တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခုနစ်ခု ပူးပေါင်းကာ ကျောင်းသားပွဲတော် ကျင်းပမည်

ခိုင်မီမီဝင်း

ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ရင်းနှီးမှုရရှိနိုင်ရန်၊ နည်းပညာများ မျှဝေနိုင်ရန်နှင့် ကိုယ်ပိုင်အရည်အချင်းများ ထုတ်ဖော်နိုင်ရန် ရည်ရွယ်၍ ကျောင်းသားပွဲတော် (Student Show 2018) ကို ဇူလိုင် ၁၂ နှင့် ၁၃ရက်နေ့များတွင် ရန်ကုန်မြို့ Myanmar Convention Center(MCC)တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပွဲကို ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ သန်လျင် နည်းပညာတက္ကသိုလ်၊ အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်များမှ ကျောင်းသားသမဂ္ဂများ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

ထိုပွဲတွင် ကျောင်းသားများ၏ ပြဇာတ်၊ အက၊ အငြိမ့်များအပြင် ဘာသာရပ်အလိုက် အသိပညာရှင် အတတ်ရှင်များ ဦးဆောင်ပြီး ဆွေးနွေးမှုများလည်း ပါဝင်ဖြစ်မည်။

ထို့အပြင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ ဖန်တီးထားသည့် ဝက်ဘ်ဆိုက်များနှင့် အပလီကေးရှင်းများကို လေ့လာနိုင်မည် ဖြစ်သည်။

“အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ဗဟုသုတရတာ တစ်ခုထဲ မဟုတ်ဘဲနဲ့ ကျောင်းပြီးသွားလို့ ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ရအောင် စီစဉ်ထားပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုအောင်ထက်ကျော်က ပြောသည်။

ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကျောင်းသားများအတွက် အလုပ်သင် အစီအစဉ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပွဲတော်ကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ တို့ စုပေါင်း ကျင်းပခဲ့ဖူးပြီး ဒေသအသီးသီးရှိ တက္ကသိုလ်ပေါင်း ၂၅ ခု၊ ရန်ကုန်မြို့တွင်းမှ အထက်တန်းကျောင်း ၅၀ ခန့် နှင့် ကျောင်းသား ကျောင်းသူ ၂,၀၀၀ ကျော် ပါဝင် ဆင်နွဲခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar