တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားဟာ အပြန်အလှန် အလျှော့အတင်း၊ အပေးအယူလုပ်၊ စေ့စပ်ညှိနှိုင်း သဘောတူညီမှု ရယူမယ်ဆိုတာမျိုးထက် ကိုယ့်ရပ်တည်ချက်အပေါ်မှာပဲ ကိုယ် ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားမယ့်သဘော၊ တင်းမာတဲ့သဘောထားကို ထင်ဟပ်နေပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး ကျင်းပပြီးစီးခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက် ဖွင့်ပွဲနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်တို့ အမှာစကား ပြောကြပါတယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တပ်မတော် ခေါင်းဆောင်တွေရဲ့ သဘောထားဟာ အတော်လေးကို အရေးကြီးပါတယ်။ အဲဒီဖွင့်ပွဲနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းမှာ တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ပတ်သက်ပြီး တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ သဘောထားကို ထင်ဟပ်နေတာမို့ ဒါကိုကြည့်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အလားအလာကောင်းတွေ ရှိနိုင်ပါ့ဦးမလားဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ် တင်ပြသွားပါမယ်။
ထုံးစံအတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မိန့်ခွန်းကို သမိုင်းကြောင်းနဲ့ချီပြီး ရှည်လျားစွာ ပြောပါတယ်။ ပထမဆုံးရှင်းတာကတော့ ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာရတာ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာရတာဟာ တပ်မတော်ကြောင့် မဟုတ်ဘူး၊ အဲလို ပြောဆိုနေတာတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အန္တရာယ်များတဲ့ လုပ်ဆောင်ချက်ပဲလို့ဆိုပါတယ်။ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်နဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းပဲ ဖြစ်တယ်လို့ဆိုပါတယ်။
တကယ်တော့ ဒီပြောဆိုချက် အပြည့်အ၀ မမှန်ပါဘူး။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အခြေအနေကို ပြန်တွက်ကြည့်ရင် ပါလီမန်ဒီမိုကရေစီ အစိုးရက အုပ်ချုပ်တာ ၁၄ နှစ် (အဲဒီအထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရအဖြစ် အုပ်ချုပ်တာ ၂ နှစ်ပါဝင်)၊ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တာက နှစ်ပေါင်း ၅၀ နီးပါး၊ ဒီမိုကရေစီတစ်ပိုင်း အစိုးရနှစ်ဆက် အုပ်ချုပ်တာက ၇ နှစ်ပဲ ရှိတာပါ။
လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်က ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခဟာ အဲဒီအချိန် ပါလီမန်အစိုးရနဲ့ သက်ဆိုင်တယ်လို့ ဆိုနိုင်ပေမဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပဋိပက္ခ ပြဿနာတွေကတော့ တပ်မတော်၊ တနည်းအားဖြင့် တပ်မတော်ကို အသုံးပြုပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ လုံးဝသက်ဆိုင်ပါတယ်။
လက်ရှိ အင်န်အယ်လ်ဒီ အစိုးရလက်ထက် တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲကြီးငယ်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင်လည်း အင်န်အယ်လ်ဒီအစိုးရနဲ့ပဲ ဆိုင်တယ်၊ တပ်မတော်ကတော့ အစိုးရအုပ်ချုပ်ရေးယန္တရားကို ကာကွယ်ပေးရတာပဲလို့ဆိုရင်လည်း မှန်နိုင်ဖွယ်မရှိပါဘူး။
ငါတို့ အားနည်းနေလို့ ငြိမ်းချမ်းရေးလုပ်နေတာ မဟုတ်ဘူးဆိုတဲ့စကားဟာ တင်းမာတဲ့စကားအဖြစ် တိုင်းရင်းသားတွေ၊ အခြားသော အင်အားစုတွေက မှတ်ယူကြမှာ အမှန်ပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မိန့်ခွန်းတစ်နေရာမှာ ၀ နဲ့ မိုင်းလားအဖွဲ့တွေကို ရည်ညွှန်းပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိလို့၊ အရင်က သဘောတူပြီးသားတွေ ရှိနေလို့ NCA ကို လက်မှတ်ထိုးစရာ မလိုဘူးလို့ ပြောဆိုနေတာတွေဟာ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ မညီညွတ်ဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။ ဒီ ပြောဆိုချက်ဟာ လက်နက်ကိုင် အင်အားကြီးတဲ့ ၀ နဲ့ မိုင်းလား အပါအဝင် မြောက်ပိုင်းအဖွဲ့တွေကို တခြား ညှှိနှိုင်းလိုက်လျောဖို့တွေ မရှိဘူး၊ ငြိမ်းချမ်းရေးအတွက် NCA ကိုသာ လက်မှတ်ထိုးကြဆိုပြီး သဘောထား ပေးလိုက်တာမျိုးလည်း ဖြစ်ပါတယ်။
မိန့်ခွန်းထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ “ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချည့်နဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်” ဆိုပြီးဖြစ်ပါတယ်။
ငါတို့ အားနည်းနေလို့ ငြိမ်းချမ်းရေးလုပ်နေတာ မဟုတ်ဘူးဆိုတဲ့စကားဟာ တင်းမာတဲ့စကားအဖြစ် တိုင်းရင်းသားတွေ၊ အခြားသော အင်အားစုတွေက မှတ်ယူကြမှာ အမှန်ပဲဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာ တစ်ချက် ရှိပါသေးတယ်။ သိပ်မကြာသေးခင်ကာလ အင်န်အယ်လ်ဒီ ပါတီဘက်က ပြောနေတဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့အတူ ဖွဲ့စည်းပုံပြင်ရေးကလည်း အရေးကြီးတယ်ဆိုပြီး ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သူတို့သိကြတဲ့အကြောင်း၊ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ရင် ဖွဲ့စည်းပုံရဲ့ ဇယား ၂ နဲ့ ဇယား ၅ ပါ အချက်တချို့ကို ပြင်ဆင်ပြီး လုပ်ပိုင်ခွင့်တွေ တိုးချဲ့ပေးခဲ့ပြီ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ တခြားပြင်ချင်တာတွေ ရှိရင်တော့ ဖွဲ့စည်းပုံပါ ပြင်ဆင်ရေးနည်းလမ်းတွေအတိုင်းပဲ ပြင်ရမှ ဖြစ်တဲ့အကြောင်းနဲ့ ရှိပြီးသား နိုင်ငံတော်အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ဖို့လိုတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
အဓိပ္ပာယ်ကတော့ ခုလိုညီလာခံတွေကနေ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ဘယ်လောက်ရရ၊ ဖွဲ့စည်းပုံပြင်မယ်ဆိုရင် တချို့ပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ရမယ်၊ တချို့အချက်တွေဆိုရင် ၇၅ ရာခိုင်နှုန်းအပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ပြီးမှ ပြင်ရမယ်လို့ ဆိုလိုတာပါ။ တနည်းအားဖြင့်ပြောရရင် တပ်မတော်ခေါင်းဆောင်တွေ သဘောတူမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်ဆိုတဲ့ သဘောထားကို ဆက်ပြီးဆုပ်ကိုင်ထားတဲ့ အဓိပ္ပာယ်ပါ။
ဒါ့အပြင် နိုင်ငံတော်အခြေခံမူ ၄၈ ချက်ထဲမှာပါနေတဲ့ ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဆိုတဲ့အချက်ကို စွန့်လွှတ်လိုတဲ့သဘော မရှိသေးဘူးဆိုတာကိုလည်း ပြသလိုက်တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၂၀ မှာ ပြီးပြတ်စေချင်တယ်လို့ဆိုပါတယ်။ ဒီလိုမလုပ်နိုင်ရင် အချိန်ကြာတာနဲ့အမျှ ဘေးပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ချယ်လှယ်တာတွေ ရှိလာနိုင်ပြီး ရရှိပြီးဖြစ်တဲ့ယုံကြည်ချက်တွေ၊ သဘောတူညီချက်တွေတောင် အားနည်းသွားနိုင်တယ်လို့ ဆိုထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်း တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် သမိုင်းတလျောက် တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေဘက်က ဘာအမှားအယွင်းမှ မလုပ်ခဲ့ဘူး၊ တိုင်းပြည်မှာ တပ်မတော် တစ်ခုတည်းကသာ ၅၂ သန်းသော ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ တိုင်းပြည်မှာ တပ်မတော် တစ်ရပ်တည်း ရှိမှာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားဟာ အပြန်အလှန် အလျှော့အတင်း၊ အပေးအယူလုပ်၊ စေ့စပ်ညှိနှိုင်း သဘောတူညီမှု ရယူမယ်ဆိုတာမျိုးထက် ကိုယ့်ရပ်တည်ချက်အပေါ်မှာပဲ ကိုယ် ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားမယ့်သဘော၊ တင်းမာတဲ့သဘောထားလို့ ယူဆနိုင်ကြောင်းပါ။