တပ်မတော်၏ ပြောဆို ထုတ်ပြန်ချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုဟု တပ်ချုပ်ပြော

တပ်မတော်က နိုင်ငံတော်ကို ကိုယ်စားပြုသည့်အတွက် တပ်မတော်၏ ပြောဆိုချက်၊ ထုတ်ပြန်ချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ပြောဆိုချက်များသည် ဖြစ်စဉ်မှန်များ ဖြစ်သည်ဟုလည်း အောက်တိုဘာ ၁၈ ရက်နေ့က ရုရှားသံအမတ်ကြီးနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်သည့် အစီရင်ခံစာသည် တစ်ဖက်သတ် စုံစမ်းရရှိချက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ မှန်ကန်စွာရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ဖြစ်စဉ်များအပေါ်တွင် ရုရှားနိုင်ငံက နားလည်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကာ မိတ်ဆွေကောင်းနိုင်ငံတစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီ၌ ဆွေးနွေးမှုတိုင်းတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့မှုကို ၎င်းက ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် နည်းမျိုးစုံအကြောင်းပြလျက် မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကို နိုင်ငံတကာက လုပ်ဆောင်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“မိမိတို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်လျက်ရှိပြီး ယင်းသို့ ကာကွယ် စောင့်ရှောက်ခြင်းသည်လည်း တရားမျှတမှုရှိပါကြောင်း” ၎င်းက ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေသလို နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သည့်၊ နိုင်ငံတော်က အားကိုးရသည့် ခေတ်မီတပ်မတော် (Standard Army) ဖြစ်အောင် တည်ဆောက်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

ထို့ပြင် “ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိသည့်အတွက် ပြည်သူက ရွေးချယ်ထားသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar