နေပြည်တော်၊ မတ် ၁၅
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်မေးခွန်းမှာ ၂၄ မှတ်ဖိုး မှားယွင်းခဲ့မှုကြောင့် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားတွေ နစ်နာမှုမဖြစ်စေရဘူးလို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အာမခံလိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အားလပ်ချိန်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သူက “မပူနဲ့မပူနဲ့။ နစ်နာမှုတို့ ဘာတို့ ဘယ်သူမှ မရှိဘူး”လို့ ပြောလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုစီစဉ်ပေးမယ်ဆိုတာကိုတော့ အခုအချိန်မှာ မပြောနိုင်သေးဘူးလို့ ဒုဝန်ကြီးက ဆိုပါတယ်။
“မှားတယ်၊ မှန်တယ်၊ ဘာလုပ်မယ်ဆိုတာ စာစစ်မှူးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် မူတည်လိမ့်မယ်။ ဘယ်လိုမှားလည်း ဒါသိမှ ပြောလို့ရမယ်”လို့ ဦးဝင်းမော်ထွန်းက ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ယခုလ ၈ ရက်နေက စတင်ဖြေဆိုနေကြတာ ဖြစ်ပါတယ်။ ယခုလ ၁၀ ရက်နေ့က ဖြေဆိုရတဲ့ သင်္ချာဘာသာရပ် မေးခွန်းမှာ သုံးမှတ်တန် မေးခွန်းအမှတ်စဉ် ၄၊ ငါးမှတ်တန် မေးခွန်းအမှတ်စဉ် ၇(က)နဲ့ (ခ)၊ အမှတ်စဉ် ၈ (က)နဲ့ (ခ)၊ တစ်မှတ် တန် မေးခွန်းအမှတ်စဉ် ၂၄ တို့မှာ မှားယွင်းမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သင်္ချာဘာသာရပ်သင်ကြားနေတဲ့ ဆရာတွေက ဝေဖန် ထောက်ပြထားကြပါတယ်။
ယခုနှစ် စာမေးပွဲကို စာစစ်ဌာန ၁,၅၀၀ ကျော်မှာ ကျောင်းသူ ကျောင်းသား ခုနစ်သိန်း ခုနစ်သောင်းကျော် ဖြေဆိုကြတယ်လို့ သိရပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း