အူရီဒူးမြန်မာ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီအခြေခံအဆာက်အဦးများအား ဆိုင်ဘာခြိမ်းခြောက်မှုမှ ကာကွယ်ရန်အတွက် နိုကီယာ၏ အလုံးစုံလုံခြုံရေးဝန်ဆောင်မှုများအား အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်သည်။
အဖက်ဖက်မှ လုံခြုံမှုအပြည့်အဝရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဝန်ဆောင်မှုများကို နိုကီယာမှ ပံ့ပိုးပေးမည်ဖြစ်ရာ ဆိုင်ဘာတိုက်ခိုက်မှုမှ တားဆီးရန်နှင့် တုံ့ပြန်ရန်အတွက်ဆောင်ရွက်ချက်များကို နိုကီယာ လုံခြုံမှုဆိုင်ရာ စီမံဆောင်ရွက်ရေးဌာနမှ ထိန်းချုပ် စောင့်ကြည့်ဆောင်ရွက်မည်ဟု သိရသည်။
“ကျွန်တော်တို့ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းရမယ့် ထိရှလွယ်တဲ့ သတင်းအချက်အလက်များနဲ့ ပုဂ္ဂိလ်ရေး အချက်အလက်တွေ ကျွန်တော်တို့ ကွန်ယက်ပေါ်မှာ များပြားစွာရှိနေပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဗစ်ခရမ် ဆင်ဟာက ပြောကြားသည်။
“နိုကီယာက ကျွန်တော်တို့ ကွန်ယက်၏ လုံခြုံမှုကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ခြင်းနဲ့ မည်သည့် ချိုးဖောက် နှောက်ယှက်မှုမျိုးကိုမဆို နောက်ဆုံးပေါ် ခေတ်မီ နည်းစနစ်တွေနဲ့ အသုံးပြု ကာကာကွယ်နိုင်ခြင်းကြောင့် ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
Nokia ၏ လုပ်ငန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲရေးဝန်ဆောင်မှုဌာနကြီးမှူး ဖရက်ဒရစ် ထရာဝိုဂါကလည်း ဆက်သွယ်ရေး ကွန်ယက်များ အဆင့်မြင့်လာခြင်းနှင့်အတူ လုံခြုံရေးချိုးဖောက်မှုအပိုင်းတွင်လည်း အန္တရာယ်အသစ်များ တိုးပွားလာနေသည်ဟု ပြောကြားသည်။
“အူရီဒူးနှင့် ၎င်း၏မိတ်ဖက် ဖောက်သည်များအားလုံး ဆိုင်ဘာတိုက်ခိုက်ခံရခြင်း မဖြစ်စေရန် ဆောင်ရွက်ပါမယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက မိုဘိုင်းအော်ပရေတာများထဲမှ တစ်ခုဖြစ်သည့် အူရီဒူးမြန်မာ၏ ဝန်ဆောင်မှုကို အသုံးပြုနေသူ ကိုးသန်းကျော်ရှိကြောင်း အူရီဒူးမြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။