တပ်မတော် ခေါင်းဆောင်တွေကို အရေးယူသင့်သလား

စည်သူအောင်မြင့် ရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ခေါ်တဲ့ မူဆလင်တွေကို မြန်မာ့တပ်မတော်က အင်အား အလွန်အကျွံသုံးပြီး ဖိနှိပ်ခဲ့တာကို တန်ပြန် အရေးယူတဲ့အနေနဲ့ တပ်မတော်ထိပ်ပိုင်း တာဝန်ရှိသူတွေကို ဥရောပ သမဂ္ဂ EU က ဆက်ဆံမှုတွေ ရပ်ဆိုင်းတော့မယ်ဆိုပြီး အေအက်ဖ်ပီ သတင်းက ဆိုပါတယ်။

အရေးယူမှုထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိပ်ပိုင်းအရာရှိတွေကို ဆက်ဆံဖိတ်ကြားတာတွေ ရပ်ဆိုင်းထားမယ့်အပြင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆိုင်းငံ့ထားမယ်လို့ အီးယူသံတမန်တွေရဲ့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေ အကောင်းဘက်ကို တိုးတက်မလာဘူးဆိုရင် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာမျိုး လုပ်ချင်လည်း လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မက ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက အဲဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တံခါးဖွင့် အစည်းအဝေး လုပ်ခဲ့သလို၊ အမေရိကန် အောက်လွှတ်တော်မှာလည်း ကြားနာပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီစည်းဝေးပွဲနဲ့ ကြားနာပွဲကနေ ထင်ထင်ရှားရှား ပေါ်ထွက်လာတဲ့ အချက်တစ်ခုကတော့ အနောက်နိုင်ငံ အစိုးရတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရနဲ့ တပ်မတော် အင်အားစု နှစ်ရပ် အပြိုင်အုပ်ချုပ်နေတဲ့ အခြေအနေကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရကိုတော့ ထောက်ခံပါရဲ့၊ ဒါပေမဲ့ လက်ရှိ သူတို့အခေါ် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးမှုကို ဖြစ်ပေါ်စေတဲ့ကိစ္စမှာတော့ တပ်မတော်က တာဝန်ရှိတယ်လို့ ယူဆပြီး တပ်မတော်နဲ့ တပ်မတော် ခေါင်းဆောင်တချို့ကို အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ပြောဆိုမှုတွေတောင် ရှိခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ပြဿနာတွေ ပြေလည်နိုင်ရေး၊ နိုင်ငံတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်နိုင်ဖို့အတွက် သူတို့ပြောနေကြသလို၊ တပ်မတော်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့ဖို့ သင့်တော်ရဲ့လားဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ဒီနေရာမှာ မြန်မာ့တပ်မတော်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အစိုးရတွေအနေနဲ့ ဘယ်လို ချဉ်းကပ် ဆောင်ရွက်ခဲ့လို့ ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့သလဲဆိုတာ ပြန်ပြီးဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ၂၀၁၁ ခုနှစ်မတိုင်မီထိ မြန်မာ့တပ်မတော်ဟာ ကမ္ဘာပေါ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံးသော တပ်မတော်တွေထဲ စာရင်းဝင်ခဲ့ပါတယ်။

တိုင်းပြည်ကို စစ်အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး မပေးဘဲ အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်ခဲ့တာ၊ ပြည်တွင်းစစ်အတွင်း ရှေ့တန်းမှာ တိုင်းရင်းသားတွေကို မတော်မတရား ပြုကျင့်တာ၊ နိုင်ငံအနှံ့ ပေါ်တာတွေဆွဲပြီး နှိပ်စက်ညှင်းပန်းတာ၊ အဲဒီ ပေါ်တာတွေကို လူသား မိုင်းရှင်းကိရိယာတွေအဖြစ် အသုံးချတာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ ကလေးစစ်သား အသုံးပြုတာ စတဲ့ စတဲ့ ပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့တယ်ဆိုပြီး ဝေဖန်ပြစ်တင်ခံရတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ အဲဒီ ခေတ်ကာလတလျောက်လုံး အနောက်နိုင်ငံတွေကနေ မြန်မာနိုင်ငံနဲ့ စစ်ခေါင်းဆောင်တွေအပေါ် နှစ်ပေါင်းများစွာ အရေးယူ ဒဏ်ခတ်ပတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့ ထူးထူးခြားခြား ထိရောက်မှုရှိခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား သိပ်မတွေ့မြင်ကြရပါဘူး။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ရောက်တော့ နိုင်ငံရေးအရ ဖြေလျှော့ပေးတာတွေ၊ တပ်မတော်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာတွေ စ လုပ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက်အောင် သမိုင်းမှာ ဘယ်အစိုးရမှ မလုပ်ခဲ့ဖူးတဲ့ လိုက်လျောမှုတွေနဲ့ ချဉ်းကပ်ဆောင်ရွက်ပါတယ်။

တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့ဒဏ်ခတ်ဖို့ ပြောနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပူးပေါင်းကူညီအားပေးခြင်းသည်သာ ရခိုင်ပြည်နယ် ပြဿနာနဲ့ မြန်မာနိုင်ငံပြဿနာကို ကူညီဖြေရှင်းပေးရာ ရောက်မှာဖြစ်ပါတယ်။

အဲဒီလို အခြေအနေတွေအောက်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဘက်ကလည်း အရေးယူ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သလို၊ အစိုးရ၊ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ပါတယ်။ ဒီလို ထိတွေ့ဆက်ဆံမှုရဲ့ သွယ်ဝိုက်သော အကျိုးဆက်အနေနဲ့  အချိန်တိုအတွင်း ၂၀၁၅ ခုနှစ်မှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာပြီး အသွင်ကူးပြောင်းရေး အခြေအနေ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေဘက်မှာ ပြဿနာ နှစ်ခု ရှိနိုင်ပါတယ်။ တစ်ခုက ရခိုင်ပြည်နယ်က မူဆလင်တွေကို ခိုးဝင်သူတွေလို့ သူတို့က သတ်မှတ်ပြီး အဲဒီလူတွေကို လက်မခံနိုင်၊ လက်ခံလိုက်ရင် အချုပ်အခြာအာဏာ ထိပါးခံရတာပဲဆိုတဲ့ ခံယူချက်မျိုးဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr Scot Alan Marciel နဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီအတိုင်း ထပ်ပြီးပြောဆိုခဲ့ပါသေးတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ကိုလိုနီပြုမှုခံရတဲ့ နိုင်ငံတွေ အများကြီးရှိပြီး ရခိုင်ပြည်နယ်က အဖြစ်အပျက် ကံကြမ္မာနဲ့ အလားတူ ပြဿနာမျိုး နိုင်ငံအများအပြား ကြုံခဲ့ရပါတယ်။ အဲဒီပြဿနာကို သက်ဆိုင်ရာနိုင်ငံတွေက အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းကြပုံတွေကို သင်ခန်းစာယူ၊ အတုခိုးဖို့ တပ်မတော်ခေါင်းဆောင်တွေ နားလည်လာအောင် ဝိုင်းပြီး ဆွဲဆောင်ရှင်းပြကြရမှာပဲ ဖြစ်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုကို ကိုင်တွယ်ပုံဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ဘာတွေမှားခဲ့သလဲဆိုတာ ဝေဖန်ထောက်ပြဖို့ ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုကို နှိမ်နင်းစဉ်ကလည်း အလားတူ စွပ်စွဲခံရတဲ့ ပြဿနာ ကြုံခဲ့ပြီး တပ်မတော်ဟာ သူ့ကိုယ်ပိုင် စုံစမ်းရေးကော်မတီဖွဲ့၊ ကိုယ့်ဖာသာ ကိုယ်ဖြေရှင်းခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါတယ်။

အခုတစ်ကြိမ်မှာလည်း တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ကိုင်တွယ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာနဲ့ပတ်သက်ပြီး ဥပဒေမဲ့ ပြုကျင့်မှုတွေကို တပ်မတော် ခေါင်းဆောင်တွေကိုယ်တိုင် ဖြေရှင်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲလိုဖြစ်အောင် ကြိုးစားနေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လက်ရှိ အီးယူ၊ အမေရိကန်၊ ဗြိတိန် သံတမန်တွေ ပြောဆိုနေသလို၊ မြန်မာ့တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်လာခဲ့ရင် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းတဲ့ဘက်ကို ရောက်မလာဘဲ အခြားတစ်ဖက်စွန်းကို ရောက်သွားနိုင်တဲ့ အနေအထားမျိုး ကြုံကောင်းကြုံရနိုင်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ ကောင်းတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။

ဒီလို အတွေ့အကြုံမျိုး အနောက်နိုင်ငံတွေကနေ စစ်အာဏာရှင်တွေအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ခဲ့တဲ့ ရှည်လျားလှတဲ့ကာလကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး အီးယူအပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့ဒဏ်ခတ်ဖို့ ပြောနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပူးပေါင်းကူညီအားပေးခြင်းသည်သာ ရခိုင်ပြည်နယ် ပြဿနာနဲ့ မြန်မာနိုင်ငံပြဿနာကို ကူညီဖြေရှင်းပေးရာ ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် မြှင့်တင်ရေး အကူအညီ ပေးရာရောက်မှာ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကို မြှင့်တင်ရာမှာလည်း အားပေးအားမြှောက် ပြုရာရောက်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar