ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ တိုးတက်စေရန် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်သည်။
ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အစည်းအဝေးခန်းမ၌ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဇန်နဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောကြားလိုက်ခြင်ဖြစ်သည်။
တရားမဝင် ကုန်သွယ်မှုများကြောင့် လုပ်ငန်းရှင်များသာမကပဲ နိုင်ငံတော်ကလည်း အများကြီး နစ်နာသည်ဟု ဦးကျော်ဝင်းက ပြောကြားသည်။
“တရားမဝင်တဲ့ ပစ္စည်းတွေဝင်လာတဲ့အခါမှာ တိုင်းပြည်အတွက် အခွန်ပါ နစ်နာလေ့ရှိပြီး၊ ပြည်သူတွေအတွက်လည်း မသိတဲ့ ပစ္စည်းတွေကြောင့် ကျန်းမာရေး၊ လူမှုရေး များစွာထိခိုက်ရပါတယ်” ဟု ၎င်းကပြောကြားသည်။
တရားမဝင် ကုန်သွယ်မှုများကို အဂတိတရား ကင်းရှင်းစွာဖြင့် တားဆီးရန် စီမံထားသလို ကုန်သွယ်မှုကိုလည်း ထိခိုက်မှုမရှိအောင် လုပ်ဆောင်မည်ဟုဆိုသည်။
တရားမဝင် လုပ်ဆောင်လိုသောသူများကိုတွေ့လ ျှင်လည်း ပြတ်ပြတ်သားသား အရေးယူမည်ဖြစ်သည်ဟု ဦးကျော်ဝင်းက ပြောကြားသည်။
သို့မှသာ ပြုပြင်ပြောင်းလဲရေးကို သွားနိုင်မှာဖြစ်ပြီး ထိုသို့ မဆောင်ရွက်ပါက ပြုပြင်ပြောင်းလဲရေး ဖြစ်လာနိုင်ဖွယ်မရှိဟု ၎င်းက ဆက်လက်ပြောကြားသည်။
“တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို တားဆီးဖို့ရန် ပထမဦးဆုံးအနေဖြင့် ပုံမှန်လမ်းကြောင်းများကို မှန်ကန်အောင်လုပ်မယ်။ ပြီးတော့ ရှောင်လွဲလမ်းများကို နယ်မြေလုံခြုံရေးအရ သက်ဆိုင်ရာ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ဥိးကျော်ဝင်းက ပြောကြားသည်။
ထို့ကြောင့် ခရိုနီများအပါအဝင် လုပ်ငန်းရှင်များအနေဖြင့် မိမိအတွက်လည်းဖြစ်စေ၊ နိုင်ငံတော်အတွက်လည်း ဖြစ်စေ စိတ်ဓါတ်များထားကာ ပုံမှန်လမ်းကြောင်းမှ လုပ်ကြကိုင်ကြရန် တိုက်တွန်းကြောင်း ဦးကျော်ဝင်းက ပြောကြားသွားသည်။
“ထိုပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြတ်ပြတ်သားသား အရေးယူပေးပါ။ မှန်မှန်ကန်ကန်လုပ်ပါ။ သို့မှသာ တရားဥပဒေစိုးမှုရှိမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
သတင်း-ဆုမြတ်မွန်