်ပေါက်ဖွား အမြစ်တွယ်နေပါပြီ။

ဒါကြောင့် လူတွေပါဝင်နိုင်ဖို့အတွက် အပြစ်ပေးအရေးယူဖို့ထက်ကျော်လွန်ပြီး တရားမျှတမှုကို ပိုမိုကျယ်ပြန်တဲ့အမြင်ကနေ ရှုမြင်ဖို့ လိုနေပြီဖြစ်ပါတယ်။ 

ပြန်လည်ပေးဆပ်ဖို့သာ အဓိက

တက်ကြွလှုပ်ရှားသူတွေအနေနဲ့ “Impunity” က စစ်တပ်ကို ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်စေတယ်လို့ ပြောကြတာဟာ မှန်ကန်တဲ့စဉ်းစားချက်ပါ။ ဒါပေမဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးအရေးယူရေးကပဲ TJ ရဲ့ ပင်မရည်မှန်းချက်ဖြစ်နေခြင်းဟာ ပိုမိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်စေပါတယ်။

“Impunity” ကို မြန်မာလို “ပြစ်ဒဏ်ကင်းလွတ်ခွင့်”လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဒါက ပြစ်ဒဏ်နဲ့ တရားမျှတမှုကို ဘယ်လောက်ယှဉ်တွဲထားလဲဆိုတာ သိသာပါတယ်။ (ဖြည့်စွက်ချက် –  စာရေးသူကတော့ “Impunity” ကို “တာဝန်ခံမှုပျက်ကွက်ခြင်း”လို့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်)။ အလားတူပဲ တော်လှန်ရေးအင်အားစုတွေအကြားမှာ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ဆောင်ပုဒ်ဟာ ရေပန်းစားလူကြိုက်များပါတယ်။ ဆိုလိုရင်းကတော့ နာကျင်ခံစားရမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် အပြစ်ပေး အကြွေးဆပ်စေခြင်းမှတပါး တခြားနည်းလမ်းမရှိဆိုတဲ့ သဘောပါ။ 

ဆိုရှယ်မီဒီယာမှာလည်း မင်းအောင်လှိုင်နာမည်ကို “ကြင်စိုး – ကြိုးစင်” ဆိုပြီး လှောင်ပြောင်ခေါ်ဆိုလေ့ရှိပါတယ်။ ဒီမှာလည်း တရားမျှတမှုဆိုတာ စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့အပေါင်းအပါတွေကို ကြိုးပေးကွက်မျက်ခြင်းလို့ လူအများက ရှုမြင်ကြတာ တွေ့နိုင်ပါတယ်။ နာဇီခေါင်းဆောင်တွေကို ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် နျူရင်ဘတ်စစ်ခုံရုံးမှာ တရားစီရင်ခဲ့သလိုပေါ့။

ဗုဒ္ဓဘာသာကို အပေါ်ယံနားလည်မှုတချို့ကလည်း ဒီလိုစဉ်းစားချက်ကို အားဖြည့်ပေးထားပြန်ပါတယ်။ ဥပမာအားဖြင့် အများစုက ကံ၊ ကံ၏အကျိုးကို လူတယောက် မကောင်းမှုကျူးလွန်ရင် အလိုအလျောက်မကောင်းကျိုးခံစားရမယ်ဆိုပြီး နားလည်ထားကြတာပါ။ ဒါကြောင့် ကိုယ်တိုင်ဘာမှဝင်လုပ်စရာမလိုဘဲ မကောင်းမှုပြုတဲ့လူအပေါ် သူရဲ့ မကောင်းတဲ့ကံ အကျိုးပေးမှာကိုပဲ ထိုင်စောင့်ရုံပဲဆိုတဲ့သဘော ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ပဲ လူတွေဟာ သူတို့ရဲ့ရင်ထဲမှာ အစိုင်အခဲတွေ၊ နာကျင်မှုတွေ၊ အမုန်းတရားအပြည့်နဲ့ စောင့်ဆိုင်းနေကြရတာ ဖြစ်ပါတယ်။ 

တကယ်တမ်းတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ  ကျယ်ပြန့်နက်ရှိုင်းပြီး ယနေ့ခေတ်မှာ ကုစားသင့်မြတ်ရေးအလေ့အထများ(restorative practices) လို့ခေါ်ကြတဲ့ တရားမျှတမှုရှာဖွေခြင်းအယူအဆနဲ့လည်း များစွာနီးစပ်ပါတယ်။  ဗုဒ္ဓဟာ ပြစ်ဒဏ်ပေးခြင်းထက် ကျူးလွန်မှုအပေါ် သံဝေဂရဖို့၊ တာဝန်ခံဖို့၊ ကိုယ်ကျင့်ဓမ္မကို ပြန်လည်ရှာဖွေဖို့အတွက် အမြဲတိုက်တွန်းခဲ့ပါတယ်။ ဒီလိုမျိုး လမ်းပြပေးခဲ့တဲ့အထဲမှာ အင်္ဂုလိမာလလိုမျိုး ရက်စက်ကြမ်းတမ်းလှတဲ့ လူသတ်သမားတွေတောင် ပါပါသေးတယ်။ 

အပြစ်ပေးခြင်းကိုရှေးရှုတဲ့ တရားမျှတမှုရဲ့ အားနည်းချက်က မှားယွင်းကျူးလွန်မှုတွေရဲ့ လက်သည်လူပုဂ္ဂိုလ်နဲ့ သူတို့ရဲ့ ဖောက်ပြန်မှုအပေါ်မှာသာ အပြစ်ပုံချလိုက်တဲ့အတွက် မြန်မာလူ့အဖွဲ့အစည်းတွင်းက စနစ်ပုံစံအမြစ်တွယ်နေတဲ့ ပြဿနာတွေကို နားလည်ဖို့ ပျက်ကွက်စေတာပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ စနစ်တကျတည်ဆောက်ထားတဲ့ ခွဲခြားဖိနှိပ်မှုတွေ၊ မျိုးရိုးအဆက်ဆက် စိတ်ဒဏ်ရာတွေ၊ အာဏာကွဲဟမှုတွေ၊ စီးပွားရေးအရ မညီမျှမှုတွေစသဖြင့် ပြဿနာအထပ်ထပ်ရှိနေတာပါ။ 

ဒီအရာတွေကို မဖြေရှင်းနိုင်ရင် ဘယ်သူပဲအာဏာရလာလာ မတရားမှုတွေ ထပ်ပြီးဖြစ်စေဦးမှာပါပဲ။ စစ်မှန်တဲ့အသွင်ကူးပြောင်းရေးတရားမျှတမှုအနေနဲ့ အဲဒီလိုမျိုး ဘေးအန္တရာယ်ဖြစ်စေတဲ့ အတွင်းထဲကအခြေအနေတွေကို ပြီးပြည့်စုံစွာ နားလည်အောင်လုပ်ပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။ 

NUCC ရဲ့ TJ မူဝါဒမှာ အရင်းအမြစ်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အပိုဒ်တခုတော့ပါပါတယ်။ အဲဒီမှာတော့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအဖွဲ့များကို ထိန်းကျောင်းရေးစတဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ ဆန်းစစ်ချက်ကို ဖော်ပြထားပါတယ်။ ပိုနက်ရှိုင်းပြီး မြင်ဖို့ခက်ခဲတဲ့ ယဉ်ကျေးမှုနဲ့ လူမှုတည်ဆောက်မှုဆိုင်ရာ အရင်းအမြစ်ပြဿနာတွေကို ဆန်းစစ်လေ့လာထားတာတော့ ရှင်းရှင်းလင်းလင်းမတွေ့ရပါဘူး။ ပိုအရေးကြီးတာက ဒီမူဝါဒဟာ လုပ်ဆောင်ရမယ့်အရာတွေကို အနာဂတ်တော်လှန်ရေးပြီးမြောက်တဲ့အချိန်အထိ ရွှေ့ဆိုင်းထားတာပါ။ ဒါက NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိ နယ်မြေစိုးမိုးမှုများလာတဲ့အချိန်မှာ ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာကိုပါ မမြင်မိစေတော့ပါဘူး။ 

NUG ဆိုရင် သူ့ကွပ်ကဲမှုအောက်က တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေအပေါ် ထိထိရောက်ရောက်မကိုင်တွယ် မဖြေရှင်းနိုင်တဲ့အတွက် ဝေဖန်သံတွေ ကျယ်လောင်နေပါတယ်။ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကလည်း လက်နက်ကိုင်လမ်းစဉ်ကို အကြောင်းပြပြီး တော်လှန်ရေးအောင်မြင်တဲ့အချိန်မှသာ အပြစ်ပေးခြင်းကိုခံမယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေကတော့ အဲဒီအချိန်ထိ စိတ်ရှည်သည်းခံမနေကြပါဘူး။ လက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြားကပဲ သူတို့ခံစားရတဲ့ အနိုင်ကျင့်မှုတွေ၊ အကျင့်ပျက်မှုတွေကိုဖော်ထုတ်ဆန္ဒပြနေကြပါတယ်။ သူတို့အတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုကို အခုပဲလိုချင်ကြတာပါ။ နောင်ဘယ်တော့မှန်းမသိတဲ့ အနာဂတ်ကို သူတို့မစောင့်နိုင်ပါဘူး။ 

မှားယွင်းမှုများမှသည် အက်ကြောင်းများ

အသွင်ကူးပြောင်းရေးတရားမျှတမှုကို အပြစ်ပေးရေးသက်သက်ရှုမြင်ကြခြင်းက လူ့အဖွဲ့အစည်းအတွင်း အက်ကြောင်းတွေ၊ အကွဲအဟတွေကို ပိုမိုနက်ရှိုင်းစေပါတယ်။ အမြစ်တွယ်နေတဲ့စနစ်တွေ၊ အဲဒီထဲမှာ အားလုံးပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေကို မမြင်ဘဲ ကျူးလွန်တဲ့လူကိုပဲ လက်ညှိုးထိုးလိုက်ခြင်းဟာ ငါတို့နဲ့ သူတို့ဆိုတဲ့ စည်းတွေခြားသွားစေပါလိမ့်မယ်။ ဒါက မြန်မာနိုင်ငံရဲ့ ကုစားမှုနဲ့ ငြိမ်းချမ်းရေးရှာဖွေဖို့အတွက် အခက်အခဲများစွာရှိစေနိုင်ပါတယ်။ 

ဒီတိုင်းပြည်အနေနဲ့ ပြည်တွင်းပဋိပက္ခကို ရင်ဆိုင်နေရပြီး စစ်တပ်ရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေက နိုင်ငံရေး၊ လူမျိုးစုနှင့် လူမှုရေးအစုအဖွဲ့တွေထဲထိ ပျံ့နှံ့နေပြီး ဖြစ်ပါတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း မျဉ်းကြောင်းစွဲ သတ်မှတ်ဖို့ဆိုတာ ခက်ခဲမှာပါ။ တကယ်လို့ စစ်တပ်ကို အလုံးစုံ အာဏာစွန့်လွှတ်စေခဲ့နိုင်မယ်ဆိုရင်တောင်မှ ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးအဖြစ် လုပ်ဆောင်ရမှာပါ။

ဒီနေရာမှာ မှားယွင်းခဲ့တဲ့ သာဓကတခုအနေနဲ့ NUCCက၂၀၂၃၊ ဇန်နဝါရီမှာ ထုတ်ဝေခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒကို ကြည့်နိုင်ပါတယ်။ ဒီမူဝါဒမှာ အာဏာသိမ်းမှုနောက်ပိုင်း အလုပ်ထွက်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကုစားလျော်ကြေးပေးဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီအောက်မှာ အလုပ်ဆက်လုပ်နေတဲ့ ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူဖို့ အစီအစဉ်တွေပါပါတယ်။ ဒီအစီအစဉ်တွေက စစ်တပ်အလွန် အသွင်ကူးပြောင်းရေးအချိန်ရောက်မှပဲ ဖြစ်မှာပါ။ 

တချို့သော CDM ဝန်ထမ်းတွေက ဒီမူဝါဒကို ကြိုဆိုကြပေမဲ့ အများစုကတော့ သူတို့ရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေ ကောင်းမွန်လာဖို့ စောင့်ဆိုင်းနေရတာကို စိတ်ကုန်နေပါပြီ။ တဖက်မှာလည်း မိသားစုအခြေအနေ ဒါမှမဟုတ် အကြောက်တရားကြောင့် CDM လှုပ်ရှားမှုမှာ မပါခဲ့တဲ့ဝန်ထမ်းတွေအနေနဲ့ တော်လှန်ရေးကနေ စွန့်ပယ်ခြင်းခံလိုက်ရပြီး သူတို့ကို အပြစ်ပေးခြင်းမခံရဖို့အတွက် စစ်တပ်တည်မြဲနေအောင်ထောက်ခံဖို့ အားပေးလိုက်သလို ဖြစ်သွားပါတယ်။ 

CDM လှုပ်ရှားမှုဦးဆောင်သူတွေနဲ့ တခြားသော နိုင်ငံရေးခေါင်းဆောင်တွေဟာ ဒီမူဝါဒထွက်ဖို့ နှစ်နှစ်နီးပါး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်ဆို အဲဒီအချိန်တွေဟာ လှုပ်ရှားမှုလိုအပ်ချက်တွေကို ပြန်သုံးသပ်ပြီး မဟာဗျူဟာချမှတ်ဖို့ အကောင်းဆုံးအချိန်တွေပါ။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးခဲ့တာက CDM လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ကနေ မှေးမှိန်သွားခဲ့စေပြီး နောက်ဆုံး လူ့အဖွဲ့အစည်းသာ အက်ကြောင်းတွေများစွာနဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ အကြောင်းအရင်းတခုဖြစ်ခဲ့ပါတယ်။ TJ မူဝါဒချမှတ်သူတွေအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူသင့်ပါတယ်။ 

အခုပဲ စလုပ်ဖို့လို 

TJ အကြောင်း လေ့လာမှုတွေမှာ အသွင်ကူးပြောင်းရေးကာလမှာရှိတတ်တဲ့ ရှုပ်ထွေးမှုတွေအကြောင်း တွေ့ရလေ့ရှိပါတယ်။ အပြစ်ပေးအရေးယူရေးအပြင် စနစ်တည်ရှိမှုတွေ ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြန်လည်ကုစားပေးလျော်ရေး၊ အမှန်တရားရှာဖွေဖော်ထုတ်ရေးစတဲ့ ရှုထောင့်အမျိုးမျိုးအတွက် ထည့်သွင်းစဉ်းစားစရာ များစွာရှိပါတယ်။ သို့သော် လက်ရှိ TJ အကြောင်းဆွေးနွေးရာမှာ အဲဒီလိုစဉ်းစားချက်ရှုထောင့်မျိုးတွေ မပါသလောက်ပါပဲ။ ပိုဆိုးတာက အသွင်ကူးပြောင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကြားကာလ တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ သူတို့တာဝန်ခံရမယ့်အရာတွေကို အချိန်ရွေ့ဆိုင်းနေကြတဲ့အတွက် လူ့အဖွဲ့အစည်းကြားထဲမှာ ကူကယ်ရာမဲ့တဲ့ခံစားချက်တွေကို ဖြစ်စေတာပါပဲ။ 

TJ ကို မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်းက လူ့အဖွဲ့အစည်းကို အင်အားဖြစ်စေပြီး အမှန်တရားထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း လမ်းကြောင်းဖြစ်စေမှာပါ။ အရာအားလုံးကို မသေချာမရေရာတဲ့ အနာဂတ်ရလဒ်တခုမှာ မျှော်ကိုးထားခြင်းထက် ကျယ်ပြန်တဲ့ဖြစ်စဉ်ကြီးရဲ့ အရေးပါတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ အခုတော်လှန်ရေးကာလထဲက စတင်သင့်ပါပြီ။ ဥပမာအားဖြင့် စာနယ်ဇင်း၊ အနုပညာ၊ ရိုးရာဓလေ့ထုံးစံတွေကို  လွတ်မြောက်ကျန်ရစ်သူတွေရဲ့ အသံတွေကို အားဖြစ်စေဖို့၊ လူ့အဖွဲ့အစည်းတွင်း ဒိုင်ယာလောခ့်တွေအားကောင်းဖို့အတွက် တီထွင်ဆန်းသစ်အသုံးချနိုင်ပါတယ်။ ဒီနည်းက သာမာန်ပြည်သူတွေအတွက် အနာဂတ်သစ်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့လမ်းဖွင့်ပေးပြီး အပေါ်ကပြောထားတဲ့ အုပ်စုခွဲအက်ကြောင်းဖြစ်စေတဲ့နည်းလမ်းကို တန်ပြန်သက်ရောက်စေပါလိမ့်မယ်။

ဒီဖြစ်စဉ်အသစ်ကို အကောင်အထည်ဖော်ဖို့အတွက် တရားမျှတမှုရဲ့ ရည်ရွယ်ချက်ကို လေးလေးနက်နက်ဆင်ခြင်ဖို့ လိုပါတယ်။ တရားမျှတမှုဆိုတာ အပြစ်ပေးဖို့ထက် အမှန်တရားကို ဖော်ထုတ်ဖို့၊ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပိုပြီးတရားမျှတတဲ့လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့အတွက် အခွင့်အရေးပါပဲ။ လူပုဂ္ဂိုလ်တွေကို အပြစ်ပေးရေးက တစ်စိတ်တစ်ပိုင်းအဖြစ် ပါကောင်းပါနိုင်ပေမဲ့ ဒါက အန္တိမပန်းတိုင်မဟုတ်ပါဘူး။ တကယ်လို့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ နာကျင်ခံစားရမှုတွေရဲ့ အကြောင်းရင်းခံတွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အနာဂတ်မှာလည်း နာကျင်စိတ်ထိခိုက်ဖွယ်ရာ အဖြစ်ဆိုးတွေကို ထပ်မံကြုံတွေ့နေရဦးမှာပါပဲ။


ရဲထက်ကတော့ Freedom Fighter Myanmar အဖွဲ့ရဲ့ အကြမ်းမဖက်လမ်းစဉ် လေ့လာသူနဲ့ သင်တန်းပို့ချသူဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar