ညစ်ညမ်းနေတဲ့ ရန်ကုန်မြို့လေထု သန့်ရှင်းလာအောင် ကြိုးပမ်းခြင်း

အသိပညာဆိုတာ ခွန်အားဖြစ်ပါတယ်။ ကျောင်းသားတစ်စုဟာ အထူးသဖြင့် မော်တော်ကားများကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုအန္တရာယ်အကြောင်း အများပြည်သူပိုမိုသိရှိအောင် လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် လေထုအရည်အသွေးကို စောင့်ကြည့်မှတ်သားတဲ့ စနစ်တစ်ခုကို ဆောင်ရွက်နေကြပါတယ်။

ဇော်ဝင်းထက်နှင့် အိမ့်သက်စု ရေးသားသည်။

ရန်ကုန်မြို့တစ်ဝန်း နေရာအမျိုးမျိုးက လေထုအရည်အသွေးဆိုင်ရာ အချက်အလက်တွေ စုဆောင်းရာမှာ ရွှေတိဂုံဘုရားမှာ ပထမဆုံးရပ်နားခဲ့ပါတယ်။ ဒါကို မတ်လနှောင်းပိုင်းက တနင်္ဂနွေမနက်ခင်းတစ်ခုမှာ စတင်ခဲ့ပါတယ်။ စီးပွားရေးမြို့တော်ကြီးရဲ့ လေထုအရည်အသွေးက နွေရာသီတစ်လျှောက်လုံး ယိုယွင်းနေခဲ့ဟန် ရှိပါတယ်။ နောက်ပြီး ဒီယိုယွင်းမှုက ဘယ်လောက်ထိဆိုးဝါးတယ်၊ ဘာက အကြောင်းခံဖြစ်နေသလဲဆိုတာကို ကျွန်တော်တို့ သိချင်နေခဲ့ကြပါတယ်။

ရွှေတိဂုံဘုရားဟာ မြန်မာနိုင်ငံမှာ လူတွေလာရောက်မှုအများဆုံး နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် တနင်္ဂနွေနေ့ မနက်ခင်းတွေမှာ စည်ကားလေ့ရှိပါတယ်။ လူအုပ်တွေကြားကနေ ကျွန်တော်တို့ လျှောက်လာရင်း ကျွန်တော်တို့ရဲ့ လက်ကိုင်စောင့်ကြည့်စက် AirBeam2 နဲ့ လေထုအရည်အသွေးကို စစ်ဆေးခဲ့ကြပါတယ်။ ဒီကိရိယာမှာ လေထုကို အဓိကညစ်ညမ်းစေတဲ့ အရာငါးခုထဲက တစ်ခုဖြစ်တဲ့ အလွန့်အလွန်သေးငယ်တဲ့ အညစ်အကြေးအမှုန် (particulate matter) တွေကို စစ်ဆေးမှတ်တမ်းတင်နိုင်တဲ့ အာရုံခံကိရိယာတွေ ပါဝင်ပါတယ်။

အသက်ရှူလမ်းကြောင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ နာမကျန်းမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ကာ PM2.5 လို့ခေါ်တဲ့ အန္တရာယ်ကြီးပြီး မိုက္ကရိုစကုပ်နဲ့ကြည့်မှ မြင်နိုင်တဲ့ အမှုန်လေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းချင်ခဲ့ပါတယ်။ တစ်နှစ်ကို လေထုတစ်ကုဗမီတာမှာ PM2.5 ပျမ်းမျှ ၁ဝ မိုက္ကရိုဂရမ်ထက် မပိုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ တစ်နည်းအားဖြင့် တစ်ရက်ကို ပျှမ်းမျှ ၂၅ ug/m3 ထက် မပိုရပါဘူး။

ရွှေတိဂုံမှာတော့ PM2.5 ပျမ်းမျှအမှတ်ဟာ ၄၁ ug/m3 ဖြစ်နေလို့ ထိခိုက်လွယ်တဲ့ အသက်အရွယ်အုပ်စုတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်နေသူတွေအတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေကြောင့် ဒီလို မြင့်မားစေတာဖြစ်ပြီး အများဆုံးအဆင့်ကတော့ ၁၇၈ ug/m3 ဖြစ်ပါတယ်။

ဒီလို PM2.5 ပမာဏမြင့်မားမှုနဲ့ ကြာရှည်ထိတွေ့မှုက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ရွှေတိဂုံဘုရားကနေ ထွက်ခွာလာပြီး မြို့ထဲကို အဲကွန်းဘတ်စ်နဲ့ သွားရောက်ခဲ့ကြပါတယ်။ အံ့သြစရာကတော့ ကားပေါ်မှာ PM2.5 အမှတ်က အများဆုံး ၂၇ ug/m3 ကနေ အနည်းဆုံး ၅ ug/m3 သာ ရှိပါတယ်။ ဒါပေမယ့် ဆူးလေဘုရားလမ်းပေါ် ဆင်းဆင်းချင်း အမှတ်က ၃၈ ug/m3 အထိ ခုန်တက်သွားခဲ့ပါတယ်။

ကျွန်တော်တို့ ရန်ကုန်မြို့လယ် တရုတ်တန်းနားတစ်ဝိုက် လျှောက်သွားတဲ့အခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ လူတွေပြည့်ကျပ် စည်ကားနေပြီး အနံ့အသက် သိပ်မကောင်းတဲ့ ဈေးတစ်ခုမှာ စက်ကဖော်ပြချက်တွေက အနီးနား ပုံမှန်လူနေလမ်းက ဖော်ပြချက်တွေနဲ့ သိပ်ပြီးမခြားနားတာပါပဲ။

ရွှေတိဂုံဘုရားပေါ်က ဖဖေယာင်းတိုင်နဲ့ အမွှေးတိုင်တွေဟာ လေထုညစ်ညစ်မှုရဲ့ အဓိက ရင်းမြစ်ဖြစ်နေပါတယ်။ ဓာတ်ပုံ-သူရဇော်

ရွှေတိဂုံဘုရားပေါ်က ဖဖေယာင်းတိုင်နဲ့ အမွှေးတိုင်တွေဟာ လေထုညစ်ညစ်မှုရဲ့ အဓိက ရင်းမြစ်ဖြစ်နေပါတယ်။ ဓာတ်ပုံ-သူရဇော်

တကယ်တော့ ဈေးထဲက လေထုစိုထိုင်းမှုက ဖုန်မှုန့်တွေကို ငြိမ်သက်စေဟန်ရှိပါတယ်။ ဒါမှသာ စက်က ဖော်ပြချက်ကို အနည်းငယ်နိမ့်သွားစေမှာပါ။ ဒါက ဘာကိုပြသလဲဆိုတော့လူစည်ကားတဲ့နေရာတစ်ခုမှာ အဲဒီဝန်းကျင်က အညစ်ကြေးမှုန်ညစ်ညမ်းမှုအပေါ် လေထုစိုထိုင်းမှုက သက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောပါပဲ။

ဒီသီအိုရီကို ရန်ကုန်ရဲ့ လူအစည်ကားဆုံးနေရာတစ်ခုဖြစ်တဲ့ လှည်းတန်းမှာ ကျွန်တော်တို့ စမ်းသပ်ခဲ့ပါတယ်။ နေရာတိုင်းမှာ ပျံကျဈေးသည်တွေနဲ့ လှုပ်ရှားသွားလာသူတွေ ငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေပေမယ့် PM2.5 ရမှတ်ကတော့ ပျမ်းမျှ ၃ဝ ug/m3 သာရှိခဲ့ပြီး ရန်ကုန်မြို့လယ်က ပျမ်းမျှရမှတ်ထက် နိမ့်နေပါတယ်။

ဒါပေမယ့်လည်း ပျံကျဈေးသည်တစ်ယောက်က တစ်နေ့တာအတွက် ဆိုင်ကိုခင်းကျင်းတဲ့အခါ အခြားပျံကျဈေးသည်အများစုက သုံးကြတဲ့ သဘာဝဓါတ်ငွေ့ထက် မီးသွေးကို သုံးလိုက်တဲ့အခါမှာတော့ အမှတ်က ၇၇ ug/m3 အထိ ရောက်ရှိခဲ့ပါတယ်။ PM2.5 အမှတ်အပြင် လေထုအရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံသားတွေရဲ့ ထင်မြင်ချက်ကို ရယူနိုင်တဲ့ အခွင့်အရေးလည်း ရရှိခဲ့ပါတယ်။ ပိုမိုဆိုးဝါးလာတဲ့ လေထုညစ်ညမ်းမှုဟာ လူဦးရေကများလာပြီး သစ်ပင်အရေအတွက်က လျော့ကျသွားတာကြောင့်ဖြစ်တယ်လို့ အများစုက ထင်မြင်ကြပါတယ်။

“အဲဒီအချိန်တုံးကတော့ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တာပေါ့” လို့ ၁၉၈ဝ ပြည့်နှစ်အထိ ရန်ကုန်မှာ အခြေစိုက်ခဲ့တဲ့ စစ်သားဟောင်းတစ်ဦးက ဆိုပါတယ်။ သူဟာ ၁၉၈ဝ ပြည့်နှစ်မှာ မန္တလေးတိုင်းဒေသကြီးက မိတ္ထီလာကို ပြောင်းရွှေ့သွားခဲ့တာပါ။ ရန်ကုန်မြို့ အပြင်ဘက်မှာတော့ လေထုအရည်အသွေးက သိသိသာသာ ပိုကောင်းတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းဈေးက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပဲခူးလို ရန်ကုန်ရဲ့အပြင်ကို ထွက်လိုက်တာနဲ့ လေထုအရည်အသွေးက သိသိသာသာ ပြောင်းလဲသွားတယ်လို့ သူမက ပြောပါတယ်။ သူမရဲ့ဇာတိမြို့ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးက ကျောက်ဆည်လိုနေရာတွေမှာလည်း လေထုအရည်အသွေးက လုံးဝကို ခြားနားကောင်းမွန်သွားတယ်လို့ သူမက ဆိုပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေမှာလည်း အဲဒီလို အမြင်မျိုးတွေရှိနေပါတယ်။ ရွှေတိဂုံမှာ တွေ့ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်စုက သူတို့ကြီးပြင်းလာတဲ့ ရန်ကုန်မှာ သစ်ပင်တွေနည်းလာပြီး ကားတွေက သိသိသာသာ များလာတယ်လို့ ပြောကြပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ကားတွေပိုမိုတင်သွင်းခွင့်ပြုခဲ့တဲ့အချိန်ကစပြီး ကားတွေ ပိုများလာတာပါ။ ဆောက်လုပ်ရေးစီမံကိန်းတွေအတွက် သစ်ပင်တွေ ခုတ်လှဲပစ်တာ၊ ဒါမှမဟုတ် ယာဉ်အသွားအလာများလို့ လမ်းကို တိုးချဲ့ရာကနေ သစ်ပင်တွေခုတ်လှဲတဲ့အတွက် အရိပ်နည်းပြီး ညစ်ညမ်းမှု ပိုလာတာလို့လည်း ကျောင်းသားတွေက ဆိုပါတယ်။

ဒါပေမယ့် ရန်ကုန်က လေထုအရည်အသွေးဟာ ဒေသတွင်းက အခြားမြို့ကြီးတွေနဲ့ယှဉ်ရင်တော့ ပိုကောင်းသေးတယ်လို့ ကမ္ဘာလှည့်ခရီးသည်တွေက ပြောပါတယ်။ ရန်ကုန်က လေထုအရည်အသွေးဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း၊ ဒါမှမဟုတ် အင်ဒိုနီးရှားရဲ့မြို့တော် ဂျာကာတာတို့လောက် မဆိုးသေးဘူးလို့ သြစတြေးလျကခရီးသည်တစ်ဦးက ပြောပါတယ်။

လမ်းပေါ်က မော်တော်ယာဉ်အရေအတွက် မြင့်မားလာလို့ လေထုအရည်အသွေးကို ထိခိုက်လာတယ်ဆိုတာကိုတော့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီကြပါတယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အရေအတွက်ဟာ ၂ဝ၁၁ ခုနှစ်က ၂၆၇,ဝဝဝ စီးလောက်ရှိရာက တင်ပို့ခွင့် ပိုပေးတဲ့နောက် ယမန်နှစ်မှာ ၆၂၇,ဝဝဝ စီးအထိရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း အများစုတင်သွင်းလာတဲ့ကားတွေက ၁၉၉၉ ခုနှစ်ထက်မစောတဲ့ ဂျပန်ကားဟောင်းတွေဖြစ်တာမို့ အများစုယုံကြည်ထားကြသလို အညစ်ကြေးအမှုန်ညစ်ညမ်းမှုက ပြင်းထန်ချင်မှ ပြင်းထန်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုပြီးသစ်တဲ့ကားတွေက ညစ်ညမ်းမှု ပိုနည်းလို့ပါ။

ကားတွေ၊ ဘတ်စ်ကားတွေဘေး ပြည်လမ်းအတိုင်း လျှောက်ရင်းတိုင်းတော့ PM2.5 အမှတ်က ပျမ်းမျှ ၂၆ ug/m3 ရှိပါတယ်။ ဒါတောင် AirBeam2 ကိရိယာကို ဘတ်စ်ကားအိတ်ဇောနား ချတိုင်းတော့ အမြင့်ဆုံးက ၃၈ug/m3 ပါ။ ဒီအမှတ်က ထိခိုက်လွယ်တဲ့ အသက်အရွယ်အုပ်စုတွေအတွက်တော့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအမှတ်က ရွှေတိဂုံဘုရားမှာ တိုင်းခဲ့တဲ့အမှတ်ထက်တော့ နိမ့်နေပါသေးတယ်။

မော်တော်ယာဉ်က ထုတ်လွှတ်တဲ့မီးခိုးတွေဟာ လေထုညစ်ညမ်းမှုဖြစ်စေတာမှန်ပေမယ့် လေထုညစ်ညမ်းစေတဲ့ တခြားအရာတွေ ရှိပါသေးတယ်။ မီးသွေးနဲ့ ချက်ပြုတ်တာတွေ၊ အမွှေးတိုင်ထွန်းတာတွေ၊ သစ်ရွက်နဲ့ အမှိုက်တွေကို မီးရှို့တာတွေလို နေ့စဉ်လုပ်ရပ်တွေကလည်း လေထုညစ်ညမ်းမှုကို ပိုဆိုးစေပါတယ်။

အမှိုက်တွေလှဲပြီး မီးရှို့ကြတဲ့ မနက်စောစောအချိန်ကလွဲရင် လေထုက များသောအားဖြင့် ကောင်းပါတယ်လို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ နေထိုင်တဲ့ ကျောင်းသားတစ်ယောက်က ပြောပါတယ်။ ညစ်ညမ်းရတဲ့ တခြားအကြောင်းရင်းတစ်ခုက ကန်တင်းတွေမှာ ချက်ပြုတ်ရာက ထွက်လာတဲ့ မီးခိုးတွေကြောင့်လို့ သူက ပြောပါတယ်။ ကန်တင်းတစ်ခုမှာ စစ်ဆေးခဲ့တဲ့ အချက်အလက်စစ်ဆေးမှုအရ အမှတ်က ၃၅ ug/m3 အထက်ကို ရောက်နေခဲ့ပြီး တက္ကသိုလ်ရဲ့ တခြားနေရာတွေထက် ပိုမြင့်နေခဲ့ပါတယ်။

ဒီတွေ့ရှိချက်တွေဟာ particulate matter ညစ်ညမ်းမှုနဲ့သာ ပတ်သက်ပြီး တခြားအဓိက ညစ်ညမ်းမှုကြီးလေးခုဖြစ်တဲ့ အိုဇုန်း၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်တို့နဲ့ မပတ်သက်ဘူးဆိုတာကို သိထားဖို့လည်း အရေးကြီးပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေကနေ၊ နောက်ပြီး ရုပ်ကြွင်းလောင်စာတွေ မီးလောင်တာ၊ သစ်သားသစ်ရွက်တွေမီးရှို့တာနဲ့ အမွှေးတိုင်တွေကနေ အဓိကထုတ်လွှတ်တဲ့ particulate matter ကို အရွယ်အစားအားဖြင့် PM10၊ PM2.5 နဲ့ PM1 ဆိုပြီး ခွဲခြားထားပါတယ်။ ဒါတွေဟာ အချင်း ၁ဝ၊ ၂ ဒသမ ၅နဲ့ ၁ မိုက်ခရွန်အသီးသီးရှိတဲ့ အမှုန်တွေကို ကိုယ်စားပြုပါတယ်။

မည်သို့ဆိုစေ PM2.5 ဟာ လေထုထဲမှာ အန္တရာယ်အကြီးဆုံး ညစ်ညမ်းပစ္စည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ သေးငယ်တဲ့အမှုန်လေးတွေဟာ အဆုတ်တွေထဲ ရောက်ရှိနိုင်ပြီး နောက်ဆုံး ပန်းနာရင်ကြပ်၊ နာတာရှည်ချောင်းဆိုးရင်ကျပ်နဲ့ နှလုံးရောဂါတွေလို ပြင်းထန်တဲ့ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေလို့ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းလေထုထဲက အမှုန်လေးတွေနဲ့ ထိတွေ့မှုကြောင့် မြန်မာနိုင်ငံက လူပေါင်း ၂၂,ဝဝဝ ကျော်အပါအဝင် နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ခုနှစ်သန်းလောက် သေဆုံးကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။ ရန်ကုန်မှာ လေထုအရည်အသွေး ကောင်းမွန်ရေးအတွက် ပထမအဆင့်ကတော့ အခြေအနေကို စေ့စေ့စပ်စပ် အကဲဖြတ်မှု လုပ်ဆောင်ဖို့ပါ။ ဒါပေမဲ့ အချက်အလက်ခေါင်းပါးမှုကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်နေပါသေးတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဋ္ဌာနဟာ ၂ဝ၁၅ ခုနှစ်ကတည်းက လေထုအရည်အသွေးကို စောင့်ကြည့်စစ်ဆေးနေပေမယ့် ပြည်သူလူထုထံကိုတော့ အချက်အလက်တွေ မထုတ်ပြန်သေးပါဘူး။

မြို့တော်စည်ပင်က မြို့တော်ခန်းမအပြင်ဘက် မြို့လယ်၊ လှည်းတန်းခုံးကျော်တံတားနားနဲ့ မင်္ဂလာဒုံမြို့နယ်က နေရာတွေမှာ ၂၄ နာရီလုံးလုံး အချက်အလက်တွေစုဆောင်းရင်း လေထုအရည်အသွေးကို အမြဲတမ်း စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဋ္ဌာန ဒု-အကြီးအကဲ ဒေါက်တာအောင်မြင့်မော်က ၄၇ လမ်းမှာရှိတဲ့ သူ့ရုံးခန်းမှာ Frontier ကို ပြောပါတယ်။

AirBeam2 က လေထုအတွင်း ပါဝင်နေသည့် အမှုန်အမွှားများ၏ ပမာဏကို တိုင်းတာဖော်ပြပေးသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

AirBeam2 က လေထုအတွင်း ပါဝင်နေသည့် အမှုန်အမွှားများ၏ ပမာဏကို တိုင်းတာဖော်ပြပေးသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

တစ်နှစ်တာကို အခြေပြုပြီး ရန်ကုန်မြို့တစ်ဝန်း နေရာ ၆၄ ခုမှာ အချက်အလက်တွေကို ကောက်ယူတဲ့ ရွေ့လျား စောင့်ကြည့်စက်တစ်ခုလည်း ဋ္ဌာနမှာရှိတယ်လို့ သူကပြောပါတယ်။ အဲဒီစောင့်ကြည့်စက်တွေဟာ ကာဘွန်ဒိုင်အောက်ဆိုက်၊ ကာဘွန်မိုနော့ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ မီသိမ်းလို ရုပ်ကြွင်းလောင်စာတွေနဲ့ particulate အမှုန်ညစ်ညမ်းမှု၊ PM10 နဲ့ PM2.5 တွေကြောင့်ဖြစ်တဲ့ ညစ်ညမ်းမှုဆိုင်ရာ အချက်အလက်တွေကို စုဆောင်းပါတယ်။

ရန်ကုန်လေထုဟာ ထူးထူးခြားခြား ပိုပြီးညစ်ညမ်းလာတယ်ဆိုတာကို မယုံကြည်ပေမယ့် ရန်ကုန်ရဲ့လေထုကို ကောင်းကောင်းအကဲဖြတ်ဖို့ အနည်းဆုံး ငါးနှစ်ကြာအချက်အလက်တွေ ဋ္ဌာနက လိုအပ်တယ်ဆိုတာကိုတော့ ဒေါက်တာအောင်မြင့်မော်က ြင်းဆိုပါတယ်။

ဒီစောင့်ကြည့်ကိရိယာတွေကြောင့် စည်ပင်အာဏာပိုင်တွေဟာ အချက်အလက်အသေးစိတ်စာရင်းကို ပြုစုနိုင်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ လေထုအရည်အသွေး တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလားဆိုတာ ပြည်သူတွေကို တာဝန်ရှိရှိ အသိပေးနိုင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယေဘုယျအားဖြင့် ရန်ကုန်ရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆင့်ထက် ကျော်နေတယ်လို့တော့ သူကပြောပါတယ်။ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ ဆာလဖာဒိုင်အောက်ဆိုက်ထွက်ရှိမှုဟာ စက်မှုဇုန်တွေမှာ များပြားပေမယ့် လူနေအိမ်ရာတွေမှာတော့ နည်းပါးပါတယ်။ မီသိန်းဓါတ်ငွေ့ကတော့ နိုင်ငံတကာမှာလို နေရာတိုင်းမှာ များပြားနေပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကတော့ ယာဉ်ကြောရှုပ်ထွေးတဲ့နေရာမှာ အများအားဖြင့် များပြားနေပါတယ်။

Particulate matter ညစ်ညမ်းမှုကို လမ်းပေါ်က ကားတွေရွှေ့လျားမှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက ထုတ်လုပ်နေပြီး ရန်ကုန်မြို့လယ်နဲ့ ဆင်ခြေဖုန်းတွေမှာပါ ရှိနေတယ်လို့ သူကပြောပါတယ်။ ခြောက်သွေ့တဲ့ရာသီမှာ ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှုက ပိုဆိုးတယ်လို့လည်း သူကပြောပါတယ်။

“ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျွန်တော်တို့ရဲ့ တိုင်းတာမှုအရတော့ ဒီအမှုန်သုံးမျိုးက နှစ်စဉ်မြင့်တက်မှု မရှိသေးပါဘူး။ ဒါကြောင့် သိပ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး” လို့သူကပြောပါတယ်။

၂ဝ၂ဝ ပြည့်နှစ်မှာ အချက်အလက်ကောက်ယူတာ ငါးနှစ်ပြည့်မှာဖြစ်ပြီး ဘယ်မြို့နယ်ကမဆို တွေ့ရှိချက်တွေက စိုးရိမ်စရာဖြစ်လာရင် စည်ပင်အာဏာပိုင်တွေအနေနဲ့ စက်ရုံပိုင်ရှင်တွေ၊ စက်မှုဇုန်ကော်မတီဝင်တွေ၊ ဒေသခံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရေးယူဆောင်ရွက်ရေး၊ ညစ်ညမ်းမှု လျော့ကျရေးစီမံကိန်းတွေ ရေးဆွဲဖို့ လိုအပ်ပါလိမ့်မယ်။

“သာဓကအနေနဲ့ ပြောရရင် ဆာလဖာဒိုင်အောက်ဆိုက်က လွန်ကဲလာရင် ဒီဟာက ဘယ်ကနေလာတယ်။ ဘာကြောင့် အန္တရာယ်ကင်းတဲ့အဆင့်ကို ကျော်လာတယ်ဆိုတာနဲ့ ဒါကို ကျွန်တော်တို့ ဘယ်လိုလျှော့မလဲပေါ့” လို့ သူက ပြောပါတယ်။ မြို့တွင်းနေရာတွေမှာဆို ဒီဓါတ်ငွေ့က များသောအားဖြင့် မီးစက်တွေ၊ ကားအင်ဂျင်တွေကနေ ထွက်လာပါတယ်။ “အရင်းအမြစ်ကို ခွဲခြားသိပြီဆိုတာနဲ့ အလုံးစုံခြုံငုံတဲ့ စီမံကိန်းတစ်ခု ကျွန်တော်တို့ အတူတကွ ချမှတ်နိုင်မှာပါ” လို့သူက ဆက်ပြောပါတယ်။

မြို့တော်စည်ပင်ရဲ့ စောင့်ကြည့်စက်တွေက ရရှိတဲ့အချက်အလက် လွန်ခဲ့တဲ့သုံးနှစ်စာကို စည်ပင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတယ်လို့ ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။ ဒါပေမယ့် Frontier က ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ ရှာဖွေမတွေ့ခဲ့ပါဘူး။ ကျွန်တော်တို့ကို စာရွက်စာတမ်း အချက်အလက်အချို့ကို ပြပေးဖို့ ဒေါက်တာအောင်မြင့်မော် သူ့လက်ထောက်တွေကို စေခိုင်းခဲ့ပါတယ်။

ဘဏ္ဍာနှစ် ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အထိ အချက်အလက်တွေက ပြသတာကတော့ အဲဒီနှစ်တွေအတွင်း PM2.5ဟာ ၃၉ ug/m3 ကနေ ၄၃ ဒသမ ၃ ug/m3 အထိ အနည်းငယ်တက်လာခဲ့ပါတယ်။

နိုင်ငံသားသိပ္ပံပညာရှင်များ

သူတို့ရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်ကိစ္စတွေမှာ လူထုကလည်း ပါဝင်သင့်တယ်လို့ အင်ယားလမ်းပေါ်မှာရှိတဲ့ Connect University က အကဲဒမစ်ရေးရာမဟာဋ္ဌာနမှူး ဒေါက်တာ ကာ့တ်ပေ့ဂျ်က ယုံကြည်ထားပါတယ်။ သူက သူ့ရဲ့ကျောင်းသားတွေနဲ့အတူ ရန်ကုန်မှာ လေထုအရည်အသွေးတိုင်းစက် PurpleAir ၁ဝ ခုလောက်ကို တည်ဆောက်ထားပါတယ်။

PurplrAir စောင့်ကြည့်စက်တွေဟာ လေဆာအာရုံခံကိရိယာတွေကို အသုံးပြုထားပြီး လေထုထဲက PM ပါဝင်မှု ခြားနားချက်တွေကို တိုင်းတာပါတယ်။ ကိရိယာတွေအထဲမှာမြုပ်ထားတဲ့ ဝိုင်ဖိုင်ပါရှိပြီး PurpleAir ဝက်ဘ်ဆိုက်ပေါ် ရမှတ်တွေကို ပြသပေးပါတယ်။ အချက်အလက်တွေကို ပြည်သူတွေ ရယူနိုင်ပါတယ်။

တက္ကသိုလ်က ကျောင်းသားအဖွဲ့ငယ်တစ်ခုဟာ Page ရဲ့ အားပေးမှုနဲ့အတူ လူအသိုင်းအဝိုင်းအတွက် တူညီတဲ့ စိုးရိမ်မှုကနေ အခြေခံပြီး ပေါင်းစည်းကာ ကျောင်းသားအခြေပြုအဖွဲ့တစ်ခုဖြစ်တဲ့ Air Quality Yangon ကိုဖွဲ့စည်းပြီး နိုင်ငံသားသိပ္ပံပညာရှင်တွေအဖြစ် လေထုအရည်အသွေးကို စောင့်ကြည့်ရာမှာ ကူညီကြမှာပါ။

ဒီအဖွဲ့က လေထုညစ်ညမ်းမှုအချက်အလက်တွေကို ရယူပြီး လူထုသိရှိလာအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဟာ ကြီးမားတဲ့စိန်ခေါ်မှုကြီးနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီနှစ်ခုတော့ လေထုအရည်အသွေးစောင့်ကြည့်စက်တွေဟာ မြန်မာနိုင်ငံမှာ အဆင်သင့်မရရှိတာနဲ့ ဈေးကွက်မှာ ရနိုင်တာတွေကလည်း ဈေးကြီးနေပါတယ်။

အဲဒါကြောင့် သူတို့က သူတို့ကိုယ်ပိုင် PM2.5 စောင့်ကြည့်စက်ကိုဖန်တီးပြီး အခြေအနေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီစက်မှာ Arduino ဘုတ်ပြားနဲ့တွဲထားတဲ့ ဖုန်မှုန့်အာရုံခံကိရိယာတစ်ခုနဲ့ ချိန်ဆက်ထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရန်ကုန်ရှိ အမေရိကန်စင်တာမှာပြုလုပ်တဲ့ MakerFest Myanmar ပွဲမှာ ပြသခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ဟာ ပိုပြီးတိကျမှန်ကန်တဲ့ ဒုတိယမြောက် ရှေ့ပြေးပုံစံတစ်ခုကို ပြုလုပ်နေပြီး PurpleAir စောင့်ကြည့်စက်တွေမှာ တွေ့ရတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဒါပေမယ့် ကုန်ကျမှု သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်ပါတယ်။

ရန်ကုန်မှာရရှိနိုင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေသုံးထားပြီး PurpleAir ထက် ခြောက်ဆလောက်သက်သာတဲ့ စောင့်ကြည့်ကိရိယာတစ်ခု ပြုလုပ်နိုင်တယ်လို့ Air Quality Yangon (AQY) အဖွဲ့က မသင်းရတီစုက ပြောပါတယ်။ “ကျွန်မတို့ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဒါကို Code ရေးသားပြီး စံကိုက်ချိန်ညိဖို့ ကြိုးစားရတာ ဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

မော်တော်ယာဉ်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားသော်လည်း လေထုအတွင်းအမှုန်အမွှားများ များပြားနေမှုအတွက် အဓိကရင်းမြစ်မဟုတ်ပေ။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

မော်တော်ယာဉ်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားသော်လည်း လေထုအတွင်းအမှုန်အမွှားများ များပြားနေမှုအတွက် အဓိကရင်းမြစ်မဟုတ်ပေ။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

သူတို့ရဲ့ကိရိယာက စီးပွားရေးလုပ်ငန်းသုံး ထုတ်ကုန်တွေလောက် မတိကျမှာကိုတော့ အဖွဲ့က မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ရဲ့ရည်ရွယ်ချက်က လေထုအရည်အသွေးနဲ့ပတ်သက်ပြီး ပြည်သူကို ယျေဘုယျအားဖြင့် အသိပေးဖို့ဖြစ်လို့ပါ။ “ဒီစီမံကိန်းက ကျွန်မတို့ကို အများကြီးသင်ကြားပေးပါတယ်။ အရင်က စောင့်ကြည်ကိရိယာတွေနဲ့ပတ်သက်တဲ့ အသိနဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ထဲက ဘယ်သူမှ မသိခဲ့ကြပါဘူး။ ကျွန်မတို့ လုပ်ရင်းကိုင်ရင်းနဲ့ပဲ သင်ယူခဲ့ရတာပါ” လို့ တခြားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မနန်းခင်လပြည့်က ပြောပါတယ်။

လေထုအရည်အသွေးနဲ့ ပတ်သက်ပြီး လူထုကို အသိပေးရေးလှုပ်ရှားမှုဟာ ခြေကုတ်တချို့တော့ ရရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ဖန်တီးရာမှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပြီး Connect University က ကျောင်းသူ၊ ကျောင်းသားတွေက လေထုညစ်ညမ်းမှု အချက်အလက်ကောက်ယူရေးဆိုင်ရာ သူတို့ရဲ့ လုပ်ငန်းအကြောင်း မျှဝေခဲ့ပါတယ်။ နောက်ပြီး ဖန်တီးရာရဲ့ အချက်အလက်သိပ္ပံပညာရှင် မစ္စတာဒေါမနစ်ကို ဆန်တစ်စတီဗင်နဲ့ အပြောင်းအလဲဆိုင်ရာ နည်းပညာတွဲဘက် မစ္စတာအဲလက်စ်ဘိဆန်က အချက်အလက်နဲ့ ပတ်သက်လို့ သူတို့ရဲ့ တွေ့ရှိချက်အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဖန်တီးရာဟာ မြန်မာနိုင်ငံက လေထုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးအတွက် ပေါင်းစည်းဖော်ပြမယ့် ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးနေပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ ပထမရည်ရွယ်ချက်က လူမှုအသိုင်းအဝိုင်းအတွက် သတင်းအချက်အလက်တွေကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ထုတ်ပြန်ပေးတဲ့ မြန်ဆန်တဲ့ နေရာတစ်ခု ရှိစေဖို့ဖြစ်တယ်လို့ ဆန်တစ်စတီဗင်က Frontier ကို ပြောပါတယ်။

“ရန်ကုန်ကလူတွေ မျှော်လင့်တာက မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ နောက်ထပ်အချက်အလက်တွေ ရလာတဲ့အခါ ကလစ်တစ်ချက်နှိပ်ရုံနဲ့ လေအရည်အသွေးကို စစ်ဆေးနိုင်စေချင်တာပါ” လို့ သူကပြောပါတယ်။

Air Quality Awareness Week (လေထုအရည်အသွေး သတိပြုမိစေရေးရက်သတ္တပတ်) ရဲ့ ပထမနေ့ဖြစ်တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ရန်ကုန်တစ်ဝိုက် လေထုအရည်အသွေးကို စောင့်ကြည့်စစ်ဆေးမှုလုပ်ကိုင်ဖို့အတွက် Connect University ရဲ့ STEM (science, technology, engineering and math) စီမံကိန်းကို ထောက်ပံ့ကူညီမယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ဖြစ်ပေါ်တိုးတက်မှုတွေကို ရန်ကုန်ဒေသခံတွေ မသိရှိကြသေးပါဘူး။ နောက်ပြီး ရန်ကုန်ရဲ့ လမ်းတွေပေါ်မှာ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ လူအများစု ပြောကြတာက လေထုအရည်အသွေးကို ပုံမှန်ထားရှိပြီး မထိန်းချုပ်နိုင်သရွေ့ အနာဂါတ်အတွက် အကောင်းမြင်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

မီးခိုးစုပ်ကိရိယာတွေကို ကန်တင်းမှာ တင်ဆင်ပြီး လူနေဧရိယာတွေမှာ အမှိုက်မီးရှို့မှုကို ပိတ်ပင်နိုင်ခဲ့ရင် ကျောင်းဝင်းထဲက လေထုအရည်အသွေး တိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ဖို့အတွက် သစ်ပင်တွေ မခုတ်လှဲသင့်ဘဲ အမြစ်ကနေနှုတ်ပြီး တခြားနေရာမှာ ပြန်စိုက်သင့်တယ်လို့ တခြားကျောင်းသားတစ်စုက ပြောပါတယ်။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း အတွက် ဒဏ်ရိုက်တာ၊ ဒါမှမဟုတ် လမ်းပေါ်က ကားအရေအတွက်ကို လျှော့ချဖို့ ပိုကောင်းတဲ့ လူထုသယ်ယူပို့ဆောင်ရေး ရွေးချယ်စရာတွေ ရှာဖွေပေးဖို့နဲ့ တင်းကျပ်တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်တွေ ရှိသင့်တယ်လို့ တခြားသူတွေက ပြောပါတယ်။

ဒါပေမယ့် Page နဲ့ သူ့ရဲ့ကျောင်းသားတွေကလည်း ပိုပြီးခိုင်မာတဲ့ ဖြေရှင်းချက်တွေရဖို့ ကြိုးစားနေပါတယ်။ နှာခေါင်းစည်းတွေက ရနိုင်အောင် လုပ်ဆောင်လို့ရပါတယ်။ အခန်းတွေကိုလည်း လေသန့်ကိရိယာတွေ တပ်ဆင်နိုင်ပါတယ်။အငွေ့အညော်တွေ စွန့်ထုတ်ပေးတဲ့ ပန်ကာတွေကလည်း မီးဖိုထဲက မီးခိုးတွေကို စုပ်ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းက ဝိုင်းဝန်းလုပ်ဆောင်ချက်ကို အခြေခံတဲ့ ရေရှည်ဖြေရှင်းချက်တွေ၊ လေထုအရည်အသွေး အချက်အလက်တွေကို ပြည်သူတွေသိရှိနိုင်မှသာ အသက်ရှူရှိုက်ဖို့အတွက် ရန်ကုန်မြို့ လေထုက ပိုပြီး အန္တရာယ်ကင်းလာမှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar