ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်းစက်ရုံတည်ဆောက်ရန် BASF စီစဉ်နေ

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး အရည်အသွေးမြင့် ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ရန်အတွက် လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ စက်ရုံ တည်ဆောက်သွားရန် BASF က စီစဉ်နေသည်။

“အထပ်မြင့် အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေကို ပိုပြီးဆောက်လုပ်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ ပိုပြီး ခေတ်မှီ အဆင့်မြင့် လာတာနဲ့အမျှ အရည်အသွေးမြင့်မားတဲ့ နည်းပညာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုကုန်ပစ္စည်းတွေ လိုအပ်ချက်ဟာလည်း မြင့်မားလာမှာဖြစ်ပါတယ်” ဟု BASF ၏ အာရှဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ဓာတုကုန်ပစ္စည်းဌာနမှ ခေါင်းဆောင်ဖြစ်သူ Christian Mombaur က ပြောကြားသည်။

နိုင်ငံပေါင်း ၅၀ ကျော်တွင် ထုတ်လုပ်မှုနှင့် အရောင်းဌာနများ ဖွင့်လှစ်ထားသည့် BASF သည် ၎င်း၏ ဝန်ဆောင်မှုရုံးခန်းကို ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ၌ စတင်ဖွင့်လှစ်ခဲ့သည်ဟု ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်အတွင်း BASF က ကွန်ကရိ အထောက်အကူပြု ဓာတုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းစနစ်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများအပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သီလဝါအထူးစီးပွားရေးဇုန်၊ ရဲရွာရေအားလျှပ်စစ်ဆည်၊ မြင်းခြံသံမဏိစက်ရုံတို့လို အဓိက အရေးပါတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦး စီမံကိန်းတွေကို ပံ့ပိုးပေးနိုင်ခဲ့တဲ့ အောင်မြင်မှု မှတ်တမ်းများလည်း ရှိခဲ့ပါတယ်” ဟု Christian Mambaur က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်မည့် ၎င်းတို့၏ စက်ရုံကို ရန်ကုန်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမည့် ပမာဏကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

ထိုစက်ရုံကို BASF ၏ Master Builders Solutions မှ ရရှိနိုင်သော ကုန်ပစ္စည်း အမျိုးအစားများအပေါ် အခြေခံ၍ ဝယ်ယူသူ စိတ်တိုင်းကျ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုကုန်ပစ္စည်းများ ရောစပ်ထုတ်လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်ဟု ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar