တဗ်လီးဂ် ဂျမာအသ် လှုပ်ရှားမှု ပေါ်ထွန်းလာခြင်း

ဆောင်းပါး အပိုင်းနှစ်ပိုင်း၏ ဒုတိယပိုင်းတွင် Frontier သတင်းထောက် မြတ်ကျော်သူက ‘တဗ်လီးဂ် ဂျမာအသ်’ လှုပ်ရှားမှု ပေါ်ပေါက်လာပုံနှင့် ထိုလှုပ်ရှားမှုကြောင့် မူဆလင်အသိုက်အဝန်းထဲမှ ကွဲပြားမှုများကို လေ့လာတင်ပြထားသည်။

မြတ်ကျော်သူ ရေးသားသည်။

‘ရိုးမသစ္စာ’ ဘတ်စ်တစ်စီးဟာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ ကားဂိတ်ဆီကို ဝင်ရောက်လာပါတယ်။ မြို့ထဲအထိ ဝင်မလာဖို့ ယာဉ်မောင်းကို အကြိမ်ကြိမ် သတိပေးထားတာပါ။ ဒါပေမယ့် ကားဂိတ်က ဒေါသထွက်နေတဲ့ လူအုပ်ကို ယာဉ်မောင်းသူ သတိထားလိုက်မိတဲ့ အချိန်မှာတော့ အချိန်ကနှောင်းသွားပါပြီ။ လူအုပ်ကြီးက ဘတ်စ်ကားကို ဝိုင်းလာပြီး ခရီးသည်တွေကို ကားပေါ်က ဆွဲချပါတော့တယ်။ လူ ၁ဝ ယောက် နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ တချို့က ဓားနဲ့ ထိုးခုတ် ခံရတာဖြစ်ပြီး တချို့ကတော့ ရိုက်သတ်ခံကြရတာပါ။

ဒီဖြစ်ရပ်ကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုများမှာ အဓိကဖြစ်ရပ်တစ်ခု အဖြစ် လူအများက အသိအမှတ်ပြုကြမှာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုမတိုင်မီ တစ်ပတ်လောက်က အနီးအနားက ရမ်းဗြဲမြို့မှာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ မူဆလင်သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။ တောင်ကုတ်မြို့က သတ်ဖြတ်မှုဟာ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ကြတာလို့ ယူဆကြပါတယ်။

ဒါပေမဲ့ လူတွေ သိပ်မသိကြသေးတဲ့ အချက်ကတော့ ဒီအသတ်ခံရတဲ့လူတွေဟာ တဗ်လီးဂ် ဂျမာအသ်တွေဆိုတဲ့ အချက်ပါပဲ။ သူတို့ဟာ တဗ်လီးဂ် ဂျမာအသ် (Tablighi Jamaat) အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ဝင် နောက်လိုက်တွေ ဖြစ်ကြပြီး အစ္စလာမ်ဘာသာ ပြန့်ပွားရေးကို လုပ်ကိုင်နေကြတဲ့ ရှေးရိုးစွဲဝါဒီတွေ၊ ရှေးဟောင်းအယူဝါဒ ပြန်လည်ရှင်သန်အောင် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ အပြီးသတ်အစီခံစာအရ “ဒီ တဗ်လီးဂ် ဂျမာအသ် အုပ်စုဟာ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ပြန်လာကြတာဖြစ်ပါတယ်။ အဲ့ဒီမှာ ဘင်္ဂါလီတွေကို ဗလီတစ်ခုဆောက်ဖို့ အပြင်းအထန်တိုက်တွန်းခဲ့တယ်၊ လိုအပ်တဲ့ ရံပုံငွေကိုလည်း သူတို့က ပေးမယ်လို့ ကတိပေးခဲ့တယ်။ ရခိုင်တိုင်းရင်းသားတွေက ဒီ တဗ်လီးဂ် ဂျမာအသ်ကို အလွန်စက်ဆုပ်မုန်းတီးနေကြတယ်။ ဒီဖြစ်ရပ်တွေကြောင့် ရခိုင်တွေဟာ မျိုးချစ်စိတ်ပြင်းထန်လာကြပြီး တဗ်လီးဂ်တွေအပေါ် အမျက်ဒေါသလည်း ထွက်နေကြတယ်” လို့ ဖော်ပြခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ်၊ ဇွန် ၃ ရက်နေ့က အသတ်ခံရသူတွေဟာ တဗ်လီးဂ် ဂျမာအသ်တွေ ဆိုတာကိုတော့ Frontier က သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။ ရခိုင်စုံစမ်းရေးကော်မရှင်ဟာ သူ့အစီရင်ခံစာကို ဘယ်လိုအထောက်အထားတွေ အပေါ် အခြေခံ ရေးသားတယ်ဆိုတာကလည်း မရှင်းလှပါဘူး။ ဒီအဖြစ်အပျက်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးတင်းမာမှုကို ဖော်ပြခဲ့ပြီး ဒါကိုလူတွေ သိပ်သတိမထားမိခဲ့ကြပါဘူး။ ဒါကတော့ မြန်မာ့ မူဆလင်အသိုင်းအဝန်းအတွင်း တဗ်လီးဂ် ဂျမာအသ် လှုပ်ရှားမှု သဘောတရားတွေကြောင့် အစ္စလာမ်ရှေးရိုးစွဲ အယူတွေ ကြီးထွားလာနေခဲ့တာဖြစ်ပါတယ်။

မကြာမီ ဆယ်စုနှစ်များအတွင်း တဗ်လီးဂ် ဂျမာအသ် တွေ ပေါ်ပေါက်လာတာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေပြီး မူဆလင်အသိုင်းအဝိုင်းအတွင်းမှာလည်း သဘောတရားရေးဆိုင်ရာ အက်ကြောင်း ထင်စေခဲ့ပါတယ်။

ယနေ့အထိတော့ မြန်မာပြည်မှာ အစ္စလာမ်ဘာသာရေး ဓလေ့တွေနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေကို ဗလီတွေထဲမှာ၊ နောက်ပြီး သီးသန့်ဖွဲ့စည်းထားတဲ့ လူမှုမီဒီယာအုပ်စုတွေမှာပဲ လုပ်ခဲ့ကြပါတယ်။ ဂျပန်ရောက် မြန်မာအလုပ်သမားသမဂ္ဂ ဖက်ဒရေးရှင်း ဥက္ကဌဖြစ်သူ ဦးတင်ဝင်းအက္ကဘာက ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ “မြန်မာနိုင်ငံက မူဆလင်တွေဟာ သူတို့ရဲ့ ဘာသာရေးအလေ့အကျင့်တွေမှာ တဖြည်းဖြည်းနဲ့ ပိုမိုတင်းကြပ်ပြီး ရှေးရိုးစွဲ ပိုဆန်လာနေကြတယ်” လို့ ရေးသားထားပါတယ်။

“ခေတ်သစ်ပုံစံ မူဆလင်ဘာသာရေး ခေါင်းဆောင်များက ချမှတ်တဲ့ ဘာသာရေးအယူအဆ ကြေညာချက်များကလည်း မြန်မာမူဆလင်များအဖို့ မြန်မာဗုဒ္ဓဘာသာဝင်များနှင့် လူမှုရေး သဟဇာတဖြစ်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့ အခက်တွေ့စေခဲ့ပါတယ်” လို့ Sasakawa Peace Foundation က တည်ထောင်တဲ့ Asia Peace Building Initiative မှာ ရေးသားခဲ့တယ်။ တဗ်လီးဂ် ခေါင်းဆောင်တွေက “သူတို့လှုပ်ရှားမှုဟာ ငြိမ်းချမ်းပါတယ်။ မူဆလင်တွေဟာ သူတို့ သဘောနဲ့ သူတို့ ဆက်သွယ်ဝင်ရောက်လာကြတာပါ” လို့ ဆိုကြပါတယ်။

“မြန်မာနိုင်ငံမှာ ဒီလှုပ်ရှားမှု နောက်လိုက်တွေ အများကြီးရှိပါတယ်၊ ဒီလှုပ်ရှားမှုဟာလည်း ဥပဒေနဲ့ မဆန့်ကျင်ပါဘူး” လို့ ထင်ရှားတဲ့ တဗ်လီးဂ်ကိုကျင့်သုံးတဲ့ ဦးကျော်ငြိမ်းက ပြောပါတယ်။

“တဗ်လီးဂ်ကို ဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိပါဘူး၊ ဒါဟာ အပြည့်အဝ မှန်တယ်၊ မှားတယ်လို့လဲ မပြောပါဘူး၊ ကျွန်တော်တို့က တခြားဘာသာရေးဂိုဏ်းတွေကိုလဲ ဘယ်တော့မှ မဝေဖန်ပါဘူး” လို့ နိုင်ငံရဲ့ ထိပ်တန်း မူဆလင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အိုလမာ-အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ် (Jamiat Ulama-al Islam) ၏ ဥပဒေ အကြံပေးဖြစ်သူ ဦးကျော်ငြိမ်းက ပြောပါတယ်။

၁၉၂၆ ခုနှစ်က အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်းမှာ Muhammad Ilyas al-Kandhlawi ဆိုသူက ဒေယိုဘန်ဒီ၊ တဗ်လီးဂ် ဂျမာအသ် (Deobandi, Tablighi Jamaat) လို့ ခေါ်ဆိုနေကြတဲ့ ‘အစ္စလာမ် ပြန်လည်ရှင်သန်ရေး လှုပ်ရှားမှု’ ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒီဂိုဏ်းက ပရောဖက် မိုဟာမက်ရဲ့ ဘဝနေနည်းပုံစံကို ကျင့်သုံးလိုက်နာကြဖို့ မူဆလင်တွေကို တိုက်တွန်းပြီး တစ်ဦးချင်း ယုံကြည်မှုကို အလေးထားပါတယ်။ ယနေ့ ဒီဂိုဏ်းဝင် အရေအတွက်ဟာ နိုင်ငံပေါင်း ၁၅ဝ လောက်မှာ ၁၂ သန်းကနေ သန်း ၈ဝ အထိ ရှိလိမ့်မယ်လို့ Pew Research Center က ခန့်မှန်းပါတယ်။ ဒီလှုပ်ရှားမှုဟာ အဖွဲ့အစည်းတစ်ခုပုံစံထက် ကွန်ယက်ပုံစံ ပိုဆန်ပါတယ်၊ ရာထူးကြီးစဉ်ငယ်လိုက် ဘုံဆင့် ပုံစံမျိုးလည်း တကယ်တန်း မရှိပါဘူး၊ အေးအေးချမ်းချမ်းသဘောရှိပြီး နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းတယ်လို့ ဆိုကြပါတယ်။

မဏ္ဍိုင်ကြီး ခြောက်ခု

ကလိမဟ် Kalimah (အလာဟ်ရှင်ကို ယုံကြည်ခြင်း)၊ ဆွလာသ် Salat (နေ့စဉ်ဝတ်ပြုဆုတောင်းခြင်း)၊ ဒအ်ဝဟ် Dawah (အလာဟ်ရှင်ရဲ့ အဆုံးအမကို ဟောပြောခြင်း) တို့ ပါဝင်ပါတယ်။

ဒီဂိုဏ်းဝင်အမျိုးသားတွေက မုတ်ဆိတ်ရှည်ထားပြီး ကုရ်သာ (Kurta) ခေါ် အဖြူရောင်အင်္ကျီရှည်ကို ဝတ်ဆင်ကြပါတယ်။ ဒါကြောင့် တဗ်လီးဂ် ဆိုတာ မြင်ရုံနဲ့တင် သိနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ လူတွေရှေ့မှာ တစ်ကိုယ်လုံး အဝတ်နဲ့ ဖုံးခြုံထားပြီး ဘာသာရေးနဲ့ မိသားစုအတွက်သာ ဘဝကို မြုပ်နှံထားကြရပါတယ်။

အလ္လာဟ်ရှင်ရဲ့ အဆုံးအမတွေကို ဟောပြောမှု ဒအ်ဝဟ် (Dawah) ကို အလေးပေးတာကြောင့် တချို့က သူတို့ကို မူစလင် ယေဟောဝါသက်သေများ (Muslim Jehova’s Witness) လို့လည်း သမုတ်ကြပါတယ်။ သူတို့ဟာ ရက် ၄ဝ ကြာ တရား ဟောထွက် ကျစ်လာ (Chillah) လုပ်ပြီး အခြား မူဆလင်တွေကို ဗလီတက်ပြီး တရားနာဖို့၊ ဘုရားဝတ်ပြုကြဖို့ တိုက်တွန်း နှိုးဆော်ကြပါတယ်။ သူတို့က အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကိုတော့ ဘာသာပြောင်းဖို့ တိုက်တွန်း ပြောဟောလေ့ မရှိကြပါဘူး။

“ဒီဂိုဏ်းက အဓိကအားဖြင့် မရှိဆင်းရဲ နွမ်းပါးသူတွေအတွက် လှုပ်ရှားမှုတစ်ခုပါ။ သာမန်မူဆလင်တွေအတွက် အလွန် ဆွဲဆောင်မှုရှိပါတယ်။ သူ့ရဲ့ခွန်အားက ပွင့်လင်းခြင်းနဲ့ ပြုလွယ်ပြောင်းလွယ်ရှိခြင်းပါ” လို့ အစ္စတိုးနီးယားနိုင်ငံ Tallinn တက္ကသိုလ်၊ School of Humanities ရဲ့ ခေတ်သစ်အရှေ့တောင်အာရှ လေ့လာရေးဌာနက တွဲဖက်ပါမောက္ခ အလက်ဇန်ဒါ ဟော့စ်မန်းက Frontier ကို ပြောပါတယ်။

စွန္နီ ဂျာမေ့ဗလီမှ တဗ်လီးဂ်တစ်ဦး။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စွန္နီ ဂျာမေ့ဗလီမှ တဗ်လီးဂ်တစ်ဦး။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“ဒီဟာက ရှုပ်ထွေး ခက်ခဲမှုလည်း မရှိဘူး၊ ဗျူရိုကရေစီလည်း မဆန်ဘူး၊ ပြုလွယ်ပြောင်းလွယ်လည်း ရှိတယ်။ လူတွေက တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင်ရှိကြပြီး ညီအကိုတွေ၊ ညီအမတွေလို့ပဲ ခေါ်ကြတယ်။ ဒီတော့ သိပ်ပြီး စည်းလုံး ညီညွတ်ကြတယ်” လို့ ဟော့စ်မန်းက ပြောပါတယ်။ သူဟာ မန္တလေးတက္ကသိုလ်မှာ စာသင်ကြားပေးခဲ့ဖူးပြီး သူ့ရဲ့ သုတေသနအတွက် မြန်မာနိုင်ငံက မူဆလင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်။

မြန်မာနိုင်ငံမှာ တဗ်လီးဂ်ကို လူကြိုက်များလာရတာဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ထုံးတမ်းစဉ်လာ ဘာသာရေးခေါင်းဆောင် အဆင့်ဆင့်အပေါ် သဘောမတွေ့တာကြောင့် တကြောင်းအပြင် သူတို့အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ ဟော့စ်မန်းက ဆိုပါတယ်။

“ဒီနေရာမှာ အလွန်ထင်ရှားတဲ့ လူတန်းစားပြဿနာရှိတယ်၊ ပညာရေး ပြဿနာလည်းရှိနေတယ်၊ မူဆလင် အထက်တန်းလွှာတွေမှာ အစဉ်အလာခေါင်းဆောင် အဆင့်ဆင့် အခိုင်အမာရှိနေတာဖြစ်ပြီး သာမန်မူဆလင်တွေ ဝင်နိုင်ကြတာမဟုတ်ပါဘူး” ဟု ဟော့စ်မန်း က ပြောပါတယ်။

“ဒါကြောင့် တဗ်လီးဂ် တွေမှာ သူတို့ကိုယ်ပိုင် လူမှုဖူလုံရေးနဲ့ ပညာရေးစနစ်တွေရှိတယ်။ လူမှုရေး အထောက်အပံ့ အဆောက်အအုံတွေလဲ ခိုင်ခိုင်မာမာရှိနေတယ်” လို့ သူကပြောပါတယ်။

တဗ်လီးဂ် ဂျမာအသ် ပေါ်ထွန်းလာပုံ

မြန်မာပြည်မှာ တဗ်လီးဂ် ဂျမာအသ်ဟာ ၁၉၆ဝ ပြည့်နှစ်လောက်မှာ စတင်အကောင်အထည်ပေါ်ခဲ့ပါတယ်။ ပညာတတ် မူဆလင်တွေက ဒီအဆုံးအမတွေကို မြန်မာပြည်အနှံ့ ပြန့်ပွားအောင် စတင်ခဲ့ကြတာပါ။ တဗ်လီးဂ် ဂျမာအသ် စတင်ခဲ့သူ လေးဦးထဲက တစ်ဦးကို Frontier က အင်တာဗျူးဖို့ ကြိုးစားပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်တာကြောင့် တဗ်လီးဂ် လှုပ်ရှားမှုလည်း ထင်ထင်ပေါ်ပေါ် မလုပ်ရဲတော့ဘဲ မြေအောက်လှုပ်ရှားမှု ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပျောက်ကွယ်မသွားခဲ့ဘဲ ဒီကာလအတွင်းမှာ တဗ်လီးဂ်တွေဟာ မြန်မာနိုင်ငံက အဓိက မူဆလင်အဖွဲ့အစည်းအချို့ အပေါ် သြဇာလွှမ်းမိုးမှုတွေတောင် ရှိခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှာ အိုလမာ-အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်နဲ့ အစ္စလာမ်ဘာသာရေးကောင်စီတို့လည်း ပါတယ်လို့ ပြင်သစ်လူမျိုးပညာရှင် Mr. Francois Robinne (National Centre for Scientific Research, CNRS) က ပြောပါတယ်။

၁၉၈၈ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရ နိဂုံးချုပ်သွားတဲ့ ကာလကိုလဲ ဒေသခံမူဆလင်တွေက ထောက်ပြကြပါတယ်။ တက်လာတဲ့ စစ်အစိုးရက နိုင်ငံကို တဖြည်းဖြည်း ဖွင့်ပေးခဲ့တဲ့အချိန်မှာ ဒီလှုပ်ရှားမှုကြီးထွားလာဖို့ အချက်အခြာကာလတွေ ဖြစ်ခဲ့ပါတယ်။ သာသနာပြုတွေ (နိုင်ငံခြားက သာသနာပြုတွေအပါအဝင်) ဟာ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် သွားလာလည်ပတ်ခွင့် ရလာပါတယ်။ မြန်မာနိုင်ငံထဲက မူဆလင်တွေလဲ အပြင်ထွက်ခွင့် ရလာပါတယ်။

ဆော်ဒီအာရေဗီးယားက မက္ကာကို ဘုရားဖူးသွားတဲ့ မူဆလင်အရေအတွက်ကလည်း အမြဲပဲ တိုးသထက် တိုးနေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်နားက တဗ်လီးဂ် ဌာနချုပ်ကိုလည်း သွားကြပါတယ်။ ၂ဝဝဝ ပြည့်နှစ်လောက်မှာ အိန္ဒိယက ပြန်လာတဲ့ မြန်မာမူဆလင်တွေကြောင့် ဒီလိုပုံစံတွေ ပိုမိုပြန့်ပွားလာခဲ့တယ်။ “မက္ကာကိုသွားတဲ့ ဟာ့ချ် ဘုရားဖူးတွေကလည်း မက္ကာက ဝတ်ပုံစားပုံတွေကို ယူလာကြတယ်၊ ဒီက မူဆလင်တွေအဖို့တော့ အသစ်အဆန်းပေါ့”လို့ ကိုသန်းဆွေက ပြောပါတယ်။ သူက မန္တလေးက စီးပွားရေးလုပ်ငန်းရှင် မူဆလင်တစ်ယောက်ပါ။

“အဲ့ဒီနောက် တဖြည်းဖြည်းနဲ့ ဒီမှာ အိန္ဒိယနဲ့ အာရပ်ပုံစံ အဝတ်အစား အရောင်းဆိုင်တွေ ပေါ်လာကြတော့တာပဲ” လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဒီအတွေးအခေါ်အသစ်တွေနဲ့ လွှမ်းမိုးမှုတွေ ရောက်လာတဲ့အချိန်ဟာ စစ်အစိုးရက အမျိုးသားရေး သရုပ်သကန်ကို ဖန်တီးဖို့ ကြိုးစားနေတဲ့အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေပါတယ်။ သူတို့ဖန်တီးချင်တဲ့ အမျိုးသားရေးသရုပ်မှာ မူဆလင် မပါပါဘူး။ အဓိပ္ပါယ်တွေ၊ သရုပ်တွေ၊ လက်ခံမှုတွေကို ရှာဖွေနေသူတွေအဖို့ တဗ်လီးဂ် ဂျမာအသ် ဟာ မျက်စိကျစရာတခု ဖြစ်တယ်ဆိုတာ အဖြစ်အပျက်တွေက သက်သေဖြစ်ပါတယ်။

တဗ်လီးဂ် ဂျမာအသ် ရဲ့ လွှမ်းမိုးမှုကို ရန်ကုန်မှာ အသိသာဆုံးဖြစ်ပါတယ်။ ရန်ကုန်ဟာ နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး မြို့တော်ကြီးဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ ထွက်ပေါက် တံခါးလည်းဖြစ်ပါတယ်။ တောင်အာရှဒေသက အစ္စလာမ်အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို အစဉ်အဆက်ခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တဗ်လီးဂ် ကို မြန်မာနိုင်ငံ အခြားမူဆလင် အသိုင်းအဝိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာပါပဲ။ Frontier ဟာ ပြီးခဲ့တဲ့လတုန်းက ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ထဲက စွန္နီ ဂျာမေ့ဗလီကို သွားလည်တော့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မြန်မာမူဆလင်တွေဟာ ရန်ကုန်ကို ကျစ်လာ (Chilah) အတွက် အလည်ရောက်နေကြတာကို တွေ့ခဲ့ရပါတယ်။

မြန်မာပြည်မှာ တက်ကြွလှုပ်ရှားနေတဲ့ တဗ်လီးဂ် ဘယ်နှစ်ယောက် ရှိတယ် ဆိုတာကိုတော့ အတိအကျမသိနိုင်ပါဘူး။ သူတို့ကို ရေတွက်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့က ယာယီဝင်ကြသူတွေလည်း ဖြစ်နိုင်လို့ပါ။ တခြားသော ဘာသာရေးအဖွဲ့တွေထဲမှာလည်း တပြိုင်နက် ပါနေတဲ့သူတွေလဲ ဖြစ်နိုင်လို့ပါ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်က မူဆလင်တွေရဲ့ တစ်ဝက်လောက်ဟာ တနည်းမဟုတ်တနည်းနဲ့ တဗ်လီးဂ် ဂျမာအသ် နဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်တချို့က ခန့်မှန်းကြပါတယ်။

“အတွေ့အကြုံရှိတဲ့ တဗ်လီးဂ် သာသနာပြုတွေဟာ ကျေးလက်တောရွာတွေရော၊ နိုင်ငံခြားကိုပါ မနားတမ်း ခရီးသွားနေကြတာ။ နောက်လိုက်အဖွဲ့လေးတွေဖွဲ့ပြီး ဗလီတွေကို ချုပ်ကိုင်နိုင်အောင် လူ့အသိုက်အဝန်းတွေထဲ ဝင်ဆန့်အောင် မနားမနေ လုပ်ဆောင်နေကြတယ်” လို့ ဟော့စ်မန်းက ပြောပါတယ်။

“တဗ်လီးဂ် ဂျမာအသ် တက်ကြွ လှုပ်ရှားသူတွေဟာ သိပ်လုံ့လ ဝီရိယရှိကြတယ်။ မူဆလင်စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ တစ်ဆိုင်မှ မကျန်စေရဘူး၊ သူတို့ဆီသွားတယ်။ သူတို့နဲ့တွေ့ပြီး စကားပြောတယ်။ ဒီတော့ လူတွေက သူတို့ကို ဘယ်လိုတုံ့ပြန်ကြသလဲလို့ပဲ မေးစရာရှိတယ်။ ပါးစပ်က နှုတ်နဲ့ပဲ ဝါဒဖြန့်နေတာ။ ဒီလို ပြုလွယ်ပြင်လွယ် လှုပ်ရှားမှုတွေဟာ ဒီလူနည်းစုတွေအပေါ်မှာ သိပ်ထိရောက်တယ်။ သူတို့ကို လူမှုရေးအရင်းအနှီးတွေ၊ ဘာသာရေးအရ လေးစားမှုတွေပေးသလို နိုင်ငံတကာက မူဆလင်တွေနဲ့ ထိတွေ့ဖို့လဲ ကွန်ယက်တွေကတဆင့် အခွင့်အလန်းတွေ ပေးခဲ့ပါတယ်” လို့ သူကပြောပါတယ်။

“ကွဲပြားခြားနားမှုများက ကျွန်ုပ်တို့ကို ရန်သူမဖြစ်စေပါ”

ဒီနှစ် သြင်္ကန်ပွဲမတိုင်မီက မူဆလင်တွေကို သြင်္ကန်ပွဲကို ရှောင်ရှားကြဖို့ Facebook ပေါ်ကနေ တိုက်တွန်းနေတာတွေကို တွေ့ခဲ့ရပါတယ်။ မူဆလင်များကို မုန့်လုံးရေပေါ် မစားကြဖို့ပင် သတိပေးထားတဲ့ စာတွေကို Frontier က ဖတ်လိုက်ရပါတယ်။ ဒီသြင်္ကန် ရိုးရာမုန့်စားရင် ဝက်သားစားတာနဲ့ အတူတူပဲလို့ တားမြစ်ကြတဲ့အထိ ပါလာပါတယ်။ သြင်္ကန်ကို မူဆလင်တွေ ရှောင်ရှားဖို့ တိုက်တွန်းတဲ့အထဲမှာ ဦးအောင်ဇော်မြင့် (ခေါ်) အီဗရာဟင်လည်း ပါပါတယ်။ သူက သြင်္ကန်ပွဲနဲ့ ဆက်စပ်ပြီး “ပျော်ရာကနေ ပျက်သွားတတ်ကြတာကို” ဆန့်ကျင်တာပါလို့ ဆိုပါတယ်။ ဒီလို အတွေးအခေါ်မျိုးကိုတော့ ဗုဒ္ဓဘာသာအတော်များများလည်း လက်ခံကြပါတယ်။

ဦးအောင်ဇော်မြင့် (ခေါ်) အီဗရာဟင်သည် တဗ်လီးဂ်ဂျမာအသ်အဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဦးအောင်ဇော်မြင့် (ခေါ်) အီဗရာဟင်သည် တဗ်လီးဂ်ဂျမာအသ်အဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ကျွန်တော် ငယ်ငယ်တုန်းကတော့ သြင်္ကန်ဆို သိပ်ပျော်ခဲ့တယ်။ ဒါပေမယ့် ခုတော့ ပြောင်းသွားပြီ၊ သြင်္ကန်မှာ အများအားဖြင့် အရက်တွေ အလွန်အကျွံသောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းစကားတွေ ပြောကြတာပဲ။ အရက်မူးလာရင် လူတွေ သတိတွေလွတ်ကုန်ပြီး ရိုင်းကုန်ကြတယ်။ ဒါကြောင့် ခုဆို သြင်္ကန်ကို ဝေးဝေးရှောင်တယ်။ တခြားလူတွေကိုလည်း အဲဒီလိုပဲနေကြဖို့ တိုက်တွန်းဖြစ်တယ်” လို့သူက ဆိုပါတယ်။

ကိုအီဗရာဟင်ဟာ ၂ဝဝဝ ပြည့်နှစ်မှာ တက္ကသိုလ် ပထမနှစ်တက်နေစဉ်မှာပဲ တဗ်လီးဂ် ဖြစ်လာခဲ့ပါတယ်။ သူက စွန္နီဂျာမမေ့ ဗလီမှာတက်ပြီး တဗ်လီးဂ် လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်တယ်။ သာသနာပြုလုပ်ငန်းနဲ့ ခရီးလည်း မှန်မှန်ထွက်ပါတယ်။

တဗ်လီးဂ် ဂျမာအသ် ဆိုတာ အဖွဲ့အစည်းတစ်ခုလည်း မဟုတ်တော့ လှုပ်ရှားမှုမှာ အီဗရာဟင်အတွက် တရားဝင် ရာထူးအဆင့်အတန်းလည်း မရှိပါဘူး။ ဒါပေမဲ့ ဗလီထဲမှာ အခြားမူဆလင်တွေက သူ့အပေါ်ဆက်ဆံပုံကိုကြည့်ပြီး သူဟာ အရေးပါသူတဦးဖြစ်တယ်ဆိုတာ မြင်သာပါတယ်။

သူဘယ်လို တဗ်လီးဂ် လုပ်ဖြစ်တာလဲလို့ မေးတော့ သူက “တော်တော်ထူးခြားတဲ့ ဖြစ်ရပ်လို့တောင် ပြောလို့ရတယ်။ ပြောရင်တောင် ယုံမှာမဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်က အခြား တဗ်လီးဂ်နဲ့ အတူ ကျစ်လာ (Chillah) သွားဖို့ ခေါ်လို့ လိုက်သွားခဲ့တယ်။ ဗလီထဲမှာ အားလုံးအတူတူ စားကြတာဆိုတော့ ကျွန်တော်က ဘယ်လက်နဲ့ စားပြီး အခြားလူတွေက ညာလက်နဲ့ စားနေကြတယ်။ ကျွန်တော်တယောက်တည်း အားလုံးနဲ့ ကွဲထွက်နေသလိုခံစားရတယ်။ အဲဒါဟာ ကျွန်တော် တခုခုကို သဘောပေါက်လိုက်သလိုပဲ။ သူတို့နဲ့တူအောင် ကျွန်တော်ပြောင်းလဲဖို့လိုပြီဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ မူဆလင်တွေအားလုံး အတူတူပဲဖြစ်သင့်တယ်။ ဒါမှ စည်းလုံးသွားမယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမပေါ်က တစ်ခြမ်းပဲ့ ဗလီဟာ တဗ်လီးဂ် ဂျမာအသ် လှုပ်ရှားမှုရဲ့ အဓိကနေရာတခုလို့ သူက ပြောပါတယ်။ တဗ်လီးဂ် မူဆလင်အများစုဟာ အင်္ဂါနဲ့ ကြာသပတေး နေ့တိုင်းမှာ အဲဒီဗလီကို သွားကြပါတယ်။ ဝါရင့် တဗ်လီးဂ် တွေက စည်းမျဉ်း စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေ ပေးကြပါတယ်။ အဓိကနေ့ကတော့ ကြာသပတေးနေ့ပဲ၊ အဲဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးမှုဟာ သုံးနာရီလောက်ကြာတတ်တယ်လို့ ဆိုပါတယ်။

“တဗ်လီးဂ် ဂျမာအသ် သာသနာပြုတွေ ဗလီကို လာလည်ကြရင် အခြားမူဆလင်တွေလာပြီး တဗ်လီးဂ် ဂျမာအသ်အကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ အိန္ဒိယ တဗ်လီးဂ် မူဆလင်တွေ မကြာခဏလာပြီး တရားဟောလေ့ရှိပါတယ်” လို့ အီဗရာဟင်က ပြောပါတယ်။

ဒီလှုပ်ရှားမှုအကြောင်းပြောပြပါလို့ ပြောတော့ “ဒါဟာ အစ္စလာမ်ဘာသာဝင်တွေကို မူဆလင်စစ်စစ်တစ်ယောက် ဖြစ်လာအောင် အားပေးတယ်၊ တိုက်တွန်းတယ်၊ အတွင်းရော အပြင်ပါပေါ့၊ အပြင်ဆိုတာကတော့ အပြင်ပန်း အသွင်အပြင်၊ အတွင်းဆိုတာက အစ္စလာမ်အဆုံးအမတွေကို အတိအကျ လိုက်နာဖို့ပါ။ တဗ်လီးဂ်တစ်ယောက်ဟာ တတ်နိုင်သလောက် အနီးစပ်ဆုံး တမန်တော် (မိုဟာမက်) နဲ့တူအောင်နေရမယ်” လို့ သူက ဆိုပါတယ်။

တဗ်လီးဂ် တွေကြောင့် မူဆလင်တွေအကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကိုတော့ သူက အရေးမကြီး သလို ပေါ့ပေါ့ပါးပါး ပြောပါတယ်။ သူတို့ရဲ့ အပြင်အသွင်သဏ္ဍာန်တွေကြောင့် ထူးထူးခြားခြားဖြစ်နေတော့ ပြောစရာ ဖြစ်မနေဘူးလား ဆိုတော့ သူက “တဗ်လီးဂ် တွေအားလုံး မုတ်ဆိတ်ရှည်ထားကြတာ၊ ကုရ်သာ (Kurta) အင်္ကျီဖြူရှည်တွေ ဝတ်ကြတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

“အမျိုးသမီးတွေအတွက်တော့ အပြောင်းအလဲက အမျိုးသားတွေထက် ပိုပါတယ်။ ဒါပေမဲ့ အသွင်အပြင်က သိပ်ကြီးတဲ့ ပြဿနာလို့တော့ ကျွန်တော် မထင်ဘူး။ ကျွန်တော်တို့က တခြားသူတွေနဲ့ မတူဘူးလို့ တချို့က ပြောပါတယ်။ ဒါပေမဲ့ ဒီကွဲလွဲချက်တွေကပဲ ကျွန်တော်တို့ကို ပြိုင်ဘက်တွေ၊ ရန်ဘက်တွေဖြစ်အောင် လုပ်တယ်၊ ဒါမှမဟုတ် ဒီခြားနားချက်တွေက တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်အောင် ဆွပေးနေတာလ့ို ကျွန်တော် မထင်ပါဘူး။ တဗ်လီးဂ် ကို ဆန့်ကျင်တဲ့ မူဆလင်တွေအတွက်ကတော့ သူတို့ကို အမြင်မှန်ရစေဖို့ ကျွန်တော်တို့ အချိန်ယူရအုံးမှာပါ။ ဝေဖန်မှုတွေနဲ့ ကြုံနေရပေမဲ့ ကျွန်တော်တို့ ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

Frontier က တခြား တဗ်လီးဂ်အချို့ကို အင်တာဗျူးဖို့ ကြိုးစားခဲ့ပေမဲ့ အများအပြားကတော့ ထိလွယ်ရှလွယ်ဖြစ်တဲ့ အကြောင်းအရာလို့ ပြောကြားခဲ့ပြီး သုံးသပ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

မန္တလေးက တဗ်လီးဂ်နောက်လိုက်အချို့ကတော့ လှုပ်ရှားမှုရဲ့ အခြေခံစည်းမျဉ်းတွေကို Frontier ကို အလွတ်သဘော ရှင်းပြခဲ့ပါတယ်။

ဒီလှုပ်ရှားမှုက ဒီမြို့မှာ သိပ်မထင်ရှားပါဘူး။ တဗ်လီးဂ်တွေကို လူတွေကြားမှာ တွေ့ရခဲပါတယ်။ နောက်ပြီး အင်တာဗျူး လုပ်ခဲ့တဲ့ သူတွေကလည်း အခြားမူဆလင်တွေလို ဝတ်ထားကြပြီး မုတ်ဆိတ်မွှေးလည်း တိုပါတယ်။ မုတ်ဆိတ်ရှည်၊ မူဆလင်အမျိုးသားဝတ် အပေါ်ဝတ်စုံတွေ ဝတ်တာထက် နည်းနည်းပိုရှည်တဲ့ ရှပ်အကျီကိုသာ ဝတ်ကြပါတယ်။ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “တဗ်လီးဂ် က ဒီမှာ ကောင်းပါတယ်” လို့ပဲ သူတို့က ပြောပါတယ်။

အစ္စလာမ်ဘာသာရေးကောင်စီကလည်း ဒီဆောင်းပါးအတွက် သုံးသပ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အိုလမာ အဖွဲ့ကြီးဟာ မူဆလင်တွေကို “ဘယ်ဟာကိုတော့ လုပ်ပါ၊ ဘာကိုတော့ မလုပ်နဲ့” စသဖြင့် ဘယ်တုန်းကမှ မညွှန်ကြားခဲ့ပါဘူးလို့ ဦးကျော်ငြိမ်းက ဆိုပါတယ်။

“ကိုယ်ယုံကြည်တာ ကိုယ်လုပ်ကြပေါ့။ ယုံကြည်ချက်ကြောင့်တော့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ အထင်မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အိုလမာ အဖွဲ့ကြီးဟာ တခြားသူတွေရဲ့ ယုံကြည်မှုကို စော်ကားရာ ရောက်နိုင်တဲ့ ရေးသားပြောဆိုမှုတွေကို ရှောင်ကြဉ်ပါတယ်။ ဒါမှမဟုတ် ယုံကြည်သူတွေကြား နားလည်မှုလွဲစေတဲ့ ရေးသား ပြောဆိုမှုတွေကိုလည်း ရှောင်ကြဉ်ပါတယ်။ ဒီလိုအပြုအမူတွေ ရှောင်ဖို့ အားလုံးကို တိုက်တွန်းပါတယ်” လို့ သူက ပြောပါတယ်။

လာဟိုးမြို့မှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော Raiwind ၌ လေးရက်ကြာ ကျင်းပမည့် တဗ်လီးဂ်အစည်းအဝေး တက်ရောက်ရန် ထရပ်ကားဖြင့် ရောက်ရှိလာသော ပါကစ္စတန်မူဆလင်များ။ ဓာတ်ပုံ-အေအက်ဖ်ပီ

လာဟိုးမြို့မှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော Raiwind ၌ လေးရက်ကြာ ကျင်းပမည့် တဗ်လီးဂ်အစည်းအဝေး တက်ရောက်ရန် ထရပ်ကားဖြင့် ရောက်ရှိလာသော ပါကစ္စတန်မူဆလင်များ။ ဓာတ်ပုံ-အေအက်ဖ်ပီ

တဗ်လီးဂ် ဂျမာအသ်ကို ဝေဖန်သည့် မူဆလင်များကို ဦးကျော်ငြိမ်းက “မူဆလင် ဘာသာရေးပညာရှင်အများစု၊ ပညာရှင်တွေက ဒီအကြောင်း မပြောကြပါဘူး။ အရည်မရ အဖတ်မရပြောရတာကို ကြိုက်တဲ့ ဟိုမရောက်ဒီမရောက် အုပ်စုတွေပဲ ပြောကြတာပါ” လို့ တုန့်ပြန်ပါတယ်။

သူတို့က နိုင်ငံခြားသားတွေလို့ လူတွေက ထင်နေတာ

တဗ်လီးဂ် ကြီးထွားလာခြင်းက အိန္ဒိယမှ ဆင်းသက်လာသူများနှင့် ဗမာတွေကြား ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ယုံကြည်မှုမှာ အစဉ်အလာအရ ခြားနားတဲ့ မြန်မာနိုင်ငံရဲ့ မွတ်စလင်အသိုင်းအဝိုင်းကြား အက်ကြောင်းသစ်တွေ ဖန်တီးလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ကို မြင်လေ့ရှိတဲ့ ပုံစံကို ပဲ့တင်ထပ်မှုတစ်ခုအနေနဲ့ တချို့ဗမာမူဆလင်တွေက ထင်မြင်နေကြတာမှာ သူတို့ရဲ့ ယုံကြည်မှုတွေနဲ့ ဘဝနေနည်းပုံစံတို့ဟာ တဗ်လီးဂ် လှုပ်ရှားမှုရဲ့ ဘာသာရေး သိမ်းသွင်းမှုတွေကြောင့် ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုကြတယ်။ သူတို့ပြောဆိုချက်တွေအရ ဗမာမူဆစလင်အများစုက သူတို့ကိုယ်သူတို့ တဗ်လီးဂ် ကို သူတို့ရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာအနေနဲ့ ခံယူလာနေကြတယ်လို့ ဆိုတယ်။

၂ဝ၁၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Metamorphosis: Studies in Social and Political Change in Myanmar စာအုပ်မှာ “တက်ဘလစ်ဂီဂျာမက်၏ မစ်ရှင်မှာ ဗမာဆန်နေခြင်းအား ဖြိုခွင်းခြင်းအားဖြင့် နိုင်ငံ၏ မွတ်စလင်များကို အစ္စလာမ်ဆန်လာအောင် ပြုလုပ်ခြင်းဖြစ်သည်” လို့ ရော်ဘင်းက ဖော်ပြခဲ့ပါတယ်။

တဖက်မှာလည်း မူဆလင်စာရေးဆရာလည်းဖြစ်၊ ကျူရှင်ဆရာတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်အောင်သန်းကတော့ တဗ်လီးဂ် ကြီးထွားလာခြင်းက မူဆလင်မဟုတ်သူတွေနဲ့ မူဆလင်တွေကြား တင်းမာမှုတွေကို ပိုပြီး မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ တဘလစ်အုပ်စုတွေရဲ့ ရှေးရိုးစွဲသွင်ပြင်က အခြားသူတွေအမြင်မှာ အလွန် သတိထားမိစေပြီး ထူးဆန်းနေစေတယ်လို့ မူဆလင်မဟုတ်သူတွေက မြင်ကြပါတယ်။

အထောက်အထားသိပ် မခိုင်လုံပေမယ့်လည်း ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မူဆလင်အသိုက်အဝန်းဟာ လျင်လျင်မြန်မြန် ကြီးထွားလာနေတယ်၊ ဒါမှမဟုတ် တရားမဝင်ရွှေ့ပြောင်းလာသူများက မြန်မာနိုင်ငံကို ကြီးစိုးသွားလိမ့်မယ်ဆိုတဲ့ သဘောထားအမြင်များကိုပင် ဖြစ်ပေါ်လာစေပါတယ်။

မကြားသေးခင်က မန္တလေးမှာ ဗမာမူဆလင်ခေါင်းဆောင်တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါ ကွဲပြားခြားနားတဲ့ မူဆလင်တွေဖြစ်တဲ့ တဗ်လီးဂ် တွေ အကြောင်းပြောကြပါတယ်။ တဗ်လီးဂ်တွေဟာ ဆယ်စုနှစ်အတိုင်းအတာ မကြာသေးခင်ကမှ မန္တလေးကို ရောက်လာခဲ့ပြီး သီးသန့်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဒီပြသနာကို မငြင်းနိုင်ပါဘူး။ တကယ်ဖြစ်နေတာပါ။ မူဆလင်မဟုတ်သူတွေက ထင်နေတာက သူတို့ တဗ်လီးဂ်တွေဟာ နိုင်ငံခြားသားတွေဖြစ်တယ်ဆိုတာမျိုးပေါ့” လို့ ဦးအောင်အောင်သန်းက ပြောပါတယ်။ တဗ်လီးဂ်တွေအနေနဲ့ ဗမာ့ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာနဲ့ တဗ်လီးဂ်လှုပ်ရှားမှုရဲ့ သဘောတရားကို ပေါင်းစပ်ပြီး ဗမာမှုပြုထားတဲ့ တဗ်လီးဂ် ကို ဖွဲ့စည်းဖို့ သူက အကြံပြုပါတယ်။

တချို့မူဆလင်တွေကတော့ ပိုပြီးအလယ်အလတ်ကျတဲ့ အစ္စလာမ်ပုံစံကို ထောက်ခံဖို့ လူမှုမီဒီယာကို အသုံးပြုပြီး တဗ်လီးဂ် ဂျမာအသ်ကို ဆန့်ကျင်ဖို့တောင် စည်းရုံးနေပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်အသိုင်းအဝိုင်းတွေ ပိုပြီးနီးနီးကပ်ကပ် ပေါင်းစည်းဖို့ ပြောခဲ့တဲ့အချိန်တစ်ခုကို ပြန်လည်တိုက်တွန်းနေကြပါတယ်။

လူ့အသိုင်းအဝိုင်းနှစ်ခုကြား အကြမ်းဖက်မှုဟာ ၂ဝ၁၂ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး ဘာသာနှစ်ခုကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့နောက်ပိုင်း အသက် ၃၆ နှစ်အရွယ် ကိုသက်ကိုကိုဟာ စိတ်တူကိုယ်တူမူဆလင်တွေနဲ့ ပေါင်းပြီး ရွေးလကျ်ာ လို့ခေါ်ဆိုတဲ့ အဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပါတယ်။

အဲဒီအဖွဲ့က အစ္စလာမ်ကိုကိုးကွယ်မှုနဲ့အတူ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းတာ ထောက်ခံပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်က အခြားလူမျိုးစုတွေ၊ အခြားဘာသာကိုးကွယ်သူတွေနဲ့ အတူယဉ်တွဲနေထိုင်ရေးနဲ့ သဟဇာတဖြစ်ရေးကို မြင့်တင်ဖို့ဖြစ်ပါတယ်လို့ ကိုသက်ကိုကို ကပြောပါတယ်။

အမည်ရဲ့အဓိပ္ပါယ်က ရွေးချယ်ထားတဲ့လူများ ဖြစ်ပြီး ၁၇ ရာစုနဲ့ ၁၈ ရာစု ညောင်ရမ်းခေတ်ကတည်းက ဗမာဘုရင်တွေထံမှာ အမှုထမ်းခဲ့တဲ့မူဆလင်စစ်သားတွေက အသုံးပြုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားက ရှင်းရှင်းလေးပါ။ မြန်မာမူဆလင်တွေဟာ ခွဲခြားခွဲခြားမနေသင့်ဘူး။ တခြားသူတွေနဲ့ ကင်းကွာမနေသင့်ဘူးဆိုတာပါ” လို့ ကိုသက်ကိုကိုက Frontier ကိုပြောပါတယ်။

တဗ်လီးဂ် အင်အားစုအချို့ကို ရှေးရိုးစွဲဗုဒ္ဓဘာသာဝါဒီ ၉၆၉ လှုပ်ရှားမှုနဲ့လည်း သူက ပုံနှိုင်းပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တရားမဝင်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝီရသူလို သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီတွေနဲ့ ၂ဝ၁၂ ခုနှစ်မှာ ထင်ရှားလာခဲ့တာပါ။

အိန္ဒိယနိုင်ငံ၊ Bhopal တွင် ကျင်းပသည့် တဗ်လီးဂ်ဘာသာရေး တွေ့ဆုံပွဲတက်ရောက်လာကြသူများအား Taj ul Masjid ဗလီပတ်ဝန်းကျင်၌ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

အိန္ဒိယနိုင်ငံ၊ Bhopal တွင် ကျင်းပသည့် တဗ်လီးဂ်ဘာသာရေး တွေ့ဆုံပွဲတက်ရောက်လာကြသူများအား Taj ul Masjid ဗလီပတ်ဝန်းကျင်၌ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

တဗ်လီးဂ်တွေဟာ မူဆလင်မဟုတ်ဆိုင်တွေဆီက ကုန်ပစ္စည်းနဲ့ အစားအစာတွေကို မဝယ်နဲ့ ဆိုတာမျိုး၊ မူဆလင်မဟုတ်သူတွေလို မဝတ်ဆင်နဲ့ ဆိုတာမျိုး သတင်းစကားတွေကို ဖြန့်နေကြတယ်လို့ ကိုသက်ကိုကိုက ဆိုပါတယ်။

သူ့အဖွဲ့နဲ့ တခြားသူတွေက တဗ်လီးဂ်တွေရဲ့ လှုပ်ရှားမှုကို လက်မခံဖို့ ကြိုးပမ်းပေမဲ့လည်း အထူးသဖြင့် ကျေးလက်ဒေသတွေမှာ တဗ်လီးဂ်တွေက အယူအဆပြိုင်ပွဲမှာ အသာစီးရနေတယ်လို့ သူကပြောပါတယ်။ တဗ်လီးဂ်တွေရဲ့ ဟောပြောမှုကြောင့် ဝေးလံခေါင်သီတဲ့ ကျေးလက်နဲ့ ဒေသတွေက အလွန်များပြားတဲ့ မူဆလင်တွေဟာ သူတို့ဟာ တခြားသူတွေနဲ့ ကွဲပြားဖို့လိုတယ်လို့ စပြီးတွေးခေါ်နေကြပြီလို့လည်း သူက ပြောပါတယ်။

“တဗ်လီးဂ်မစ်ရှင်တွေဟာ ချမ်းသာတဲ့ မူဆလင်တွေက ငွေကြေးထောက်ပံ့တာကြောင့် အလွန်အားကောင်းတယ်။ စနစ်တကျ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့် မွတ်စလင်တွေအသိုင်းအဝိုင်းမှာ မြန်မာ့ရိုးရာအစဉ်အလာတွေကို မြင့်တင်ဖို့ ခက်ခဲတယ်။ ဘာသာတရားဟာ အတိမ်းအစောင်းမခံတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ကျွန်တော်တို့လည်း ဝေဖန်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး သဟဇာတဖြစ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားမှာပါ” လို့လည်း သူကပြောကြားခဲ့ပါတယ်။

ငယ်ရွယ်တဲ့ မူဆလင်ရှေ့နေတစ်ဦးနဲ့ တဗ်လီးဂ် ဟောင်းတစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်လတ်ကလည်း ဗုဒ္ဓဘာသာဝါဒီ အမျိုးသားရေးဝါဒကြီးထွားနေချိန်မှာ တက်ဘလစ်ဂီတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

“ခေါင်းဆောင်တွေအနေနဲ့ တက်ဘလစ်ဂီလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပိုပြီးရှင်းလင်းတဲ့ လမ်းညွှန်မှုတွေ ချမှတ်သင့်တယ်” လို့ သူက အကြံပြုပါတယ်။ သီရိလင်္ကာမှာတော့ တက်ဘလစ်တွေ ခရီးမထွက်ခင် စနစ်ကျတဲ့ သင်တန်းတွေ ပေးနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုးစနစ်ကျတဲ့ ပုံစံမရှိဘူးလို့ သူကပြောပါတယ်။

သူ့ကို တက်ဘလစ်ဂီတစ်ယောက်ဖြစ်လာဖို့ သူဝတ်ပြုလေ့ရှိတဲ့ ဗလီမှာ တခြားသူတွေက ဖိအားပေးတာမျိုး ခံရဖူးတယ်လို့လည်း သူကဆိုပါတယ်။ သူက အစ္စလာမ်ဘာသာရဲ့ အဓိကမဏ္ဍိုင်ကြီးတွေကို လက်ခံပေမဲ့ ဒီလှုပ်ရှားမှုကိုတော့ သိပ်ခံတွင်းမတွေ့လှသူ တယောက်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမသက်မသာဖြစ်တဲ့ ဘာသာရေး ဝတ်စုံကြီးတွေကို လူတွေကြားထဲမဝတ်ချင်ဘူးလို့ ဆိုပါတယ်။ တချို့ တဗ်လီးဂ် ခေါင်းဆောင်အချို့က သူတို့ရဲ့ နောက်လိုက်တွေကို သိပ်ပြီးမတင်းကျပ်ပေမဲ့ တချို့ကတော့ ဒီဝတ်စုံကြီးတွေဝတ်ဖို့ တင်းကျပ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က မီးစိမ်းပြခြင်း

စစ်တပ်အုပ်ချုပ်မှုအောက်မှာ တဗ်လီးဂ် ဂျမာအသ် က ကြိုးစားခွင့်ရခဲ့တယ်ဆိုတာက စဉ်းစားစရာပါ။ ပြည်ပသာသနာပြုတွေ လာတယ်သွားတယ် ။အရင်နဲ့စာရင် လွတ်လွတ်လပ်လပ်ရှိခဲ့ပါတယ်။ ၂ဝဝဝ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းကနေ နောက်ပိုင်းလောက်ထိက တက်ဘလစ်ဂီတွေဟာ ရန်ကုန်မှာ ကြီးမားတဲ့ လူထုဟောပြောမှုတွေ ကျင်းပနေခဲ့ကြပြီး တက်ရောက်သူတွေလည်း ထောင်ဂဏန်းတော်တော်များများအထိ ရှိခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ လျှို့ဝှက်ကြံစည်မှုပုံစံမျိုး အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး လူ့အသိုင်းအဝိုင်းနှစ်ခုကြားတင်းမာမှုကို မီးထိုးပေးဖို့ ဒီလိုလှုပ်ရှားမှု ကြီးထွားလာအောင် စစ်တပ်က အားပေးလိုက်ခြင်းဖြစ်ပါတယ်။ စစ်အစိုးရက တဗ်လီးဂ်ပွဲတွေကို ခွင့်ပြုချိန်မှာ “ဘာသာပေါင်းစုံဆွေးနွေးပွဲအချို့ကို စီစဉ်ဖို့ ကျွန်တော်တို့ လူငယ်မူဆလင်တွေကို ခွင့်မပြုပါဘူး” လို့ ကိုသက်ကိုကိုကပြောပါတယ်။

တဗ်လီးဂ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကို သာသနာရေးဦးစီးဌာနထံကို မှန်မှန်သတင်းပို့ရတယ်လို့ ကိုကျော်ဇင်လတ်က ပြောပါတယ်။ ဒါပေမဲ့ သူနားမလည်ခဲ့တာကတော့ မူဆလင်တွေကို မုန်းပါတယ်လို့ဆိုတဲ့ စစ်အစိုးရက သာသနာပြုလုပ်ငန်းတွေကို ဘာ့ကြောင့် တဗ်လီးဂ်တွေကို လုပ်ခွင့်ပေးသလဲ ဆိုတာပါ။

“အဲဒီအချိန်က လူငါးယောက်နဲ့ အထက်စုဝေးရင်တောင် တရားမဝင်ဘူးလို့ စစ်အစိုးရက အမိန့်ထုတ်ခဲ့တဲ့အချိန်လေ” လို့ သူကဆိုပါတယ်။ “ဗုဒ္ဓဘာသာဘုန်းကြီးတချို့တောင် တရားပွဲတွေဟောဖို့ အခက်အခဲရှိခဲ့တယ်။ ဒါပေမဲ့ ဒီဖက်အုပ်စုကိုကျတော့ အများကြီး စုဝေးခွင့်ပေးခဲ့တာ တွေ့ရတယ်။ မူဆလင်ကို မုန်းတဲ့ ဗိုလ်ချုပ်တွေက ဘာ့ကြောင့် တဗ်လီးဂ်တွေရဲ့ လှုပ်ရှားမှုတွေကို ဘာ့ကြောင့် မတားဆီးခဲ့သလဲဆိုတာ စဉ်းစားစရာပဲ” လို့ သူက ဆက်ပြောပါတယ်။

“ပိုပြီးဖြစ်နိုင်ခြေရှိတာကတော့တဗ်လီးဂ်လှုပ်ရှားမှုက ငြိမ်းချမ်းမှုရှိတယ်ဆိုတာ စစ်တပ်က နားလည်တယ်။ တဗ်လီးဂ်တွေက ဘောင်တွေအတွင်းက သာသနာပြုအလုပ်တွေလုပ်နိုင်တယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုရှိခဲ့တာမျိုး” လို့ ဟော့စ်မန်းက ဆိုပါတယ်။

“တဗ်လီးဂ်တွေက ဘာခြိမ်းခြောက်မှုမှ မရှိဘူးဆိုတာ စစ်တပ်က နားလည်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတစ်ခု၊ နောက်ပြီးတော့ ဒါဟာ တကယ့်ကို ကမ္ဘာတစ်ဝန်းက အခြားနေရာတွေမှာဖြစ်နေတဲ့ အစွန်းရောက် အခြေခံဝါဒီ လှုပ်ရှားမှုတွေနဲ့ တကယ်ကို ခြားနားတယ်ဆိုတာ သူတို့(စစ်တပ်) နားလည်ပါတယ်” လို့ သူကပြောပါတယ်။

တဗ်လီးဂ်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ဇင်လတ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

တဗ်လီးဂ်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ဇင်လတ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

အစိုးရသတင်းပေးအချို့လည်း တရားဟောတာတွေ နားထောင်ပြီး အထက်အရာတွေဆီ သတင်းပြန်ပို့ဖို့ သူ့ရဲ့ ဗလီကို လာတက်တတ်တယ်လို့ အီဘရာဟင်က ပြောပါတယ်။

“တဗ်လီးဂ်အစီစဉ်တွေ ဖွင့်လိုက်တော့ မူဆလင်အများအပြားက ကျွန်တော်တို့ဆီလာကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေလည်း ဗလီထဲရောက်လာပြီး ကျွန်တာ်တို့ ခေါင်းဆောင်တွေ ပြောတာကို နားထောင်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့က နိုင်ငံရေးနဲ့ ဘာမှမပါတ်သက်ဘူးဆိုတာ သူတို့သဘောပေါက်သွားတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်” လို့ သူကဆိုပါတယ်။

အိုလမာ အဖွဲ့က ဦးကျော်ငြိမ်းကလည်း အလားတူရှင်းပြခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ်က တဗ်လီးဂ်လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အဖွဲ့အချို့က ကြိုးစားခဲ့ဘူးတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဗ်လီးဂ်ခေါင်းဆောင်တွေက သူတို့ရဲ့ ယုံကြည်မှုတွေအကြောင်း ရှင်းပြခဲ့ပြီး အစိုးရကလည်း အဲဒီလှုပ်ရှားမှုတွေကို သဘောတူခဲ့ပါတယ်။

ဆွေးနွေးမှုကို စတင်ခြင်း

အစ္စလာမ်ဘာသာရဲ့ အခြေခံပုံစံ အထူးသဖြင့် အသွင်အပြင်ပိုင်းမှာ ကျင့်သုံးဖို့ မူဆလင်တွေကို အားပေးရာမှာ ငြိမ်းချမ်းပြီး နိုင်ငံရေးနဲ့ မဆိုင်တဲ့ တဗ်လီးဂ် ဂျမာအသ်က အောင်မြင်မှုရပေမဲ့ ဗုဒ္ဓဘာသာဝင် အများအပြားက အမျိုးဘာသာသာသနာရဲ့ အနာဂါတ်အတွက် စိုးရိမ်ချိန် ဗုဒ္ဓဘာသာဝင်တွေနဲ့  မူဆလင်တွေကြား သွေးကွဲမှုကို အားကောင်းစေခဲ့ပါတယ်။

ဒါပေမဲ့ တဗ်လီးဂ် ဂျမာအသ်က မွတ်စလင်တွေအပေါ်ခွဲခြားဆက်ဆံမှုတွေ၊ ဒါမှမဟုတ် ၂ဝ၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအကြောင်းကိုတော့ ရှင်းမပြခဲ့ပါဘူး။ တဗ်လီးဂ်နောက်ကိုလိုက်သူတွေဟာ သူတို့ရဲ့ တရားဝင်အခွင့်အရေးကို ရိုးရိုးလေးပဲ အသုံးချကြတယ်။ တခြားသူတွေကို အနှောက်အယှက်မပေးပါဘူး။

တဗ်လီးဂ် ဂျမာအသ်ဟာ အခုမှပေါ်လာတာမဟုတ်ဘူးဆိုတာ အသိပေးဖို့ အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုက သူ့အသိုင်းအဝိုင်းတွေကြား တင်းမာခြင်းရဲ့ အရင်းအမြစ်တစ်ခုအဖြစ် အခုချိန်ကျမှ ဖြစ်လာနေပြီဆိုရင် ဒါဟာ အထူးသဖြင့် ၂ဝ၁၁ က စတင်ခဲ့တဲ့ အသွင်ကူးပြောင်းရေးကာလ နောက်ပိုင်း ပြောင်းလဲလိုက်တဲ့ နိုင်ငံရေး၊ လူုမှုရေး အပြောင်းအလဲတွေကြောင့်ပါ။

တဗ်လီးဂ် ဂျမာအသ် ဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေအစောပိုင်းကတည်းက သြဇာရှိနေခဲ့တာဖြစ်တယ်လို့ ဟောစ်မန်းက ပြောပါတယ်။ “အသစ်အဆန်းကတော့ ဗုဒ္ဓဘာသာဝင်တွေဆီက စိုးရိမ်မှုတွေပါ။ စိုးရိမ်မှုက တကယ်ကို ကြီးမားပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတချို့ရဲ့ အမုန်းစကားတွေကြောင့်လည်း ပိုပြီး ကြီးထွားလာခြင်းဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ဒီတင်းမာမှုတွေကို ကျော်လွှားဖို့က တွေ့ဆုံဆွေးနွေးမှုနဲ့ နားလည်မှုတွေ လိုအပ်ပေမဲ့ ဆွေးနွေးမှုစတင်ဖို့ကတော့ ခက်ခဲနေဆဲပါပဲ။ “မူဆလင်အသိုင်းအဝိုင်းဟာ ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ ခံစားမှုမျိုးရှိနေတာကြောင့် သဘောကွဲလွဲမှု ဒါမှမဟုတ် သဘောမတူညီမှုကို အန္တရာယ်ရှိတယ်လို့ မြင်တဲ့နေရာမှာ ယဉ်ကျေးမှုတစ်ခုက ဖြစ်ထွန်းလာပါပြီ။ စစ်အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုလိုမျိုးပါ” လို့ ကိုကျော်ဇင်လတ်က ပြောပါတယ်။

ရလဒ်အနေနဲ့ကတော့ တခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့တောင် မဆိုထားနဲ့ မူဆလင်အချင်းချင်းကြားမှာတောင် ကိုယ်ပိုင်အမှတ်လက္ခဏာတို့ ယုံကြည်မှုတို့ ဆိုတာတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေတောင် ပေါ်လာဖို့ ခက်ခဲနေပါတယ်။

“တကယ်လို့ လူတချို့က မူဆလင်တွေလုပ်တဲ့ အမှားအယွင်းတချို့ကို ဝေဖန်ရင် မူဆလင်ခေါင်းဆောင်တွေက သူတို့ကို အပြစ်တင်မှာပဲ။ သူတို့က ပြောမယ် ‘မင်းတို့ နားမလည်ဘူးလားတို့ ဒီအခြေအနေမှာ ငါတို့စည်းလုံးရမည်တို့ စသဖြင့် ပြောကြမယ်” လို့ ကိုကျော်ဇင်လတ်က ပြောပါတယ်။ “လူ့အသိုင်းအဝိုင်းမှာ ဒါက တကယ့်ပြသနာကြီးတစ်ခုပါ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်းဆောင်ပြောသမျှ လူတွေယုံကြည်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးပေးလို့ပါ” လို့ သူကဆိုပါတယ်။

တဗ်လီးဂ် ဂျမာအသ်က မြန်မာနိုင်ငံရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပေါ်စေပါတယ်။

သောမတ်စ်ကင်းန် ဖြည့်စွက်ရေးသားသည်။

ခေါင်းစိးဓာတ်ပုံ-ရန်ကုန်မြို့လယ်က တစ်ခြမ်းပဲဗလီသည် တဗ်လီးဂ်ဂျမာအသ် လှုပ်ရှားမှု၏ အချက်အချာနေရာတစ်ခုဖြစ်သည်။ ဓာတ်ပုံ- စတိဗ်တစ်ခ်နာ

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar