ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ် အချို့၊ ဓာတ်ပုံ- တေဇလှိုင်
မြန်မာနိုင်ငံ၏ နိုင်ငံရေးကံကြမ္မာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ်တွင် မူတည်နေပြီး ဒုတိယ သမ္မတအမည်စာရင်းများ တင်သွင်းရေးအတွက် အကျေအလည် ညှိနှိုင်းနေကြရသည့် အနေအထားဖြစ်သည်
စိုးသန်းလင်း ရေးသားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်ကို ဦးဆောင်ရမည့် သမ္မတသစ်ကို ရွေးချယ်ရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်က ဒုသမ္မတတစ်ဦးစီကို ရွေးချယ်ရမည်ဖြစ်ရာ တပ်မတော်က မည်သူ့အား ဒုသမ္မတအဖြစ် တင်မြှောက်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။
အဆိုပါ အစုအဖွဲ့သုံးခုက ဒုသမ္မတတစ်ဦးစီကို လာမည့် မတ် ၁၇ ရက်နေ့တွင် အမည်စာရင်း တင်သွင်းကြရမည်ဖြစ်သည်။
တပ်မတော်သားအစုအဖွဲ့က တင်သွင်းလာမည့် ဒုတိယသမ္မတသည် ဦးသိန်းစိန်၊ ပြည်ထောင်စု ကြံ့ုခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အတွက် လာမည့် ငါးနှစ်အတွင်း ကိုယ်စားပြု ရပ်တည်ပေးမည့် တစ်ဦးတည်းသောသူလည်း ဖြစ်သောကြောင့် တပ်ချုပ်က မည်သူ့ကို ရွေးချယ် တင်မြှောက်မည်ဆိုသည်ကို ပြည်တွင်းပြည်ပက စိတ်ဝင်စားနေကြသည်။
“ဒီပွဲက ဖဲကစားသလိုပဲ။ မှန်းဆရ ခက်တယ်။ တပ်ချုပ်မှာ ဒုတိယသမ္မတလောင်းအတွက် လျာထားသူ သုံးလေးဦးတော့ ရှိနိုင်တယ်။ နိုင်ငံအတွက် ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်ခြေတွေဆိုတာထက် နိုင်ငံရေးရွေးချယ်မှု Political Choice အရပဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ရင်တော့ တပ်ချုပ်ရဲ့အမိန့်ကို နာခံမယ့်သူ၊ သိပ်မပျော့လွန်း၊ မမာလွန်းတဲ့သူမျိုး ဖြစ်နိုင်ပါတယ်” ဟု တပ်မတော်သားဟောင်း တစ်ဦးလည်းဖြစ်ကာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေရးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သော ဦးတိုးနိုင်မန်းက Frontier ကို ပြောသည်။
၎င်းသည် ပြည်ထောင်စုလွှတ်တော် နာယကဟောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်း၏ သားလည်းဖြစ်သည်။
“တပ်ချုပ်ထက် အသက် ပိုငယ်သူ၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲခွင့်တွေမှာ အထိအတွေ့နည်းခဲ့သူ၊ တပ်ချုပ်ရဲ့ မူဝါဒကို အမြဲ အလေးထားနိုင်သူမျိုးကို လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ တပ်ချုပ်က ချိန်ဆပြီး ရွေးတင်မယ်လို့ ထင်ပါတယ်”ဟုလည်း ဦးတိုးနိုင်မန်းက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးကံကြမ္မာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ်တွင် မူတည်နေပြီး ဒုတိယ သမ္မတအမည်စာရင်းများ တင်သွင်းရေးအတွက် အကျေအလည် ညှိနှိုင်းနေကြရသည့် အနေအထားဖြစ်သည်။ ဒုတိယ သမ္မတလောင်းများ အမည်စာရင်း တင်သွင်းရမည့် ရက်အား ရနိုင်သမျှ နောက်ဆုတ်ထားခြင်းက ထိုအချက်ကို သက်သေခံလျက်ရှိသည်။
တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယ သမ္မတကို
ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ ရွေး၊ မရွေးဆိုသည့် အချက်နှင့် ပတ်သက်ပြီး
ကွဲပြားသော ထင်မြင်ချက်များလည်း ရှိနေသည်
ပထမအကြိမ် လွှတ်တော် (၂၀၁၀ မှ ၂၀၁၅ ခုနှစ်) တွင် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းခြင်း၊ သမ္မတရွေးချယ်ခြင်းတို့ကို လွှတ်တော် အစည်းအဝေးများ စတင်သည့် ပထမ ရက်သတ္တပတ်ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးဌာနများ သတ်မှတ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို လုံလောက်သော အချိန်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်။ နအဖ အစိုးရ ခေါ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့ ပူးပေါင်းထားသည့်၊ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သည့်အာဏာကို ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ အရပ်သားအသွင်ယူ ဗိုလ်ချုပ်ကြီးများလက်သို့၊ တစ်နည်းအားဖြင့် ဝဲဘက်လက်မှ ယာဘက်လက်သို့ အလွယ်တကူ လွှဲပြောင်းရသည့် အခြေအနေမျိုးတွင် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းကို ထိုကဲ့သို့ ဆောလျဉ်စွာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခဲ့သည်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုကဲ့သို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အနိုင်ရပြီး အာဏာလွှဲယူရမည့် အနေအထား၊ လာမည့် မတ်လကုန်တွင် အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးကို လွှဲပြောင်းရယူရမည့် အနေအထားမျိုး၌ ဒုတိယသမ္မတများ အမည်စာရင်းတင်သွင်းခြင်းကို မတ်လတတိယပတ်အထိ ရွှေ့ဆိုင်းထားခြင်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ် မဟုတ်ကြောင်း သိသာလွန်းနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ်ဆန်းတွင် အသက် ၆၀ ပြည့်ကာ သက်ပြည့် ပင်စင်ယူပြီး တာဝန်မှ အနားယူရမည် ဖြစ်သော်လည်း Duty Extension အဖြစ် တစ်နှစ်မှ ငါးနှစ်အထိ တာဝန် ဆက်လက် ထမ်းဆောင်မည်ဟူသော သတင်းများလည်း ပေါ်ထွက်လျက်ရှိသည်။
တပ်ချုပ်အဖြစ် အနည်းဆုံး တစ်နှစ် ဆက်လက်ရှိနေဦးမည်ဟု တပ်ချုပ်၏ မိသားစုဝင်တစ်ဦးကလည်း ပြောကြားထားသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီး ညင်သာသော အာဏာလွှဲပြောင်းမှုမျိုး ရရှိရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ တွေ့ဆုံမှုများမှ အဆိုပါ တပ်ချုပ်၏ Duty extension အပါအဝင် အခြားသော အပေးအယူများ နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုလည်း မြန်မာ့အရေး လေ့လာသူတို့က သုံးသပ် ပြောဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၇ က တွေ့ဆုံကြစဉ်။ ဓာတ်ပုံ- Senior General Min Aung Hlaing Facebook
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်တွင် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိပေ။
သို့သော် သမ္မတသစ် ရွေးချယ်ရေးအတွက် ဒုတိယသမ္မတများ အမည်စာရင်းတင်သွင်းမှုကို ယခင်လွှတ်တော်ကထက် များစွာ နောက်ကျပြီး စီစဉ်မှုသည် ၎င်းတို့နှစ်ဦး တွေ့ဆုံ ညှိနှိုင်း သဘောတူထားသည့် အချက်များထဲမှ တစ်ချက် ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ထားကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် မိမိကိုယ်မိမိ တင်သွင်း လာနိုင်သလားဟု ခန့်မှန်းနေကြသူများလည်း ရှိသော်လည်း တပ်မတော် အရာရှိကြီးတစ်ဦးကမူ “သမ္မတ ဖြစ်ခွင့် မရှိရင် ဒုတိယ သမ္မတ လုပ်မယ့်အစား တပ်ချုပ်ပဲ ဆက်လုပ်တော့မှာပေါ့” ဟု Frontier ကို ပြောကြားခဲ့သည်။
လက်ရှိ အစိုးရအဖွဲ့၏ ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်သွားခဲ့သော သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ယခင် တပ်ချုပ်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခန့်အပ်ခဲ့သူ ဖြစ်သည်။ ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်သွားခဲ့သည့် သူ၏ နေရာအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဗိုလ်ချုပ်မှူုးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရထားသော ဇီးကုန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ထွန်းအား ဒုတိယသမ္မတအဖြစ် တပ်မတော်က ထပ်မံ အမည်စာရင်း တင်သွင်းနိုင်သလားဟုလည်း ထင်ကြေးပေးနေ ကြသည်။
သို့သော် ဦးဉာဏ်ထွန်းသည် စစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေး) ရရှိထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် အသက် တစ်နှစ်ခန့် ပိုကြီးနေခြင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်း ငါးနှစ်အတွင်း ပြောင်မြောက်သော စွမ်းဆောင်မှု မရှိခဲ့သည့်အပြင် သဘောထား တင်းမာလွန်းသူဟု အများက သတ်မှတ်ကြခြင်းတို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမ္မတ၊ ဒုတိယသမ္မတတို့နှင့် အဆင်ပြေစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ခက်ခဲလိမ့်မည်ဟု အများက သုံးသပ်ထားကြသည်။
အလားတူပင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးမှ နှုတ်ထွက်ကာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို အနိုင်ရခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ်မှ နှုတ်ထွက်ပြီး ကိုကိုးကျွန်းမြို့နယ်မှ ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေ၊ ကာကွယ်ရေးဝန်ကြီး တာဝန်မှ အနားယူကာ ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်စသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် သစ္စာစောင့်သိမည့် ဗိုလ်ချုပ်ကြီးဟောင်း များသည်လည်း ဒုတိယသမ္မတနေရာအတွက် လျာထားခံရမည့် သူများဖြစ်နိုင်သည်ဟု ယခုလဆန်းပိုင်းတွင် လေ့လာသူတို့က ခန့်မှန်းထားကြသည်။
သို့ရာတွင် တပ်မတော်အရာရှိကြီးများအဖြစ်မှ နှုတ်ထွက်ပြီး ရွေးကောက်ခံကိုယ်စားလှယ် ဖြစ်လာသူများအနက် သူရဦးသက်ဆွေ တစ်ဦးသာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် အသက်လေးနှစ် ခန့်ငယ်ပြီး ကျန်နှစ်ဦးမှာ အသက်ပိုကြီးကြသဖြင့် ၎င်း၏မူဝါဒကို တိတိကျကျ လိုက်နာစေရန် ၎င်းထက် အသက်ငယ်သူကိုသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်မည်ဆိုပါက သူရဦးသက်ဆွေ တစ်ဦးကိုသာ မျှော်လင့်ခွင့် ရှိနိုင်သည်။
သို့ရာတွင် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယ သမ္မတကို ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ ရွေး၊ မရွေးဆိုသည့် အချက်နှင့် ပတ်သက်ပြီး ကွဲပြားသော ထင်မြင်ချက်များလည်း ရှိနေသည်။
“တကယ်လို့ တပ်ချုပ် အနေနဲ့ အခုလွှတ်တော်မှာ အမတ်ဖြစ်လာတဲ့ ဦးဉာဏ်ထွန်း၊ ဦးလှဌေးဝင်း၊ သူရဦးသက်ဆွေတို့ထဲက တစ်ယောက်ယောက်ကို လျာထားလိုက်ရင် ဥပဒေပြုအာဏာဘက်က ရွေးကောက်ခံ အမတ်နေရာတစ်ဦးရဲ့ အခွင့်အရေးတွေ လျော့သွားနိုင်တယ်ဆိုတာ သူစဉ်းစားမိမှာပဲ။ ဒီလို တွေးရင် လွှတ်တော်မှာ အမတ်ဖြစ်လာသူတွေကို ရွေးမယ့်အစား လက်ရှိ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေ အပါအဝင် တပ်မတော်ထဲက အရာရှိကြီးတစ်ဦးဦးကို လျာထားသွားဖို့က ပိုဖြစ်နိုင်ခြေ ရှိပါတယ်” ဟု အမည်မဖော်လိုသူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက Frontier ကို ပြောသည်။
မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲ အနိုင်ရပါတီက တင်သွင်းမည့် ဒုတိယ သမ္မတနှစ်ဦးတို့က သမ္မတနှင့် ဒုတိယ သမ္မတတို့ ဖြစ်လာကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မသည် ထိုသမ္မတများနှင့် ပူးတွဲ ညှိနှိုင်းဆောင်ရွက်နိုင်သည့် အရည်အချင်းရော သဘောထားပါ မပျောလွန်း မမာလွန်းသော၊ နိုင်ငံရေး စိတ်စေတနာချင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမ္မတနှင့် အတိုက်အခံ မကြီးမားနိုင်သူမျိုးသာ ဖြစ်ရမည်မှာ သေချာလှပေသည်။