အေအက်ဖ်ပီ
တပ်မတော်က ပိတ်ဆို့ထားခြင်းကို ခံထားရသည့် ရခိုင်ကျေးရွာတွင် ရေရှားပါးလာနေပြီဟု ရွာသူ၊ ရွာသားများက အေအက်ဖ်ပီကို မေ ၁၄ ရက်နေ့တွင် ပြောကြားသည်။ အဆိုပါကျေးရွာတွင် အေအေအဖွဲ့ဝင်များဟု သံသယဖြင့် လူအများအပြားကို အစုလိုက်ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသား ၆ ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလကစတင်ကာ လူပေါင်း ၃၀,၀၀၀ ခန့်ထွက်ပြေးခဲ့ရသည့် ပဋိပက္ခများတွင် အေအေအဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စစ်သားထောင်ပေါင်းများစွာကို စေလွှတ်ထားသည်။
ရခိုင်ပြည်နယ်အား ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရရှိရန်အတွက် တိုက်ခိုက်နေသည့် အေအေအဖွဲ့အား မြန်မာအစိုးရတပ်ဖွဲ့က လက်နက်ကြီးများအသုံးပြုတိုက်ခိုက်နေပြီး အရပ်သားများမှာ စစ်ဆင်ရေးများတွင် ကြားညပ်ပိတ်မိနေကြသည်။
ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သော ကျောက်တန်းကျေးရွာသို့ ဧပြီ ၃၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အမျိုးသား ၂၇၅ ဦးကို စစ်ဆေးရန်အတွက် စာသင်ကျောင်းထဲတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ထိုသို့ထိန်းသိမ်းထားပြီး ၂ ရက်အကြာတွင် သေနတ်ဖြင့်ပစ်ခံရသောကြောင့် ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှခဲ့သည်ဟု တပ်မတော်က ဝန်ခံခဲ့သည်။ အဆိုပါအမျိုးသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
အမျိုးသား ၈ ဦးအားဖမ်းဆီးကာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ခေါ်ဆောင်သွားခဲ့သည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ထိုအထဲမှ ၆ ဦးက အေအေအဖွဲ့ဝင်များဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကျန်ရှိနေသေးသူအားလုံးအား မေ ၁၃ ရက်နေ့တွင် လွှတ်ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
သို့သော် ရွာအဝင်အထွက် ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု ရွာသူ၊ ရွာသားများက မေ ၁၄ ရက်နေ့တွင် အေအက်ဖ်ပီကို တယ်လီဖုန်းဖြင့် ပြောကြားသည်။ အစားအသောက်နှင့် ရေများလည်း စိုးရိမ်ရသည့်အခြေအနေထိ လျော့နည်းလာပြီဖြစ်သည်။
“ကျွန်တော်တို့အခုထိ ရွာပြင်ထွက်မရသေးတော့ လူတွေရော၊ တိရစ္ဆာန်တွေရော ရေငတ်နေကြပြီ” ဟု အသက် ၅၆ နှစ်အရွယ် ဦးထွန်းသိန်းကပြောသည်။
“အချို့အကောင်တွေဆို အစာငတ်၊ ရေငတ်ဖြစ်ပြီး သေကုန်တယ်” ဟု ၎င်းကပြောသည်။ ရွာတွင်နေထိုင်သူများ၏ သွားလာလှုပ်ရှားမှုများကို စစ်သားများက တားဆီးနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမည်မဖော်လိုသည့်အမျိုးသမီးတစ်ဦးက ရွာသူ၊ ရွာသားများအနေဖြင့် ရွှံ့နှစ်ရည်များကို ကြိုချက်သောက်နေကြရသည်ဟု ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ ဖမ်းဆီးပြီး ပြန်လွှတ်ခဲ့သူများကိုသာ သွားလာလှုပ်ရှားမှု ကန့်သတ်ထားရခြင်းဖြစ်သည်ဟု ၎င်းသိရှိထားကြောင်း ပြောကြားသည်။ ၎င်းတို့အား ထပ်မံမေးမြန်းစရာများ ရှိလာနိုင်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။
မမြင်ကွယ်ရာတွင်ဖြစ်နေသောကြောင့် စစ်တပ်အနေဖြင့် အပြစ်ကင်းလွတ်နေမည်ကိုလည်း အများစုက စိုးရိမ်နေကြသည်။
မေ ၁၃ ရက်နေ့က နောက်ဆုံးလွှတ်ပေးလိုက်သူများထဲတွင် ကိုဇော်နိုင်လည်း ပါဝင်သည်။
သူ၏ မိသားစုဝင် ၃ ဦးမှာ ပစ်ခတ်ခံရသဖြင့် သေဆုံးသူများထဲတွင် ပါဝင်သည်ဟု ၎င်းကအေအက်ဖ်ပီကို ပြောကြားသည်။ ဒေသခံများအနေဖြင့် ကြောက်လန့်တကြား နေထိုင်နေကြရဆဲဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
အေအေကမူ ရွာသားများက အဖွဲ့ဝင်များမဟုတ်ကြဟု ငြင်းဆိုထားသည်။
ပြီးခဲ့သည့်လကလည်း စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ရခိုင်အမျိုးသား ၃ ဦး သေဆုံးခဲ့သည်။