ကချင်ပြည်နယ်တွင် တပ်မတော် မော်တော်ယာဉ်တန်းအား ဓာတ်ပုံရိုက်ယူသူ အမျိုးသားတစ်ဦးကို စစ်သည်တစ်ဦးက သေနတ်ဖြင့် ခြောက်လှန် ပစ်ခတ်ခဲ့ရာတွင် လွဲချော်သွားပြီး လမ်းဘေးမှ အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို မော်တော်ယာဉ်များဖြင့် ပုံမှန် ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၀ ရက်နေ့၊ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တိန်ကောက်ကျေးရွာ၏အရှေ့ဘက် ရွာအဝင်သို့ရောက်ရှိစဉ် မသင်္ကာဖွယ်အမျိုးသားတစ်ဦးက လုံခြုံရေး မော်တော်ယာဉ်တန်းအား ဓာတ်ပုံရိုက်ယူခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဓာတ်ပုံရိုက်ကူးခြင်းမပြုရန်နှင့် ရိုက်ကူးပြီး ဓာတ်ပုံများအား ပြန်ပေးရန် စစ်သည်တစ်ဦးက အဆိုပါ အမျိုးသားအား ပြောကြားခဲ့သည်ဟုဆိုသည်။ သို့သော် အဆိုပါ အမျိုးသားက ပြန်လည်အကြောင်းပြန်ကြားခြင်းမပြုဘဲ မော်တော်ဆိုင်ကယ်အား ရုတ်တရက် အပြင်း မောင်းနှင်ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်ဘီးကို သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကျည်ဆန်က မော်တော်ဆိုင်ကယ်ဘီးကို ထိမှန်ခြင်း မရှိဘဲ ကျေးရွာအဝင်လမ်းဘေးရှိ ကေဘယ်လ်လိုင်းဆောက်လုပ်ရေးခွင်၊ ယာယီတဲ၌ ထမင်းချက်နေသည့် မခိုင်ချိုဆိုသူအား ထိမှန်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေနတ်ဒဏ်ရာရရှိခဲ့သည့်မခိုင်ချိုအား တပ်မတော်စစ်ကြောင်းက အားပေးကူညီ ထောက်ပံ့မှုများပြုလုပ်ပေးပြီး တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဓာတ်ပုံရိုက်ယူသည့် အမျိုးသားအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် သေနတ်နှင့် ပစ်ခတ်သည့်စစ်သည်အား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်တွင် တပ်မတော်က စစ်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထို့ပြင် တပ်မတော် စစ်ကြောင်းများနှင့် လက်နက်များ ရွှေ့ပြောင်းနေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း အင်တာနက်ပေါ်တွင် ပေါ်ထွက်လာလေ့ရှိသည်။
ကေအိုင်အေ၏ ဌာနချုပ်နှင့် နီးကပ်သည့် ဂီဒုန်စခန်းကို တပ်မတော်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သိမ်းယူခဲ့ပြီးနောက် အခြားစခန်းများကိုလည်း ဆက်လက်သိမ်းယူနိုင်ရန် ကြိုးပမ်းနေသည်ဟု သတင်းများ ပေါ်ထွက်နေသည်။