တပ်မတော်ကို စော်ကားသည့် စာများကို မော်တော်ယာဉ်ပေါ်တွင် ရေးသားမှုဖြင့် သရုပ်ဆောင်တစ်ဦးအား ထောင်ဒဏ် သုံးနှစ်နီးပါး ချမှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်နေ့က ပြောကြားသည်။
တေးဂီတဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ဖူးသူ အသက် ၃၅ နှစ်အရွယ် လင်းမောင်(ခ) ထွန်းလင်သိန်း (ခ) ထွန်းလင်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ၎င်း၏ ငွေရောင်နစ်ဆန်းကားပေါ်တွင် တပ်မတော်အား စော်ကားသည့်စာများအား ဆေးများဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ ချမှတ်ခဲ့ပါတယ်” ဟု အဆိုပါ အမှုကို ကိုင်တွယ်သူ ရဲအရာရှိ သိန်းဟန်က အေအက်ဖ်ပီကို ပြောကြားသည်။
၎င်း၏ ကားပေါ်တွင် ဆေးများဖြင့် တပ်မတော်ကို စော်ကားသည့် စာများနှင့်အတူ နိုင်ငံတော်အလံနှင့် သာသနာ့အလံတို့အား တိပ်များဖြင့် ကပ်လာသည့်အတွက် အလံတော်အား စော်ကားမှုဖြင့်လည်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“သူ့အပြုအမူက တပ်မတော်ကို စော်ကားရုံတင်မဟုတ်ပါဘူး။ နိုင်ငံတော်အလံနဲ့ သာသနာ့အလံကိုပါ စော်ကားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။