တစ်စုတစ်ဖွဲ့က အာဏာအလွဲသုံးပြီး ဖိနှိပ်နေတဲ့နိုင်ငံက တကယ်လွတ်လပ်တဲ့နိုင်ငံမဟုတ်- ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်၊ ဇန်နဝါရီ ၄

လူတစ်ဦး၊ တစ်စုတစ်ဖွဲ့က အာဏာအလွဲသုံးပြီး ပြည်သူအပေါင်းကို စိတ်အလိုရှိတိုင်း ဖိနှိပ်ချုပ်ချယ်၊ ညှဉ်းပန်းနှိပ်စက်နိုင်တဲ့နိုင်ငံဆိုတာ အမှန်တကယ်လွတ်လပ်တဲ့ နိုင်ငံလို့မဟုတ်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြားခဲ့ပါတယ်။

ယနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထုတ်ပြန်ကြေငြာချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားတာ ဖြစ်ပါတယ်။

ထို့အပြင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို အနိုင်ရရှိထားသည့် NLD က မြန်မာနိုင်ငံသမိုင်းတွင် အရှည်ကြာဆုံးနဲ့ သွေးအစွန်းဆုံးစစ်ပွဲကို ဂုဏ်သိက္ခာရှိရှိ နိဂုံးချုပ်နိုင်ရန်အတွက်လည်း ကြိုးပမ်းနေပြီး ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံတစ်ရပ် ပေါ်ထွန်းရေးအတွက်လည်း စီမံနေတယ်လို့ ပြောကြားထားပါတယ်။

ဒါပေမယ့် NLD ပါတီအာဏာရရှိပြီး ကိုးလကျော်ရှိလာပြီ ဖြစ်သော်လည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လုပ်ကိုင်နိုင်သည့် ပမာဏအတိုင်းအတာထိ မရောက်ရှိသေးဘူးလို့ နိုင်ငံရေးဝေဖန် သုံးသပ်သူတွေကလည်း ဆိုကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ အစိုးရသစ်တက်လာသည့် အချိန်ကာလက အလွန်နည်းသေးပြီး အစိုးရတစ်ရပ်၏ လုပ်ကိုင်ရည်ကို ခန့်မှန်းနိုင်ရန် အနည်းဆုံး နှစ်နှစ်အချိန်ယူကာ စောင့်ဆိုင်း အကဲဖြတ်သင့်တယ်လို့လည်း ပြောကြားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိအစိုးရအဖွဲ့ထဲက ဝန်ကြီးဌာန ၂၂ ခုအနက် အဓိကကျတယ်လို့ ယူဆနိုင်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုနိုင်သည့်အတွက် အဆိုပါ ဝန်ကြီးဌာနတွေဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဇာအာဏာအောက် ရောက်ရှိနေတယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိစ္စကဲ့သို့ ကိစ္စတွေမှာ တပ်မတော်အပေါ် သြဇာသက်ရောက်မှု မရှိသေးဘူးလို့ ဝေဖန်မှုတွေလဲ ရှိနေပါတယ်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar