မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးသည် သခင်စစ်သတ္တုတူးဖော်ရေးကုမ္ပဏီဝန်ထမ်းများ၏ ကိုယ်ထိလက်ရောက် စော်ကားမှုကို ခံခဲ့ကြရပြီး သီတင်းနှစ်ပတ်အကြာ မတ် ၁၃ ရက်နေ့တွင် သူတို့အား သခင်စစ်ကုမ္ပဏီက အသရေဖျက်မှုဖြင့် ရုံးတွင် တရားစွဲဆိုမှုကို ခံထားရပြီဖြစ်သည်။ သို့သော် သတင်းထောက်နှစ်ဦးက ကုမ္ပဏီကို အညံ့ခံဦးညွှတ်လိမ့်မည် မဟုတ်ဟု ပြောဆိုလိုက်သည်။
တရားမဝင်ငှက်ပျောပင်များ စိုက်ပျိုးရန် သခင်စစ်ကုမ္ပဏီက စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားသတင်းဂျာနယ်တွင် ရေးသားဖော်ပြခဲ့သောကြောင့် ဂျာနယ်အမှုဆောင်ဒါရိုက်တာများဖြစ်သော ဦးဘရန်မိုင်နှင့် ဦးဇော်ခွန်၊ သတင်းထောက် မမွန်းမွန်းပန်တို့ကို အသရေဖျက်မှုဖြင့် ဦးဒိန်ဆောင်က တရားစွဲဆိုထားခြင်းဖြစ်သည်။ ဂျာနယ်သတင်းထောက် မွန်မွန်ပန်းနှင့် ကိုအဂျယ်တို့ကို မတရားချုပ်နှောင်မှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုတို့ဖြင့် သခင်စစ်ကုမ္ပဏီမှ ဦးဒိန်ဆောင်နှင့် ဝန်ထမ်း ငါးဦးတို့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဂျာနယ်သတင်းထောက်များက တရားစွဲဆိုခဲ့သည်။
“ကျွန်တော်တို့ ဖော်ပြတဲ့သတင်းကြောင့် သူတို့ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာထိခိုက်တယ်လို့ ယူဆလို့ ရာဇသတ်ကြီးပုဒ်မ ၅ဝဝ နဲ့ ဂျာနယ်ကို ဦးဒိန်ဆောင်က တရားစွဲတာပါ” ဟု ဦးဘရန်မိုင်က ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း ငှက်ပျောခင်းများ စိုက်ပျိုးရန် မြေယာရှင်းလင်းမှုများ လုပ်ကိုင်နေသဖြင့် ရွာသားများက စိုးရိမ်သောက ရောက်နေကြသည်ဟု ရွာသားများနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဆောင်းပါးတွင် ဖော်ပြထားသည်။ ကုမ္ပဏီက ငှက်ပျောပင်များ စိုက်ပျိုးထားပြီးဖြစ်သည်ဟု စွတ်စွဲကြောင်း အဓိပ္ပာယ်ကောက်လွဲမှားခြင်းသာဖြစ်သည်ဟု ဦးဘရန်မိုင်က ပြောပါသည်။
“ဒီအမှုက တစ်နိုင်ငံလုံးအတွက် စံနမူနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီအမှုမှာ ကျွန်တော်တို့ ရှုံးခဲ့ရင် သတင်းထောက်တွေကို ကုမ္ပဏီတွေက ဒီပုံအတိုင်း မတရားလုပ်လာကြပါလိမ့်မယ်” ဟု ၎င်းက ပြေသည်။
ထိုဆောင်းပါးဖော်ပြပါရှိပြီးနောက်တစ်နေ့တွင် သခင်စစ်ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦး မြစ်ကြီးနားမြို့နယ်ရှိ ဂျာနယ်ရုံးခန်းသို့ ရောက်လာခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့နှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဘက်ကမ်း ဝိုင်းမော်မြို့ရှိ သခင်စစ်ကုမ္ပဏီရုံးသို့ သတင်းထောက် မွန်းမွန်းပန်နှင့် အဂျယ်တို့အား စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ရုံးခန်းရောက်ချိန်တွင် သတင်းထောက် နှစ်ဦးကို သီးခြားတစ်ခန်းစီတွင် ထိန်းသိမ်းထားခဲ့သည်။
မွန်းမွန်းပန်က သူ၏ပါးကို ဂျာနယ်လိပ်ဖြင့် အရိုက်ခံခဲ့ရကြောင်းနှင့် အဂျယ်ကိုမူ ထိုင်ထ အကြိမ်တစ်သိန်း လုပ်ခိုင်းခဲ့ကြောင်း၊ အကြိမ် ၃ဝဝ လုပ်ပြီးချိန်တွင် ဂျာနယ်အမှုဆောင်ဒါရိုက်တာများ၊ ရဲတစ်ယောက်နှင့် ဒေသခံအုပ်ချုပ်ရေးမှူးများ ရောက်လာသဖြင့် သတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း မွန်းမွန်းပန်က ပြောသည်။
နောက်တစ်နေ့တွင် သခင်စစ်ကုမ္ပဏီ ဝန်ထမ်းခြောက်ဦးကို မြစ်ကြီးနားသတင်းဂျာနယ်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄၊ ၂၉၄၊ ၃၂၃၊ ၃၄၁ နှင့် ၃၅၄ အရ အမျိုးသမီးတစ်ဦးကို မတရားချုပ်နှောင်ခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ အားပေးကူညီခြင်း၊ သိက္ခာမဲ့စွာ ပြုမူပြောဆိုခြင်း၊ ကာယအိန္ဒြေပျက်ပြားစေခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း အမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
“သူတို့က ဥပဒေကို မလိုက်နာကြပါဘူး၊ ရာဇဝတ်ဂိုဏ်းသားတွေလို ပြုမူခဲ့ကြတာပါ” ဟု ဦးဘရန်မိုင်က ပြောသည်။
ခေါင်းငုံ့မခံသော သတင်းထောက်များ
မြန်မာနိုင်ငံ၌ သတင်းထောက်များမှာ စိန်ခေါ်မှုများ တိုး၍ တိုး၍ ရင်ဆိုင်နေရသော အခြေအနေတွင် ဤသို့တရားစွဲဆိုမှုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် တိုက်ပွဲဝင်နေသော အရပ်ဖက် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘အသံ’ ၏ မှတ်တမ်းအရ ၂ဝ၁၆ ခုနှစ်၌ NLD အစိုးရတက်လာချိန်မှစ၍ ယနေ့အထိ ဥပဒေအမျိုးမျိုးဖြင့် တရားစွဲခံနေရသော သတင်းထောက်အရေအတွက် ၄၄ ဦးရှိသွားပြီဖြစ်သည်။
မွန်းမွန်းပန်နှင့် အဂျယ်တို့က ယခင်က ၎င်းတို့ ခြိမ်းခြောက်မခံရဖူးကြောင်း ယခုလအစောပိုင်းက မြစ်ကြီးနားတွင် Frontier ကို ပြောသည်။ အဂျယ်က ယခုအခါ သူ့အနေဖြင့် နေထိုင်ရသည်မှာ စိတ်မလုံတော့ဟု ပြောသည်။ အထူးသဖြင့် ဝိုင်းမော်မြို့ရှိ ကုမ္ပဏီရုံးအနီးတွင် နေထိုင်သူဖြစ်သောကြောင့်ဖြစ်သည်ဟုဆိုသည်။
သို့သော် မြစ်ကြီးနားသတင်းဂျာနယ်တွင် အလုပ်ဝင်သည်မှာ ၆ လသာရှိသေးသော အဂျယ်က သတင်းထောက်အလုပ်ကို ဆက်လုပ်မည်ဟု ပြောသည်။ “ကျွန်တော့်အလုပ်ကို ရပ်လိုက်ရင် ကုမ္ပဏီကို အရှုံးပေးလိုက်သလိုဖြစ်သွားမှာပေါ့” ဟု ပြောသည်။ ကုမ္ပဏီကို မကြောက်ကြောင်းနှင့် သတင်းဆောင်းပါးနှင့် ပတ်သက်သည့် ခိုင်လုံသော အထောက်အထားများရှိကြောင်းလည်း ၎င်းက ပြောသည်။
လွန်ခဲသည့် ၅ နှစ်ခန့်ကတည်းက သတင်းထောက်လုပ်ခဲ့သူ မွန်းမွန်းပန်က ယခုအဖြစ်အပျက်သည် ဒေသတွင်း သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသော်လည်း သတင်းထောက်အလုပ်ကို ဆက်လုပ်မည်ဟု ပြောသည်။
“ဒီအဖြစ်အပျက်နဲ့ ဒီအမှုနဲ့ စီရင်ချက်ရလဒ်တွေဟာ ကျွန်တော်တို့ ဂျာနယ်က ရေးသားဖော်ပြမယ့် သတင်းအကြောင်းအရာတွေအပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျာနယ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအပေါ် ချည်းကပ်မှု နည်းလမ်းတွေတော့ ပြောင်းရတော့မှာ ဖြစ်ပါတယ်။ ဒီအမှုကြောင့် ကျွန်တော်တို့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ပိုပြီးတော့ အလေးထားဂရုစိုက်ရတော့မှာဖြစ်ပါတယ်” ဟု ဦးဘရိုင်မိုင်က ပြောသည်။
ငှက်ပျောစိုက်ခင်းများ
ကချင်ပြည်နယ်၌ တစ်ရူးငှက်ပျောစိုက်ခင်းများ ကျယ်ပြန့်လာခြင်းကြောင့် စိုးရိမ်မှုများ တိုးပွားလာနေချိန်တွင် ယခုကိစ္စ ပေါ်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့ ပါဝင်သည့် Land Security and Environmental Conservation Networking Group (LSECNG) က ငှက်ပျောစိုက်ခင်းကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဂြိုလ်တုပုံရိပ်များမှ ရရှိသော အချက်အလက်များအရ ကချင်ပြည်နယ်တစ်ခွင်တွင် တစ်ရူးငှက်ပျောစိုက်ခင်းဧက ၁၄ဝ,ဝဝဝ ခန့်ရှိနေပြီဟု ခန့်မှန်းထားသည်။ ၎င်းတို့ပိုင်မြေကို ငှက်ပျောစိုက်ကုမ္ပဏီများထံ ငှားရမ်းထားသူများအနက်မှ ၅၉ ရာခိုင်နှုန်းသည် ခြိမ်းခြောက်မှု၊ လိမ်ညာမှု၊ ဖိအားပေးမှုများကြောင့် ငှားရမ်းခဲ့ကြရခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။
မြေအငှားချထားသူအများစုသည် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် နေရပ်ပြောင်းရွှေ့ခဲ့ကြရသူများ ဖြစ်ကြသည်။ KIA နှင့် တပ်မတော်တို့သည် ကာလရှည်ကြာစွာ အပစ်ရပ်ထားခဲ့ပြီးမှ ၂ဝ၁၁ ခုတွင် ပြန်လည် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ စစ်ရှောင်များသည် ၎င်းတို့မြေကို ကုမ္ပဏီများထံ ငှားရန် ဖိအားပေးခံနေကြရသည်။ သို့မဟုတ်ပါကလည်း မကြာမီက ပြင်ဆင်ပြဋ္ဌာန်းလိုက်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ အသိမ်းခံရနိုင်သည်။ ငှက်ပျောစိုက်ခင်းများသည် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူထုကျန်းမာရေးအတွက် စိုးရိမ်မှုများကိုလည်း ဖြစ်ပေါ်စေသည်။ အလုပ်သမားများ ဓာတုအဆိပ်သင့်ခြင်း၊ မြေဆီလွှာနှင့် ရေစီးလမ်းကြောင်း ညစ်ညမ်းမှုဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဖေဖော်ဝါရီလအတွင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာငှက်ပျောစိုက်ခင်းတစ်ခုအနီး ချောင်းနှစ်ခုတွင် ငါးများ အစုလိုက်အပြုံလိုက် သေနေသည်ကို တွေ့ခဲ့ကြရသည်။ ဒေသခံများက အနီးရှိ ငှက်ပျောစိုက်ခင်းကြောင့်ဟု ပြောကြားကြသည်။
အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ အခြေအနေ အထောက်အထားများအရ ငါးများသေဆုံးရခြင်းမှာ ရွာသားများက ငါးဖမ်းရန် တမင် ဆေးခပ်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချသွားကြသည်။
တစ်ရူးငှက်ပျောစိုက်ခင်းလုပ်ကိုင်နေကြသော ကုမ္ပဏီအများစုသည် တရုတ်ပိုင် (သို့မဟုတ်) တရုတ် – မြန်မာ ဖက်စပ်ကုမ္ပဏီများအဖြစ် တရားမဝင်၊ (သို့မဟုတ်) တစ်ဝက်တစ်ပျက် တရားဝင်လုပ်ကိုင်နေကြခြင်းဖြစ်သော်လည်း ဤကုမ္ပဏီများ စတင် ဖြစ်ပေါ်လာပုံ၊ (သို့မဟုတ်) ငှက်ပျောစိုက်ခင်းများ၏ အတိုင်းအတာအကျယ်အဝန်း ပမာဏနှင့်ပတ်သက်၍ ရှင်းလင်းပေးသော အစိုးရမှတ်တမ်းမှတ်ရာဟူ၍ မယ်မယ်ရရမရှိချေ။ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ကုမ္ပဏီမှတ်ပုံတင်ရာ၌ ၎င်းတို့ လုပ်ကိုင်မည့် လုပ်ငန်းအားလုံးကို ဖော်ပြရန်မလိုဟု DICA အရာရှိတစ်ဦးက ပြောသည်။ ယခုချိန်ထိ ကချင်ပြည်နယ်တွင် ငှက်ပျောစိုက်ခင်းလုပ်ငန်း လုပ်ကိုင်မည်ဟု DICA တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုတည်းသာရှိသည်ဟု သိရသည်။
ဦးကိုကို ဘာသာပြန်သည်။